မြန်မာနိုင်ငံအပေါ် ရခိုင်အရေးကြောင့် နိုင်ငံတကာက ဖိအားပေးမှုများ ရှိသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) အတွက် ကြီးမားသည့် စိန်ခေါ်မှု မရှိသေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဒေါက်တာ သောင်းထွန်း က ပြောသည်။
မြန်မာနိုင်ငံတွင် အနောက်တံခါး ပြဿနာများရှိနေခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်မှု များစွာ မရှိနိုင်ဟု ယူဆကာ ရင်းနှီးမြှုပ်နှံလိုသူများ အတွက် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ခိုင်ခိုင်မာမာရှိရန် ပြင်ဆင် ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် လွယ်ကူ ချောမောစွာ ရရှိရန် ဆောင်ရွက်ခြင်းက ပိုမိုအရေးပါကြောင်း တွက်ဆ ထားသည်ဟု ဆိုသည်။
ဦးသောင်းထွန်းက“FDI နဲ့ပတ်သက်လို့ စိန်ခေါ်မှု ဒီလောက်မရှိပါဘူး။ ရင်းနှီးမြှုပ်နှံလိုတဲ့ သူတွေက ဒီမှာ အခွင့်အလမ်း တွေရှိတယ်ဆိုတာ သိဖို့လိုတယ်။ ဒါကြောင့် စီးပွားရေးဖိုရမ်တွေ လုပ်တယ်။ အဲဒီလိုပွဲတွေမှာ ပြောလိုက်တော့ သိသွား ကြမယ်။ နိုင်ငံတကာက စိတ်ဝင်စားအောင်၊ လုပ်ငန်းလုပ်တဲ့အခါ လွယ်အောင် လုပ်ပေးလိုက်ရင် လာမယ်လို့ ထင်ပါ တယ်”ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး“MIC ပါမစ်ကို Single Window System (တနေရာတည်း ပြီးပြတ်နိုင်မည့်စနစ်) နဲ့ ပြီးအောင် လုပ်ပါမယ်။ အရင်တုန်းကဆိုရင် MIC ပါမစ်ရရင်ကို မြေတို့၊ လျှပ်စစ်တို့ စတဲ့လုပ်ငန်းတွေ အတွက် သက်ဆိုင်တဲ့ ဝန်ကြီး ဌာနတွေဆီမှာ သီးခြားပါမစ် ထပ်ယူရတယ်။ အခုတော့ အဲဒီဝန်ကြီးဌာန ကိုယ်စားလှယ်တွေကို တနေရာ တည်း မှာထားပြီး အပြီးရအောင် လုပ်ပေးနေပြီ”ဟုလည်း ပြောဆိုသည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်နိုင်ရန်အတွက် မြန်မာအစိုးရက ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ကုမ္ပဏီဥပဒေများကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်ပြဋ္ဌာန်းမှုများ ပြုလုပ်ထားကာ ယင်းဥပဒေများတွင် ရင်းနှီးမြှုပ်နှံသူများအား အကာ အကွယ်ပေးသည့် အချက်များ ထည့်သွင်းရေးဆွဲထားသည်ဟု သိရသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နည်းပါးသည့် ချင်းနှင့် ရခိုင်ပြည်နယ် တို့တွင်လည်း နိုင်ငံခြား ရင်းနှီးမှုများ ထပ်မံ ဝင်ရောက် လာစေရန် အတွက် ဖြေလျှော့မှုများ ပြုလုပ်မည့် အစီအစဉ်သစ်များ ရှိကြောင်း၊ လာမည့် နှစ်ဆန်းပိုင်းတွင် ရခိုင်၌ စီပွားရေးဖိုရမ် ကျင်းပရန် စီစဉ်ထားကြောင်းလည်း MIC က ဆိုသည်။
MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းက“ကျနော်လည်း အခုမှ တာဝန်ယူ လုပ်ခါစဆိုတော့ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်အထိ တိုးရမယ်ဆိုပြီး ရာခိုင်နှုန်းနဲ့ အတိအကျ ပြောဖို့တော့ စောပါသေးတယ်”ဟု ပြောသည်။
အစိုးရ အနေဖြင့် ပြည်တွင်း၌ စီးပွားရေးဖိုရမ်များ ပြုလုပ်ရုံသာမက ဟောင်ကောင်၊ ဂျပန်၊ မကာအို စသည့် ပြည်ပနိုင်ငံ များ တွင်လည်း MIC မှ ဦးဆောင်ကာ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့်ကိစ္စရပ်များအား သွားရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် စိန်ခေါ်မှု တရပ် ဖြစ်နေကြောင်း ဥရောပ ကုန်သည်ကြီးများ အသင်းဘက်က သုံးသပ်ထားသည်။
အသင်း တာဝန်ရှိသူ တဦးက“လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး မတည်မငြိမ်မှုတွေ၊ ပဋိပက္ခတွေ ပြေလည်သွားရင် မြန်မာ နိုင်ငံ အတွက် စိန်ခေါ်မှုတွေကနေ အခွင့်အလမ်းတွေ ဖြစ်သွားမှာပါ။ ဥရောပ သမိုင်းကြောင်း ပြန်ကြည့်ရင် ကုန်သွယ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အခက်အခဲတွေ အကုန်ဖြေရှင်း ပေးသွားပါတယ်။ မြန်မာလည်း ဒါကို နမူနာ ယူသင့်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
၂၀၁၈ ခုနှစ် နှစ်စပိုင်းမှ စက်တင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ လုပ်ငန်းပေါင်း ၈၅ မျိုးတွင် အမေရိကန် ဒေါ်လာ ၁၇၆၄ သန်းကျော် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှု ဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်နေကာ“မြန်မာနိုင်ငံ၏ အဓိက ဦးစား ပေး ကဏ္ဍများဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးမြှင့် လယ်ယာ စိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်ရေးစက်မှုလုပ်ငန်းများ၊ သွင်းကုန် အစား ထိုးစက်မှုလုပ်ငန်းများ၊ လျှပ်စစ်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ တန်ဖိုး သင့် အိမ်ရာ တည်ဆောက်ရေးနှင့် စက်မှုဇုန်များ တည်ထောင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါ ကြောင်း”အစည်းအဝေး မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောဆိုကြောင်း အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင်“ကမ္ဘာအနှံ့တွင် ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒများ အရှိန်အဟုန်မြင့်မားနေပြီး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက် မှုမှ နှစ်နိုင်ငံချင်းဆက်ဆံရေးကို ပိုမိုအသားပေးလာချိန်၊ အချို့ကဏ္ဍများ၌ တံခါးပိတ်ဝါဒကို ကျင့်သုံးလာပြီး အချို့နိုင်ငံ များအကြား ငွေကြေးနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့် အချိန်ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေး သည် ပြန်လည်ရှင်သန်လာပါကြောင်း”လည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ထား သည်။
ဆက်စပ် ဖတ်ရှုရန်
မြန်မာ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အနှစ် ၂၀ စီမံကိန်း စတင်
နှစ် ၂၀ အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် မျှော်မှန်း
ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၉၀၀ လျော့ကျသွားဟု MIC ဥက္ကဋ္ဌ ပြော