နိုင်ငံခြား ဘဏ်များ ခွင့်ပြုမှု ချေးငွေ အဆင်ပြေရန် လုပ်ငန်းရှင်များ မျှော်လင့်
နိုင်ငံခြား ဘဏ်ခွဲများအား ပြည်တွင်းစီးပွားရေး လုပ်ငန်းများထံ ငွေချေးခွင့်နှင့် ဘဏ်ဝန်ဆောင်မှုများ လုပ်ခွင့်ပြုလိုက် သည့်အတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေရယူနိုင်ရန် ပြည်တွင်း လုပ်ငန်းရှင်များက မျှော်လင့်နေကြကြောင်း သိရှိရသည်။
မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်နှင့် ဘဏ်ခွဲများအား ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု တိုးချဲ့ခွင့်ပြုကြောင်း နိုဝင်ဘာလ ၈ ရက်က ညွှန်ကြားစာ ထုတ်ပြန်ထားသည်။
ညွှန်ကြားစာတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ဘဏ္ဍာငွေရရှိနိုင်သည့် အခွင့်အရေး ပိုမိုရရှိစေရန် ရည်ရွယ်၍ နိုင်ငံ ခြား ဘဏ်ခွဲများအား ပြည်တွင်း ဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းများသို့ မည်သည့်ချေးငွေ ဖြည့်ဆည်း မှုကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း ပါရှိသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေးက “အရင်းအနှီး ပေးနိုင်မယ့်ဟာက ပြည်တွင်း SMIDB (အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံဖြိုးရေး) ဘဏ်တို့၊ အသေးစား အလတ်စား ဘဏ်တို့ ဆိုတာကလည်း ရတဲ့သူ ရပေမယ့် မရတဲ့သူမရတော့ တော်တော်များများက သူတို့ တီထွင်ကြံဆမှု အိပ်မက် တွေကို အကောင်အထည် မဖော်နိုင်ဘူး။ လုပ်ငန်းရှင် တော်တော်များများက အပေါင်လည်း မပေးနိုင်ဘူးဆိုတော့ ရဖို့ ခက် တော့ ပြည်ပဘဏ်တွေကို လုပ်ခွင့်ပေးလိုက်တဲ့အတွက် အသက်ရှုပေါက် ရသွားမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
နိုင်ငံခြားဘဏ်ခွဲများအား ဝန်ဆောင်မှု တိုးချဲ့လုပ်ဆောင်ခွင့်ပြုလိုက်ခြင်းမှာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအတွက် ပိုမို ကောင်းမွန်လာမည်ဖြစ်သော်လည်း ချေးငွေကိစ္စရပ်အတွက် ထားရှိမည့် ဘဏ်စည်းကမ်းနှင့် အတိုးနှုန်း သတ်မှတ် မှု ကိုမူ စောင့်ကြည့်ရဦးမည်ဟု သုံးသပ်မှုများလည်း ရှိသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က“လုပ်ငန်းရှင်တွေ ကတော့ ငွေချေးတဲ့ အခွင့်အလမ်းကို မြန်မြန်လိုချင်တယ်။ ဖြစ်နိုင်ရင် အတိုးနှုန်းကို လျှော့လိုချင်တယ်။ အခု အတိုးနှုန်း တွေက SMEs (အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ) လုပ်ငန်းရှင်တွေ အတွက် တော်တော်များ တယ်။ ဘဏ်တိုးမပြောနဲ့၊ အဲဒီလောက်မြတ်ဖို့ လွယ်တဲ့အလုပ်မဟုတ်ဘူး။ တကယ် လုပ်ငန်းရှင်တွေ အတွက်က များ နေ သေးတယ်။ ၅ ရာခိုင်နှုန်းကိုပဲ မျှော်လင့်တယ်ဆိုတာ ပြောထားပြီးသားပါ။ နိုင်ငံခြား ဘဏ်ခွဲတွေက ဘယ်လိုလာ မလဲ မသိသေးဘူး”ဟု ဆိုသည်။
ဦးမောင်မောင်လေး ကလည်း“သူတို့လည်း ကန့်သတ်ချက်တွေ ရှိမယ်။ မြန်မာ လုပ်ငန်းရှင်တွေကလည်း စာရင်းဇယား တွေ ထားပြီး သေသေချာချာ တင်ပြနိုင်မှ ရမှာပေါ့။ သူတို့လိုချင်တဲ့ စံချိန်စံညွန်းအတိုင်း ငွေစာရင်းကို စနစ်တကျ ထား တတ်မယ် ဆိုရင် ချေးမှာပေါ့”ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်းလုပ်ငန်းရှင်များအား ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးပေးနေသည့် အတိုးနှုန်းမှာ တဘဏ်နှင့် တဘဏ် မတူညီသော်လည်း ၁၀ ရာခိုင်နှုန်း အထက်တွင်သာ ရှိသည်။
နိုင်ငံခြားဘဏ်များအား ဘဏ်ဝန်ဆောင်မှု တိုးချဲ့လုပ်ကိုင်ခွင့် ပေးခြင်းမှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ငွေ ပမာဏ များစွာလိုအပ်သည့် Project Loan စီမံကိန်းချေးငွေ လိုသူများအတွက် ပိုမိုကောင်းမွန်ပြီး အများထင်သကဲ့သို့ အလွယ်တကူ ချေးငွေ ရရှိနိုင်မည်ဟု မထင်မှတ်ထားသင့်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။
ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဒေါက်တာ စိုးထွန်းက “ချေးငွေဆိုတာ လူတွေက ဘဏ်တွေမှာ ငွေချေး တာကို ပြေးမြင်နေတာ။ အဲဒါတော့ ရမှာမဟုတ်ဘူး။ Trade financing (ကုန်သွယ်ရေးငွေကြေးကဏ္ဍ) ဆိုတာ အဲဒီလို မဟုတ်ဘူး။ LC (Letter of Credit) တို့ကို အပေါင်ထားပြီး ချေးတဲ့ပုံစံမျိုး။ အဓိကကတော့ ပို့ကုန်သွင်းကုန် လုပ်ငန်း တွေ ပိုအဆင်ပြေမယ်”ဟု ပြောသည်။
Letter of Credit ဆိုသည်မှာ ဘဏ်တခုနှင့် တခု အချက်အလက်ပြည့်စုံလျှင် ငွေလွှဲတန်ဖိုးအရ ပေးချေရန် ကတိ ကဝတ် ပြုသည့် ငွေလွှဲစာတမ်းဖြစ်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများတွင် ငွေပေးငွေယူကိစ္စများအား ဘဏ်မှတဆင့် ပြုလုပ်ရာတွင် အသုံးပြုကြောင်း သိရသည်။
နိုင်ငံခြားဘဏ်များအား ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခွင့် ပြုလိုက်သည့်အတွက် ပြည်တွင်းဘဏ်များ အနေဖြင့် ယှဉ်ပြိုင်ရ ခက်ခဲမည်ကို စိုးရိမ်မှုများလည်း ရှိသည်။
ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က“အခြား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဆိုတာ တခြားဘာတွေ ပေးထားလိုက်တာလဲ။ အဲဒါလည်း သဲသဲကွဲကွဲ ဖော်ပြထားတာ မရှိဘူး။ အားလုံးပေးသလို ဖြစ်နေတယ်။ အားလုံးပေး ရင် တော့ ပြည်တွင်းဘဏ်တွေက အခုမှ အညွန့်တလူလူနဲ့ တက်စရှိသေးတာ။ ဘာပဲပြောပြော သူတို့နဲ့ ယှဉ်ပြိုင်အား မရှိသေးဘူး။ ဘယ်လိုသွားပြိုင်မလဲ”ဟု ဆိုသည်။
၎င်းက ဆက်လက်ပြီး“မရှင်းလင်းတာက နိုင်ငံခြားဘဏ်တွေက ငွေလာချေးမယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အတိုးနှုန်းက ဘယ်လိုယူမှာလဲ။ သူတို့ စိတ်ကြိုက်အတိုးနှုန်းကို ပေးမယ်ဆိုရင်၊ နိုင်ငံခြားဘဏ်တွေက အတိုးနှုန်းနည်း တယ်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေကတော့ ချေးနိုင်အား သိပ်ရှိမှာ မဟုတ်တော့ဘူး”ဟုလည်း ပြောသည်။
ဧရာဝတီဘဏ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဇော်ကလည်း ဗဟိုဘဏ် ညွှန်ကြားချက်ပါ အချက်များမှာ ရှင်းလင်းမှု မရှိ ကြောင်းနှင့် မှတ်ချက်မပြုလိုကြောင်း ပြောဆိုသည်။
“ဘဏ်တွေက အသေးစိတ်ကိုတော့ ပြန်ပြီးဆွေးနွေးဖို့ လိုလိမ့်ဦးမယ်။ သူတို့နဲ့လည်း ဆွေးနွေးရဦးမှာပါ။ စာထွက်ရုံနဲ့ ဂဃနဏ မှတ်ချက်ပြုလို့ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။
ညွှန်ကြားစာပါ အချက်အလက်နှင့် ပတ်သက်၍ အသေးစိတ်ကို မကြာခင် ထုတ်ပြန်ရှင်းလင်းသွားရန် ရှိသည်ဟုလည်း ဗဟိုဘဏ်ဘက်မှ သိရသည်။
ညွန်ကြားစာအား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သူ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက“တရားဝင် ရှင်းပြမှာပါ။ အကုန် အသေးစိတ် ရှင်းပါမယ်။ ဘဏ်တွေကိုလည်း ရှင်းပြမယ်။ မီဒီယာတွေကိုလည်း ဖိတ်ပါမယ်။ အခုက တစိတ် တပိုင်း ပြောလို့ ရှိရင် Technically (နည်းပညာပိုင်း) အများကြီးပါတော့ ရှုပ်ထွေးသွားမှာစိုးလို့ပါ”ဟု ဧရာဝတီကို ပြော သည်။
လတ်တလော ဗဟိုဘဏ်တွင် စာရင်းသွင်းထားသည့် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုရှိကာ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဖြစ်ပြီး ဘဏ်ခွဲ မဖွင့်ဘဲ ကိုယ်စားလှယ်ရုံး ဖွင့်ထားသည့် နိုင်ငံခြားဘဏ်ရုံး ၄၉ ရုံး ရှိသည် ဟု ဗဟိုဘဏ် စာရင်းများတွင် ဖော်ပြထားသည်။
ပြည်တွင်းတွင်မူ ပုဂ္ဂလိကဘဏ် ၂၄ ခုရှိပြီး ငွေချေးလိုသည့် လုပ်ငန်းရှင်များအား မြေယာ၊ အဆောက်အအုံ၊ လက်ဝတ် ရတနာ စသည့် ပိုင်ဆိုင်မှုပြ အာမခံပစ္စည်း အပေါင်ထားသည့် နည်းလမ်းဖြင့် ချေးငွေဝန်ဆောင်မှု ပေးနေသည်ဟု ပြည်တွင်း ဘဏ်လုပ်ငန်းများထံမှ သိရသည်။