ဥရောပသမဂ္ဂ (EU) ဒေသတွင်း နိုင်ငံများ၏ ကန့်ကွက်မှုကြောင့် မြန်မာ့ဆန်လုံးရှည်အပေါ် အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP) ပေးထားမှုကို သုံးနှစ်ခန့် ရုပ်သိမ်းကာ အခွန်ကောက်ရန် စီစဉ်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP) ဆိုသည်မှာ အချိန်ကာလ တခုအနေဖြင့်သာ ပေးအပ်သည့် အမျိုး အစားဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင် ကြိုးစားမှုအပေါ် အထောက်အကူဖြစ်စေရန် အတွက် ပေးသည့် အထူးအခွင့်အရေး ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက “EU နိုင်ငံတွေထဲမှာ ဆန်ထုတ်လုပ်တဲ့ ၈ နိုင်ငံလောက်ထဲမှာ စပိန်နဲ့ အီတလီက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲဒီနိုင်ငံ တွေမှာ ရှိတဲ့ စက်ပိုင်တွေက သူတို့ရဲ့ စက်မှုလုပ်ငန်းတွေ နစ်နာပါတယ်ဆိုပြီး ပြောတယ်။ သူတို့ရဲ့ စက်မှုလုပ်ငန်းတွေ နစ်နာတယ်ဆိုရင် ပေးထားတဲ့ အခွန်သက်သာခွင့်ကို ရုပ်သိမ်းလို့ရတဲ့ သဘောရှိတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “သူတို့ဘက်ကတော့ မကြာခင် ဆောင်ရွက်တော့မယ်ဆိုတာကို အကြမ်းဖျင်း ပို့လာပြီ။ HS Code (အကောက်ခွန်နှုန်း အမည်ပေးစနစ်) က ၄ မျိုး ဖြစ်တဲ့အတွက် အဲဒီထဲမှာ ဆန်ကွဲဆို GSP ရမယ်။ ဆန်လုံးရှည်တခုပဲ GSP မရမှာပါ။ ၁၉ ရက် နောက်ပိုင်းတော့ သူတို့ဘက်က အခွန်ဘယ်တော့ စကောက်မလဲဆိုတာ သိရမှာပါ” ဟု ဆိုသည်။
မြန်မာ့ဆန်လုံးရှည်မှာ EU ဒေသတွင်း နိုင်ငံများတွင် ထွက်ရှိသည့် ဆန်အမျိုးအစား တူညီနေသည့်အတွက် အခွန် ပြန်လည်ကောက်ခံခွင့်ရှိသည်ဟု ၎င်းနိုင်ငံများ၏ လုပ်ထုံးလုပ်နည်းဥပဒေများတွင် ဖော်ပြထားသည်။
အခွန်ကောက်ယူမည့် ပုံစံမှာ ဆန် မက်ထရစ် တတန်လျှင် ပထမနှစ်တွင် ၁၇၅ ယူရို၊ ဒုတိယနှစ်တွင် ၁၅၀ ယူရိုနှင့် တတိယနှစ်တွင် ၁၂၅ ယူရို ကောက်ယူမည်ဟု EU ဘက်က အကြောင်းကြားထားသည်ဟု သိရသည်။
ထိုသို့ သုံးနှစ်ခန့် အခွန်ပြန်လည်ကောက်ယူခြင်းမှာ EU ဒေသတွင်း စိုက်ပျိုးရေးနိုင်ငံများ ပြန်လည်ထူထောင်နိုင်ရန်နှင့် ကုစားမှု ပြုလုပ်ရန်အတွက် အချိန်ယူခြင်းလည်း ဖြစ်သည်။
ဦးမင်းမင်းက “GSP ဆိုတာ တဖက်သတ်ပေးတဲ့ အခွင့်အရေးဖြစ်တယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေကို ပေးတဲ့ အခွင့်အရေးဖြစ်တဲ့ အတွက်ကြောင့် သူရဲ့ GSP စည်းမျဉ်းစည်းကမ်းတွေမှာပါတဲ့ အချက်အလက်တွေနဲ့ သူက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ စီမံခွင့်ရှိတဲ့အခါမှာ ကျနော်တို့ဘက်က ပူးပေါင်းဆောင်ရွက်တဲ့ ပုံစံမျိုးနဲ့ စာပြန်ရေးရမှာပါ” ဟု ပြောသည်။
ယင်းအကြောင်းပြန်စာတွင် မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှု အခြေအနေ၊ ဈေးနှုန်း၊ လုပ်ထုံးလုပ်နည်းနှင့် စာရင်းဇယား အချက်အလက်များ ပါဝင်မည်ဖြစ်ကာ ဆန်စပါးအသင်းချုပ် က ညှိနှိုင်း၍ EU သို့ ပေးပို့သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က “ဥရောပသမဂ္ဂအတွင်းမှာရှိတဲ့ နိုင်ငံတွေကို မြန်မာနိုင်ငံက ဆန်တင်ပို့တဲ့အခါ အကောက်ခွန်ကင်းလွတ်ခွင့်ပေးတော့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားက ဆန်တွေက အများကြီး EU ဈေးကွက်ထဲကို ဝင်တယ်ပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ EU နိုင်ငံတွေဖြစ်တဲ့ ဆန်စပါးအများဆုံးထုတ်လုပ်တဲ့ စပိန်တို့ အီတလီတို့ နိုင်ငံတွေက ကန့်ကွက်တဲ့အတွက် ဒီလုပ်ငန်းစဉ်တွေက EU ရဲ့ စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်သလား ဆိုတဲ့ သူရဲ့ အမျိုးသားအကျိုးစီးပွားကို ဆန်းစစ်လေ့လာသုံးသပ်ဖို့အတွက် အစီအစဉ်တခု လုပ်နေတယ်” ဟု ပြောသည်။
အခွန်ကို နှစ်အလိုက် လျှော့ချကောက်ခံရန် EU ဘက်က အကြောင်းကြားထားသော်လည်း မြန်မာပြည်မှ တင်သွင်းသည့် ဆန်တိုင်းအား ကောက်ယူခြင်းမဟုတ်ဘဲ အမျိုးအစားအလိုက် ရွေးချယ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ညှိနှိုင်းရမည့် အပိုင်းများ ရှိနေသေးသည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံမှ EU ဈေးကွက်သို့ တနှစ်လျှင် ဆန်တန်ချိန် ၄ သိန်းခန့် တင်ပို့လေ့ရှိရာ ဆန်ကွဲမှာ ၆၅ ရာခိုင်နှုန်းခန့် ရှိပြီး ဆန်ချောမှာ ၃၅ ရာခိုင်နှုန်း ပါဝင်သည်။ ယင်းဆန်ချော ၃၅ ရာခိုင်နှုန်းတွင် ဆန်လုံးရှည်မှာ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ပါဝင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ကိန်းဂဏန်းများအရ သိရသည်။
လက်ရှိတွင် မြန်မာအပါအဝင် ကမ္ဘောဒီးယားနိုင်ငံတို့မှာ ဆန်တင်ပို့မှုအတွက် အခွန်ကင်းလွတ်ခွင့် ရထားပြီး ထိုင်းနှင့် ဗီယက်နမ်တို့မှာမူ အခွန်ပေးဆောင် တင်သွင်းနေရကာ EU သို့ ဆန်တင်ပို့သည့် မြန်မာကုမ္ပဏီပေါင်း ၁၅ ခု ရှိသည်။