နိုင်ငံတွင်း လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွင် မဟာဗျူဟာ ကျသည့် မန္တလေးတိုင်းအား နိုင်ငံ့စီးပွားရေး မောင်းနှင် အား ၏ ဒုတိယ အင်ဂျင်ဖြစ်ရန် မျှော်မှန်းထားကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
မန္တလေးမြို့ Convention Center တွင် နိုဝင်ဘာလ ၉ ရက် ပြုလုပ်သည့် မန္တလေးစီးပွားရေးဖိုရမ် ၂၀၁၈ အတွက် အဖွင့် မိန့်ခွန်း ပြောဆိုရာတွင် ယင်းသို့ ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က“ရန်ကုန်က Mega City ဖြစ်သလို နိင်ငံ့စီးပွားရေး အတွက် အင်ဂျင်တခု လည်း ဖြစ်တယ်။ မန္တလေးဟာလည်း တရုတ်-အိန္ဒိယကို ဆက်သွယ်နေတဲ့ လမ်းကြောင်း ဗဟိုချက်ပေါ်မှာ ရှိတဲ့ အတွက် အနာဂတ် စီးပွားရေးမှာ ဒုတိယ အင်ဂျင်ကြီး ဖြစ်လာနိုင်ပါတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး“လက်ရှိ နိုင်ငံမှာ အကောင်အထည် ဖော်နေတဲ့ စီးပွားရေး စကြံ လမ်းတွေက မန္တလေးမြို့ကို မဖြတ် လို့ ကို မရပါဘူး။ ဒီလိုပဲ အင်အားကြီးနိုင်ငံ ၂ ခုကြားမှာ ရှိတဲ့အတွက် စိန်ခေါ်မှုတွေလည်း ရှိသလို အဲဒီကြားက အခွင့် အလမ်း တွေကိုလည်း မိမိရရ ဆုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ အဲဒီ အခွင့်အလမ်းတွေကနေ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်း အတွက် အကျိုးရှိအောင် ဖန်တီးကြိုးစားမယ် ဆိုရင် ကျနော်တို့ ထိပ်ဆုံး ရောက်နိုင်ပါတယ်”ဟု ဆိုသည်။
အဆိုပါ စီးပွားရေး ဖိုရမ်ကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက် အထိ ပြုလုပ်သွားမည်ဟု သိရသည်။
ဖိုရမ် ပြုလုပ်ရခြင်းသည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အစိုးရ ဘက်ကလည်း ဥပဒေဆိုင်ရာ လိုအပ်ချက်များကို ပြုပြင်ပြောင်းလဲနေပြီး ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များကို အကာအကွယ် ပေးထားသည့် အချက်များလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း ကလည်း ပြောသည်။
မန္တလေးတိုင်းတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာ အကောင်းဆုံး ကဏ္ဍများမှာ အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်း (SME)၊ စိုက်ပျိုးရေးနှင့် ခရီးသွားကဏ္ဍ တို့ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ်က ဖိုရမ်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။
မြို့ခံ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ ဦးဝင်းဌေးက“အခုလို ဖိုရမ်တွေကျင်းပပေးတာ ကိုယ့်တိုင်းအတွက်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့်သူ အတွက် ဒီမှာ ဘယ်လိုရေခံမြေခံတွေ ရှိတယ်ဆိုတာ ခေါ်ပြတဲ့ သဘောပါပဲ။ များများ လုပ်ပေးရင် အကျိုးရှိသလို ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် အစိုးရက ကောင်းကောင်း စီမံခန့်ခွဲနိုင်ရင် တိုင်းပြည်စီးပွားရေးက အခြေအနေ ပြန်ကောင်းလာမှာပါ”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် မန္တလေး – မူဆယ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းလုပ်ငန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ နားလည်မှု စာချွန်လွှာကို အောက်တိုဘာလ ၂၁ ရက်က လက်မှတ် ရေးထိုး ထားသည်။
ယင်းစီမံကိန်း အကောင်အထည် ပေါ်ပါက မန္တလေးသည် ပိုမိုအရေးပါသည့် ဒေသတခု ဖြစ်လာမည်ဟု သုံးသပ်မှုများ လည်း ရှိသည်။
တရုတ်ပြည် ပေါက်ရှန်း ပြည်နယ်ခွဲ ကုန်သည်များ အသင်း (မန္တလေး) မှ တာဝန်ခံ ဦးကြည်မြင့်က“တရုတ်ပြည်နဲ့ဆို မန္တလေးက လမ်းပန်း ဆက်သွယ်ရေးအရ အဆင်ပြေတဲ့ အတွက် တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက မျက်စိကျတာ ဖြစ်တယ်။ ဒါပေမယ့် လျှပ်စစ်မီး ရရှိမှု၊ မြေယာကိစ္စတွေ၊ ကျွမ်းကျင်လုပ်သား ရရှိနိုင်မှု အခက်အခဲတွေက ရင်းနှီးမြှုပ်နှံ သူတွေ အတွက် အဓိကပြဿနာလို့ မြင်စေတယ်”ဟု ဆိုသည်။
မန္တလေးတိုင်းတွင် ၂၀၁၈ ခုနှစ် နှစ်စမှ စက်တင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်မှု ၆ ခု (ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၅ သန်းကျော်) နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၂ ခု (ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၃၀ ဘီလီယံ) ခွင့်ပြု ထားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆ ခုမှ လုပ်ငန်းပေါင်း ၇၀ နီးပါး မန္တလေး တိုင်းဒေသကြီး အတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပြီး ပမာဏအားဖြင့် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ရှိသည်ဟု ဆိုသည်။
ဆက်စပ် ဖတ်ရှုရန် – မႏၲေလး-မူဆယ် ရထားလမ်း တည်ဆောက်ရေး လေ့လာရန် တရုတ်နှင့်မြန်မာ သဘောတူ