စီးပွားရေး

နယ်စပ်မှ ထားဝယ် SEZ အထိ အဝေးပြေးလမ်းကို ထိုင်းနှင့်မြန်မာ ပူးတွဲ အဆင့်မြှင့်မည်

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာ နယ်စပ်ရှိ ရေနက်ဆိပ်ကမ်းပါရှိသော အမေရိကန်ဒေါ်လာ ၈ ဘီလျံကုန်ကျမည့် စီမံကိန်းဖြစ်သည့် ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) အထိ ဆက်သွယ်သည့် လမ်းကို ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပူးတွဲ အဆင့်မြှင့်တင်ရန် သဘောတူညီချက်ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။

ထိုစီမံကိန်းသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် တည်ရှိပြီး အရှေ့တောင်အာရှ၏ အကြီးမားဆုံး စက်မှုနယ်မြေ ဖြစ်လာမည်ဟု သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သော ဆွေးနွေးချက်မှတ်တမ်း (ROD) အရ ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ထိုနှစ်လမ်းသွားလမ်းကို အဆင့်မြှင့်တင်ရန် ပြင်ဆင်သည့်အနေဖြင့် လေ့လာမှုပြုလုပ်ရန်နှင့် ဒီဇိုင်း လုပ်ငန်းများကို လုပ်ကိုင်ရန် ထိုင်းနိုင်ငံ၏ အိမ်းနီးချင်းနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဌာန (NEDA) ကို ခွင့်ပြုမည်ဖြစ်သည်။

ထိုလမ်းကြောင်းသည် ထီးခီးနယ်စပ်စခန်းမှ ထားဝယ် အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည် ဖြစ်သည်။

ထိုင်းနိုင်ငံက လေ့လာမှုနှင့် လမ်းဒီဇိုင်းအတွက် နည်းပညာ အကူအညီပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဦးဟန်ဇော်က ပြောသည်။ ယင်း စီမံကိန်းသည် ၈ လခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ထိုလမ်းစီမံကိန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ကုန်များ တိုက်ရိုက်တင်ပို့ခြင်းနှင့် နှစ်နိုင်ငံအကြား ခရီးသွားလာမှုကို မြှင့်တင်ပေးခြင်းတို့ဖြင့် တနင်္သာရီတိုင်း စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုမည်ဟု ဦးဟန်ဇော်က ဆိုသည်။

ငါးဖမ်းလုပ်ငန်းသည် တနင်္သာရီ ကမ်းရိုးတမ်းတွင် အဓိက စီးပွားရေးလုပ်ငန်းဖြစ်ပြီး ပင်လယ်စာ အများစုကို ထိုင်းနိုင်ငံသို့ တင်ပို့လျှက်ရှိသည်။

လမ်းအဆင့်မြှင့်တင်ခြင်းကို အမြန်ဆုံး လုပ်ဆောင်နိုင်ရန် NEDA သည် လေ့လာမှုနှင့်ဒီဇိုင်းကာလကို အရှိန် မြှင့်တင်သွားမည်ဟု ထိုဌာန ဥက္ကဋ္ဌ ပါရမ်းဗတ်သီတော်နက်တီရက် က ပြောသည်။

NEDA မှ အတိုးနှုန်းနိမ့် ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ သန်း (၂၂၀.၅ ဘီလျံကျပ်) ရယူရန် ပြည်ထောင်စု လွှတ်တော်က ဆောက်လုပ်ရေး ဝန်ကြီးဌာနကို မတ်လက ခွင့်ပြုခဲ့သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ထိုလမ်းအတွက် တိုင်းတာမှုများ ပြုလုပ်ရန် ၂၀၁၅ ခုနှစ်ကပင် ထိုင်းနိုင်ငံမှ အဝေးပြေးလမ်းများ ဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသည်။

ထို အဝေးပြေးလမ်း အဆင့်မြှင့်တင်ခြင်းသည် ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ကုန်ကြမ်း ပစ္စည်းများ ပို့ဆောင်ရာတွင် အထောက်အကူ ပြုလိမ့်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက မတ်လတွင် လွှတ်တော်သို့ ပြောခဲ့သည်။

အထူးစီးပွားရေးဇုန် တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်က အီတာလျံ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီ (ITD) ကို ၇၅ နှစ် လုပ်ကိုင်ခွင့် ပေးခဲ့သည်။ စတုရန်းကီလိုမီတာ ၂၅၀ ကျယ်သော ထိုစီမံကိန်းသည် သင်္ဘောသွားလာမှု များပြီး ကုန်စည်တင်ပို့ရန် မလက္ကာရေလက်ကြားကို အားကိုးနေရသည့် လုပ်ငန်းများ အတွက် စီးပွားရေး အခွင့်အလမ်း ဖြစ်နိုင်သည်။

စီမံကိန်းတွင် အဆင့်မြင့် နည်းပညာသုံး စက်မှုဇုန်များ၊ သတင်းနှင့်နည်းပညာ ဇုန်များ၊ ပို့ကုန်ပြုပြင် ပြင်ဆင်သည့် စက်မှုဇုန်များ၊ ဆိပ်ကမ်းဇုန်များ၊ ဝန်ဆောင်မှု စီးပွားရေးဇုန်များနှင့် တခြား အခြေခံ အဆောက်အအုံ စီမံကိန်းများ ပါဝင်သည်။

ITD သည် ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ၂၀၁၃ ခုနှစ်တွင် သဘောတူညီချက်ကို ရုတ်သိမ်းခဲ့သော်လည်း နောက်နှစ်နှစ် ကြာသောအခါ ထိုင်းနှင့်မြန်မာနိုင်ငံတို့သည် အခြေခံ အဆောက်အအုံ စီမံကိန်း စတင် လုပ်ဆောင်ရန် ITD နှင့် တခြား ဆက်စပ်ကုမ္ပဏီများကို ခွင့်ပြုထားသော မူလ သဘောတူညီချက်ကို ပြန်လည် အသက်သွင်းခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၏ အဆိုအရ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဌာန (JICA) သည် လျှပ်စစ်ဓာတ်အားလိုင်း၊ အခြေခံ အဆောက်အအုံများနှင့် အဆောက်အဦများ အပါအဝင် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လေ့လာမှုများ ပြုလုပ်နေသည်ဟု သိရသည်။

( Myanmar, Thailand to Jointly Upgrade Highway from Border to Dawei SEZ  ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading