အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ဝင်ရောက်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဆက်အောင်က ပြောသည်။
နိုဝင်ဘာလ ၁၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာခင်ချို မေးမြန်းသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏနှင့် ရင်းနှီးမြုပ်နှံမှုပိုမိုတိုးတက်အောင် ဖိတ်ခေါ်မည့် အစီအမံများကိစ္စနှင့် စပ်လျဉ်း၍ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
ဒုဝန်ကြီး ဦးဆက်အောင်က “၂၀၁၆ ခုနှစ် ကနေပြီး ၂၀၁၈ ခုနှစ်အထိ နှစ်နှစ်တာကာလအတွင်းမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ အခြား ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတို့မှအပ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စသည့် လုပ်ငန်းကဏ္ဍ ၁၀ ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၆၀ ခု ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၇ ဘီလီယံ ဖြစ်ပါတယ်” ဟု ပြောသည်။
FDI မှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ကဏ္ဍတွင် ပါရှိပြီး နိုင်ငံ၏ အဓိက အားထားရသော စိုက်ပျိုးရေးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး၊ ရင်းနှီးမြုပ်နှံမှုများ စီးဝင်လာအောင် ဆွဲဆောင်ဖိတ်ခေါ်နိုင်ရေး လိုအပ်ချက်များနှင့် အားနည်းချက်များကို အကြံပြုနိုင်ရန် မေးမြန်းရခြင်းဖြစ်ကြောင်း ဒေါက်တာခင်ချိုက ပြောဆိုထားသည်။
၎င်းက “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာတာနဲ့အမျှ နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ အလုပ်လက်မဲ့ပြဿနာ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းတွေမှာလည်း အထောက်အပံ့တွေ အများကြီးရနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၁၉၈၈ ခုနှစ်က စတင်ပြဋ္ဌာန်းခြင်းဖြစ်ပြီး ၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၁၀ ခုကို ခွင့်ပြုခဲ့ပြီး မြုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၆၃ ဒသမ ၇၂ ဘီလီယံ ရှိခဲ့သည်။
“အစိုးရသစ်လက်ထက်၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ၂နှစ် တာကာလအတွင်းမှာ ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်းဟာ ၁၉၈၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မတ်လကုန်အထိ နှစ်ပေါင်း ၃၀ အတွင်း ခွင့်ပြုရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၁၆ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ တိုးတက်မှုရှိကြောင်း တွေ့ရှိရပါတယ်” ဟု ဒုဝန်ကြီး ဦးဆက်အောင်က ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုထားသည့် လုပ်ငန်းကဏ္ဍ တခုချင်းစီအလိုက် မြှုပ်နှံထားမှု ပမာဏကို သိနိုင်မှသာလျှင် အားနည်းချက်များကို ဝေဖန်ထောက်ပြနိုင်မည်ဖြစ်သော်လည်း ဝန်ကြီး၏ ဖြေကြားမှုမှာ ခြုံငုံဖြေကြားခဲ့သည့်အတွက် ပြည့်စုံမှု မရှိကြောင်း ဒေါက်တာခင်ချိုက ထောက်ပြသည်။
၎င်းက “ကျနော်ဖြစ်စေချင်တာက ဒီကဏ္ဍတွေ ( စိုက်ပျိုးရေး ၊မွေးမြူရေး ) ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုစည်းရုံးမလဲ၊ ကျန်တဲ့ လုပ်ငန်းတွေနဲ့ ယှဉ်တဲ့အခါ သူ့ကို လုပ်ချင်လာအောင် ဘယ်လိုဆောင်ရွက်ပေးမလဲ။ ဒါမျိုး လိုချင်တာပေါ့။ သူဖြေကြားတာကတော့ လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘူးပေါ့” ဟု ဆိုသည်။
အစိုးရက FDI ဝင်ရောက်စေရန် ကာလတို၊ ကာလလတ်နှင့် ကာလရှည်ဟူ၍ ခွဲခြားကာ စီမံကိန်းများ လုပ်ဆောင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ်များအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစကာ နှစ် ၂၀ အတွင်း FDI ပမာဏ ဒေါ်လာ ၂၂၁ ဘီလီယံခန့် ရရှိရန် မျှော်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန – ရန်ကုန် (DICA) မှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ခြောက်လတာ ဘက်ဂျက်ကာလအတွင်း FDI ပမာဏ ဒေါ်လာ ၂ ဘီလီယံ နီးပါး ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံ တခုတည်းကပင် ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည်ဟု သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများမှာ ကုန်ထုတ်လုပ်မှု၊ အိမ် ခြံ မြေ၊ ပို့ဆောင်ဆက်သွယ်ရေး၊ စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတို့တွင် ဖြစ်သည်။
MIC အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် FDI ဝင်ရောက်မှု ပိုမိုလာစေရန်အတွက် ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးမှုမှလွဲ၍ လယ်ယာ စိုက်ပျိုးရေး၊ သစ်တောစိုက်ပျိုး ပြုစုရေးနှင့် အခြားသစ်တောလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ၊ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ၊ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေးမြင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအဖြစ် သတ်မှတ်ထားသည်။
ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့်သူများအား ဆောင်ရွက်မည့်ဒေသအပေါ် မူတည်ကာ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၃ နှစ်မှ ၇ နှစ်အထိ လျှောက်ထားခံစားခွင့် ရရှိမည်ဖြစ်သည်ဟု ဒုဝန်ကြီး၏ လွှတ်တော်တွင်း ဖြေဆိုချက်တွင် ပါရှိသည်။
ဆက်စပ်သတင်း
- နှစ် ၂၀ အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် မျှော်မှန်း
- နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ပြန်တက်လာရန် အရှေ့ဖက်မျှော်ဝါဒ ကျင့်သုံး
- ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၉၀၀ လျော့ကျသွားဟု MIC ဥက္ကဋ္ဌ ပြော