ရန်ကုန်နှင့် မန္တလေး ဆက်သွယ်သည့် ရထားလမ်းကို ဂျပန်နိုင်ငံက အဆင့်မြှင့်တင်မည်ဖြစ်သည်။
ကီလိုမီတာ ၆၂၀ ရှည်သည့် ထိုရထားလမ်း အဆင့်မြှင့်တင်ခြင်းကို လာမည့် အပတ်တွင် စတင်မည်ဖြစ်သည်။
ထိုတောင်မြောက်ဆက်သွယ်သည့် ရထားလမ်းကို အဆင့်မြှင့်တင်ပြီးလျှင် ခရီးကြာချိန် ၁၅ နာရီကို ၇ နာရီသို့လျှော့ချနိုင်ပြီး ခရီးသည်နှင့် ကုန်စည် စီးဆင်းမှုကို မြန်ဆန်စေမည်ဖြစ်သည်။
ရခိုင်အကျပ်အတည်းကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာပြစ်တင်ဝေဖန်မှုမြင့်မားနေစဉ် ဂျပန်၏ ထောက်ခံမှုမှာ စစ်အစိုးရခေတ်ကကဲ့သို့ တရုတ်လက်အတွင်း ကျရောက်မည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများကို အပြည့်အဝထောက်ခံမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အောက်တိုဘာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ကတိပြုခဲ့သည်။ ငါးနှစ်အတွင်း အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများဖြင့် ယန်း ဘီလီယံ ၈၀၀ ( ဒေါ်လာ ၇.၀၃ ဘီလီယံ) ကူညီရန် လွန်ခဲ့သော နှစ်နှစ်က ကြေညာခဲ့သော စီမံကိန်းများ မှန်မှန် တိုးတက်လာသည်ဟုလည်း ဂျပန်ဝန်ကြီးချုပ်က ပြောသည်။
ထိုစီမံကိန်းများတွင် ရန်ကုန်မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးအတွက် ယန်း ဘီလီယံ ၂၆၀ အပါအဝင် သင်္ဘောနှင့် လျှပ်စစ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးတို့ပါဝင်သည်။
ဂျပန်နိုင်ငံသည် ရန်ကုန်နှင့်မန္တလေးအကြား ဧရာဝတီ မြစ်ကြောင်းလမ်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လေ့လာနေသည်။ သင်္ဘေဆိပ်တခုနှင့် ကုန်တင်ကုန်ချကရိန်းအပါအဝင် မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရန် ယန်း ၆ ဘီလျှံကူညီမည်ဟု ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက လွန်ခဲ့သောလက လက်မှတ်ရေးထိုးခဲ့သည်။ ဂျပန်သည် ရန်ကုန်မြို့ပြင်ရှိ သီလဝါ အထူးစီးပွားရေးဇုန်ကိုလည်း ကူညီနေသည်။
ကိုးကား ။ ။ Nikkei Asian Review