ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍများကို ဦးစားပေး လုပ်ဆောင်ရန်အတွက် ဝန်ကြီးဌာနအသစ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) အမည်ဖြင့် တိုးချဲ့ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သု့ိ သဝဏ်လွှာ ပေးပို့လိုက်သည်။
နိုဝင်ဘာလ ၈ ရက် ရက်စွဲဖြင့် ပေးပို့သည့် သမ္မတ၏ သဝဏ်လွှာကို နိုဝင်ဘာလ ၁၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် ပုံမှန်စည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်တွင် တင်ပြသည်။
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက “ဒီကနေ့ နိုင်ငံတကာအခြေအနေ၊ ဒေသတွင်းအခြေအနေနဲ့ မိမိတို့နိုင်ငံရဲ့ ပထဝီဘောဂဗေဒ အခြေအနေတွေအရ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပြီး စီးပွားရေးနှင့် ရင်နှီးမြှုပ်နှံမှုတွေကို အစွမ်းကုန်မြှင့်တင်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) ကို ဖြည့်စွက်ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်သမ္မတကြီးက သဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
သဝဏ်လွှာတွင် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာက ပေးအပ်သည့်ထောက်ပံ့မှုများသည် နိုင်ငံတော်၏ မူဝါဒစည်းမျဉ်းများနှင့်အညီ ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ကုလသမဂ္ဂ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပြည်တွင်း ပြည်ပရင်းနှီးမြှပ်နှံမှုများကို အရေးပါသည့်အခန်းကဏ္ဍကို ထိရောက်စွာ မြှင့်တင်ရန်အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပါရှိသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံများ၏ အရေးပါသည့် အခန်းကဏ္ဍကို ထိရောက်စွာ မြှင့်တင်ရာတွင် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေမည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် လိုနေကြောင်း ရှေ့နေချုပ် ဦးထွန်းထွန်းက လွှတ်တော်၌ ရှင်းလင်းပြောဆိုထားသည်။
လက်ရှိတွင် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်မည်ဆိုပါက ဝန်ကြီးဌာများစွာနှင့် ချိတ်ဆက် ဆောင်ရွက်နေရသည့်အတွက် မျှော်မှန်းထားသလောက် ဝင်ရောက်မလာခြင်းဖြစ်ကာ ဝန်ကြီးဌာန တခုတည်းတွင် လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ပါက ပိုမို အကျိုးရှိနိုင်မည်ဟု ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက ဧရာဝတီကို မှတ်ချက်ပြုသည်။
ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် ပြင်ဆင်မှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “၂နှစ်လောက်ပဲ ကျန်တော့တယ်။ ဝန်ကြီးဌာနက ဘယ်လောက် လုပ်နိုင်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်။ တကယ်တမ်း လိုအပ်ချက်နဲ့ အံဝင်ခွင်ကျ ဖြစ်ရဲ့လားဆိုတာ နောက် ၂ နှစ်အတွင်းမှာ ပေါ်လာမှာပေါ့” ဟု ဆိုသည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဝန်ကြီးဌာန ၃၆ ခု ရှိရာ လက်ရှိ အစိုးရလက်ထက်တွင် ဝန်ကြီးဌာနအချို့ကို ပေါင်းစည်းကာ ဝန်ကြီးဌာန ၂၁ ခုဖြင့် အစိုးရယန္တရားကို လည်ပတ်ခဲ့သည်။
နောက်ပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန (၂၀၁၆ ခုနှစ် မေလ)၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန (၂၀၁၇ ခုနှစ် နိုဝင်ဘာလ) တို့ တိုးချဲ့ဖွဲ့စည်းခဲ့ရာ ယခု ဝန်ကြီးဌာနပါ ပါဝင်မည်ဆိုပါက ၂၅ ခု ရှိလာပြီ ဖြစ်သည်။
အစိုးရ သက်တမ်း ထက်ဝက်ကျော်ကာလတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန တရပ် တိုးချဲ့ဖွဲ့စည်းခြင်းမှာ အစိုးရအနေဖြင့် တိကျခိုင်မာသည့် အစီအမံများ မရှိခြင်းကို မြင်သာစေကြောင်း ဝေဖန်မှုများလည်း ရှိသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပျော်ဘွယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက “ဝန်ကြီးဌာနတွေကို ဖြုတ်တယ်။ ပြီးတော့ ပြန်ခန့်တယ်။ ဒါတွေနဲ့ပဲ အချိန်ကုန်နေတယ်။ အဲဒီကိစ္စတွေဟာ ထပ်ဖြစ်တယ်ဆိုတာ မူလတည်းကိုက မရေရာ၊ မသေချာဘူးလို့ ဒီလိုတော့ သုံးသပ်လို့ ရပါတယ်” ဟု မီဒီယာများအား ပြောသည်။
ဆက်စပ်သတင်း
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင် စိတ်ဝင်စားနေ
ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၉၀၀ လျော့ကျသွားဟု MIC ဥက္ကဋ္ဌ ပြော