တရုတ်သို့ စပါးခိုးထွက်နေမှုအား ထိန်းချုပ်နိုင်ရန် နည်းလမ်းရှာဖွေဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ထူးက ဧရာဝတီကို ပြောသည်။
“ဖမ်းတဲ့ဆီးတဲ့ နည်းနဲ့မလုပ်ဘူး။ ပညာပေးတဲ့ နည်းနဲ့ တတ်နိုင်သလောက် ဘယ်လိုတားဆီးမလဲ ဆိုတာကိုပဲ နည်းလမ်းရှာဖွေနေပါတယ်။ ဈေးကွက်စီးပွားရေး စနစ်ဆိုတော့လည်း အစိုးရက အရမ်း ချုပ်ကိုင်လို့ မရ သလို တောင်သူတွေလဲ ရသင့်တဲ့ ဈေးရရမယ်။ ပြည်တွင်း စပါးဈေးကွက်လဲ မပျက် အောင် ထိန်းချုပ်နိုင်ဖို့ လုပ်ရမှာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုသည် တရားဝင် ဖြစ်သော် လည်း စပါးကိုမူ ပြည်ပသို့တင်ပို့ခွင့်ပြုမထားပေ။
“စပါးရဲ့သဘောကတော့ ပြည်တွင်းမှာ လွတ်လပ်စွာသွားခွင့်ရှိတယ်။ ဟိုဘက်ကိုတော့ (တဖက်နိုင်ငံ) တလက်မကျော် ရင်တော့ မရဘူးပေါ့။ မြန်မာပြည်ရဲ့ နယ်နိမိတ်ကလဲ အရမ်းကျယ်ပြန့်တော့ အကုန် လုံးလည်း စောင့်မကြည့်နိုင် ဘူးလေ” ဟု ပြည်ထောင်စုဒုဝန်ကြီး ဦးအောင်ထူးက ဧရာဝတီကို ရှင်းပြသည်။
ထို့ကြောင့် စပါးထွက်ရှိရာ ဒေသများမှ တဆင့် တရုတ်နယ်စပ်သို့ မည်သည့်လမ်းကြောင်း၊ မည်သည့် ပုံစံဖြင့် တင်ပို့ မှုများ ရှိနေသည်ကို စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်မှ စ၍ တရုတ်ကုန်သည်များက ပြည်တွင်းဈေးကွက်အတွင်းမှ ဆန်ဝယ်ယူခြင်း အပြင် စပါးထွက်သည့် ဒေသများသို့ တိုက်ရိုက်ဆင်းဝယ်ယူသဖြင့် စပါးဈေးကောင်းလာသလို တရုတ်သို့ စပါးတရား မဝင်တင်ပို့မှုသည် ပိုမိုများလာကြောင်း မန္တလေးတိုင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်း မှ သိရ သည်။
“ပြီးခဲ့တဲ့လပိုင်းက တရုတ်ကို ထွက်မဲ့ စပါးကား ၁၇ စီးကို ဒီဘက်က ဖမ်းပြလိုက်တယ်။ အဲဒီနောက် ပိုင်း စပါးကားတွေ အရင်လောက် သိပ်မထွက်တော့ဘဲ အထွက်နည်းသွားတယ်။ အစိုးရအနေနဲ့ ဒီကိစ္စ ကို ကိုင်တွယ်ဖို့က ဂျာအေး သူ့ အမေရိုက်သလိုဖြစ်နေတဲ့ပုံစံရှိတယ်” အဆိုပါအသင်း၏ နာယက ဦးဌေးလွင်က ဧရာဝတီကို ပြောသည်။
ယခုနှစ်တွင် စပါးဈေးသည် အနည်းဆုံး တင်း၁၀၀ လျှင် ၅ သိန်း သတ်မှတ်ထားပြီး ယင်းအောက် ရောက်သွားပါက အစိုးရက တောင်သူထံမှ စပါးပြန်ဝယ် ပေးမည်ဟု ဆိုထားသော်လည်း တရုတ်သို့ စပါးခိုးပို့ပါက ဖမ်းဆီးမည် ဆိုသည့် အသံများကြောင့် စပါးဈေး ၁ သိန်းနီးပါးခန့်ဈေးပြုတ် ကျသွား ကြောင်း သိရသည်။
ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ထူးက “စပါးခိုးထွက်တာကို ကျနော်တို့ ဖမ်းမယ်ဆိုတာနဲ့ ဈေးက ပြုတ်ကျသွား တယ်။ အဲဒီတော့ လယ်သမားတွေက ခင်ဗျားတို့က ကုန်သည်တွေ ကြီးပွားဖို့အတွက် လုပ်တာလား သူတို့တွေ အတွက် မကြည့်ပေးဘူး လို့ ပြောပြီး ကန့်ကွက်ကြတယ်။ ဒါပေမဲ့ တဖက်ကို စပါးတွေ သိပ်ထွက်သွားရင်လည်း ပြသနာရှိတယ်။ အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဘယ်လို ထိန်းချုပ် နိုင်မလဲဆိုတာ အခြေအနေစနည်းနာနေတဲ့ကာလလို့ ပြောရမယ်” ဟု ဆိုသည်။
စပါးဈေး ကောင်းရ၍ ပြည်ပသို့ တရားမဝင် တင်ပို့မှုများခြင်းသည် ပြည်တွင်းဆန်စက်များ ကုန်ကြမ်း ရှားပါးလာခြင်း၊ တိရစ္ဆာန်အစာ ဈေးကြီးမြင့်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းကိစ္စများ ဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံ ဝယ်လိုအားမရှိသည့်အခါ ပြည်တွင်းစပါးဈေးကွက်ကို ထိခိုက်လာနိုင်မည် ဟု ၎င်းက ဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – တရုတ်သွားမည့် တရားမဝင် စပါးကား ၁၇ စီး ဖမ်းဆီးစစ်ဆေး