ပတ်ဝန်းကျင်နှင့် လူထုအတွက် အန္တရာယ်ဖြစ်စေနိုင်သော စက်သုံးဆီဆိုင်များအား ပြုပြင်မွမ်းမံ တည်ဆောက်ခြင်း မပြုပါက ၂၀၁၉ ခုနှစ် နောက်ပိုင်း သက်တမ်း တိုးပေးတော့မည် မဟုတ်ကြောင်း မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ် ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်က ပြောသည်။
လူနေအိမ်များနှင့် တွဲဖွင့်ထားသည့် စက်သုံးဆီဆိုင်များ၊ ခေတ်နှင့် လျော်ညီမှု မရှိတော့သည့် စက်သုံးဆီဆိုင်များကို ပြုပြင်မွမ်းမံ တည်ဆောက်ရေး အတွက် ယခုလအတွင်း စာပေးပို့ အကြောင်းကြားရန် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန က စီစဉ်ထားပြီး ဖြစ်သည်ဟုလည်း နိုဝင်ဘာလ ၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဝန်ကြီးဌာန လစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထည့်သွင်း ပြောဆိုထားသည်။
ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်စင်က“ဆိုင်တွေကို အခု နိုဝင်ဘာကစပြီး အကြောင်းကြားမယ်။ ပြင်တဲ့ဆိုင်တွေကို လိုင်စင်သက်တမ်း တိုးမြှင့်ပေးဖို့ စဉ်းစားပေးမယ်။ အကယ်၍ မပြင်ဘူးဆိုရင် လိုင်စင်သက်တမ်း တိုးမပေးတော့ပါဘူး” ဟု ပြောသည်။
တနိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂,၃၅၆ ဆိုင်ရှိ၍ အန္တရာယ်ရှိကာ ခေတ်နှင့် မလျော်ညီသည့် ဆိုင် အရေအတွက်မှာ ဆယ်ဂဏန်းဝန်းကျင် တွေ့နေရပြီး အရေအတွက်ကို ဆက်လက် စိစစ်နေကြောင်း၊ ဝန်ကြီးဌာန တားမြစ်ချက်ကို ဖောက်ဖျက်ပါကလည်း ၂၀၁၇ ခုနှစ် သြဂုတ်လက ထုတ်ပြန်ခဲ့သည့် ရေနံနှင့် ရေနံထွက် ပစ္စည်း ဆိုင်ရာ ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“လိုင်စင်မယူဘဲ လုပ်လို့ မရဘူးလို့ ပြောထားတယ်။ အဲဒါကို ဖောက်ဖျက်ခဲ့ရင် ပုဒ်မ ၃၇ နဲ့ အရေးယူမယ်။ ထောင်ဒဏ်၊ ငွေဒဏ် နှစ်မျိုးလုံး ဖြစ်စေ၊ လိုအပ်လာရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် ပစ္စည်းပါသိမ်းတဲ့အဆင့်ထိ အရေးယူဖို့ ပြဌာန်း ထုတ်ပြန် ထားတာ ရှိတယ်”ဟု ဦးသန့်စင်က ဆိုသည်။
အဆိုပါ ဥပဒေ ပုဒ်မ ၃၀ တွင် လိုင်စင်ရယူရန် လိုအပ်သည့် လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှု တခုခုကို သက်ဆိုင်ရာ လိုင်စင်မရရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရဟု ပါရှိပြီး ချိုးဖောက်ပါက တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည့် အပြင် ပြစ်မှု ကျူးလွန်ခြင်းနှင့် သက်ဆိုင်သော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဟု ပုဒ်မ ၃၇ တွင် ပြဋ္ဌာန်းထားသည်။
ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များမှာ ဆိုင်တည်ဆောက်ရန် အတွက် မြေနေရာ ရှာဖွေရာတွင် ယာဉ်အသုံးပြုမှု များသည့် နေရာများကို အဓိကထား ရခြင်းနှင့် ပတ်ဝန်းကျင် ထောက်ခံချက် ရယူရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်း ဆီဆိုင် လုပ်ငန်းရှင်များ ဘက်မှ သိရသည်။
မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်က“စက်သုံးဆီ တဆိုင် ဖွင့်မယ်ဆိုရင် လိုက်နာရမည့် အချက်တွေရှိတယ်။ မီးသတ်ဆေးဘူး ထားရမယ်။ စက်သုံးဆီကန်ရဲ့ အရွယ်အစားက ဘယ်လောက် ကျယ်ဝန်းရမယ် အစရှိတာတွေကို လိုက်နာရင်တော့ လိုင်စင်ထုတ်ပေးမှာပါ”ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတွင် တရားဝင် ဖွင့်ထားသည့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များအပြင် ယာဉ်အသွားအလာများသည့် လမ်းများဘေးနှင့် လူနေရပ်ကွက်များအတွင်း တရားမဝင် ဆီသိုလှောင်ကာ ရောင်းချနေသည့် တနိုင်တပိုင် စက်သုံးဆီ အရောင်းဆိုင်များလည်း ရှိသည်။
နေပြည်တော် သပြေကုန်းဈေး အနီးတွင် တရားမဝင် စက်သုံးဆီ ရောင်းချနေသည့် အသက် ၄၀ အရွယ်ရှိ အမျိုးသမီး တဦးက“တနေကုန် ရောင်းရင်တော့ ဘူး ၃၀၊ ၄၀ လောက်ကုန်တဲ့ ရက်လည်း ရှိတယ်။ အမြတ်ငွေက နေ့စားတော့ မက ဘူးပေါ့။ ဒီအတိုင်း ရောင်းရတာ ဆိုတော့ စည်ပင်ကလာတဲ့ ရက်တွေဆို မရောင်းရဲဘူး”ဟု ဧရာဝတီကို ပြောပြသည်။