စီးပွားရေး

တောင်ကိုရီးယား - မြန်မာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ် အသက်ဝင်ပြီ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ဆဌမမြောက် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည့် တောင်ကိုရီးယား နိုင်ငံ နှင့် မြန်မာကြား ရင်းနှီး မြှုပ်နှံမှု အကာအကွယ် ပေးရေး စာချုပ် အသက်ဝင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် (MIC) အတွင်း ရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါ စာချုပ်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ စကာ ညှိနှိုင်းမှု လေးကြိမ်ခန့် ပြုလုပ်ပြီးနောက် ၂၀၁၄ ခုနှစ် ဇွန်လတွင် နှစ်နိုင်ငံ လက်မှတ် ရေးထိုးထားခြင်း ဖြစ်သည်ဟု သိရသည်။

MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက“ဒီကြားထဲမှာစာချုပ်က အသက်မဝင်သေးဘူး။ လုပ်စရာရှိတာတွေ ပေါ်လာတဲ့ အခါမှာ အသေးစိတ် ထပ်မံညိုနှိုင်းပြီးတော့မှ ဒီနှစ် အောက်တိုဘာလ ၃၁ ရက်မှာ စပြီးတော့ စာချုပ်က အသက်ဝင် သွား ပြီ။ အဲဒီတော့ မြန်မာနိုင်ငံသားတွေ ကိုရီးယား သွားလုပ်ရင်လည်း ဒီစာချုပ်က အကူအညီပေးမှာ ဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံမှု လုပ်တဲ့အခါမှာလည်း ဒီစာချုပ်က အကာအကွယ်ပေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်း ထားသော်လည်း ပြဋ္ဌာန်းချက်များနှင့် ပတ်သက် ၍ အသေးစိတ် အချက်အလက်များ မပါရှိသည့်အတွက် ယင်းကဲ့သို့ စာချုပ်များ ထပ်မံချုပ်ဆိုခြင်းလည်း ဖြစ်သည်ဟု ဆို သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု အကာအကွယ် ပေးရေး စာချုပ်တွင် ရင်းနှီးမြှုပ်နှံသူများအား မည်ကဲ့သို့ အကာအကွယ်ပေးမည်၊ အဆင်မပြေမှုများ ရှိပါက မည်သည့်နည်းလမ်းဖြင့် မည်သို့ ဖြေရှင်းပေးမည်၊ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များအား တဖက်နှင့် တဖက် မည်သို့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရမည်၊ ဆုံးရှုံးနစ်နာမှုများ ရှိပါက မည်ကဲ့သို့ လုပ်ဆောင်ပေးမည် စသည့် အချက်များကို ထည့်သွင်းထားသည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် MIC အနေဖြင့် ခွင့်ပြုပြီး လုပ်ငန်းတခုအား အများပြည်သူ အကျိုးကြောင့်သာ အစိုးရက သိမ်းမည်၊ အများပြည်သူအကျိုးနှင့် မသက်ဆိုင်လျှင် မသိမ်းယူ၊ သိမ်းဆည်းမည် ဆိုပါက လျော်ကြေး ပေးမည်ဟု ဖော်ပြ ထားသည်။

ယခု နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်တွင်မူ အများပြည်သူ အကျိုးကြောင့် သိမ်းသည်ဟု ဆို သည့် အချက်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို ထည့်သွင်းထားသည့် အတွက် လာရောက် ရင်းနှီး မြှုပ်နှံသူ များကို ပိုမို အကာအကွယ် ဖြစ်စေမည်ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။
ထို့ပြင် ယင်းသို့ ချုပ်ဆိုခြင်းမှာ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုအား အထောက်အကူပြုရေးနှင့် ရင်းနှီးမြှုပ်နှံသူများ အချင်းချင်း ယုံကြည်မှုရှိ၍ လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟု MIC က ဆိုသည်။

မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ် ချုပ်ဆိုထားသည့် အခြားနိုင်ငံများမှာ ဖိလစ်ပိုင်၊ ဗီယက် နမ်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ လာအိုနှင့် ကူဝိတ်တို့ ဖြစ်ပြီး စာချုပ် ချုပ်ဆိုရန်အတွက် ဟောင်ကောင်၊ ဘင်္ဂလား ဒေ့ရှ်၊ မွန်ဂိုလီးယား၊ ရုရှား၊ ဆားဗီးယားနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့်လည်း ညှိနှိုင်းနေကြောင်း သိရသည်။

ဦးအောင်နိုင်ဦးက“ရင်းနှီးမြှုပ်နှံသူတွေက စိတ်ချလက်ချ သွားပြီး လုပ်နိုင်မယ်။ ဒီလို လုပ်ခြင်းအားဖြင့် သူ့ဆီကလည်း ကိုယ့်ဆီကို ပိုပြီး ရင်းနှီးမြှုပ်နှံနိုင်မယ်။ နှစ်နိုင်ငံအကျိုးရှိအောင် အဲဒီသဘောမျိုး ချုပ်တာဖြစ်တယ်။ လက်မှတ်ထိုးထား တဲ့ နိုင်ငံတွေ ရှိသလို၊ ညိုနှိုင်းဆဲနဲ့ ညိုနှိုင်းပြီးတော့မှ ရပ်သွားတဲ့ နိုင်ငံတွေလည်း ရှိတယ်”ဟု ပြောသည်။

ယင်းသို့ စာချုပ်များ ချုပ်ဆိုခြင်းမှာ နိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ပိုမို ယုံကြည်စိတ်ချမှု တိုးလာ စေသော်လည်း စာချုပ်ပါ အချက်အလက်များမှာ ပြဋ္ဌာန်းထားပြီး ဥပဒေများနှင့် ကွဲလွဲခြင်းမျိုး မရှိသင့်ကြောင်း လည်း သုံးသပ်မှုများ ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို စီးပွားရေး ကော်မတီဝင် ဦးရဲမင်းဦးက“တည်ဆဲ ဥပဒေနဲ့ ပိုဆိုင်တယ်။ တည်ဆဲ ဥပဒေ ဆိုတာ လက်ရှိဆိုရင် ကုမ္ပဏီဥပဒေ အသစ်ရှိတယ်။ မြန်မာနိုင်ငံမှာကို ရှိတဲ့ အခြားသော ဥပဒေ တွေ ရှိတယ်။ ဒီဥပဒေတွေအရ နိုင်ငံသားကဲ့သို့ သူတို့ကိုလည်း အကာအကွယ် ပေးမယ်ဆိုတဲ့ သဘောမျိုးပဲ”ဟု ဧရာဝတီ သို့ ပြောသည်။

၎င်းက ဆက်လက်ပြီး“တည်ဆဲဥပဒေကိုတော့ ကျော်ပြီး အာမခံ ပေးလို့မရဘူး။ အဓိပ္ပာယ်က နိုင်ငံခြားသား တယောက် ကို မြန်မာနိုင်ငံမှာ ဘဏ်ဖွင့်ခွင့် မပေးဘူး။ ဥပဒေမှာ မပါဘူး။ နိုင်ငံခြားဘဏ် မြန်မာပြည်မှာ လာဖွင့်လို့ရ တယ်။ အဲဒါ ကြောင့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ် ပေးရေး စာချုပ် ချုပ်ဆိုထားလို့ ကိုရီးယား နိုင်ငံသား လုပ်မယ်ဆို မရဘူး”ဟု ပြောဆိုသည်။

တောင်ကိုရီးယား နိုင်ငံသည် မြန်မာ နိုင်ငံတွင် ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ လယ်ယာ စိုက်ပျိုးရေး၊ စက်မှုဇုန်နှင့် အခြား ကဏ္ဍများရှိ လုပ်ငန်းပေါင်း ၁၆၄ ခု အတွက် အမေရိကန် ဒေါ်လာ ၃၈၈၆ ဒသမ ၄၂၆ သန်း ရင်းနှီးမြှုပ်နှံထားသည်ဟု MIC ကိန်းဂဏန်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading