ရန်ကုန်လေဆိပ်မှ မြန်မာပြည်သို့ ဝင်ရောက်သည့် ခရီးသည်မှာ ယခင်နှစ်ကထက် လျော့နည်းလာကြောင်း လေဆိပ် ဝန်ဆောင်မှု လုပ်ပိုင်ခွင့်ရ Yangon Aerodrome Company Limited (YACL) ကပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က လေဆိပ်မှ ဝင်ရောက်သူ ၅ ဒသမ ၉၂ သန်းအထိ ရှိခဲ့ပြီး ယခုနှစ်တွင်မူ ၅ သန်းသာ ရှိသည် ဟု ဆိုသည်။
YACL အမှုဆောင်အရာရှိချုပ် Mr. Ho Chee Tong က“ခရီးသည် ဝင်ရောက်မှုနှုန်း သိသိသာသာ လျော့နည်း နှေး ကွေး နေပေမယ့် ကျနော်တို့အနေနဲ့ လေဆိပ်ရဲ့ ဝန်ဆောင်ပေးနိုင်တဲ့ ခရီးသည်ပမာဏနဲ့ စွမ်းဆောင်ရည်ကို တိုးချဲ့မှာ ဖြစ်တယ်။ ဈေးကွက်အသစ်တွေ ချဲ့ထွင်နိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်။ အခုနည်းနေပေမယ့် လာမယ့် ၂၀၁၉ ခုနှစ် မှာ ပိုများလာမယ်လို့ မှန်းထားပါတယ်”ဟု ပြောသည်။
လက်ရှိတွင် အာရှတွင်း ဒေသများမှ နိုင်ငံခြားသားခရီးသည်များ ဝင်ရောက်နှုန်း တိုးလာသော်လည်း မြန်မာနိုင်ငံအပေါ် ပြည်ပမီဒီယာများ၏ ဝေဖန်ရေးသားချက်များကြောင့် ဥရောပနှင့် မြောက်အမေရိကနိုင်ငံများရှိ ခရီးသွားများအပေါ် သက်ရောက်မှု ရှိနေသည်ဟု YACL က ဆိုသည်။
ယခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားသား ခရီးသည် ၆ သန်း ဝင်ရောက်မည်ဟု ခန့်မှန်း ထားသော်လည်း လေဆိပ်မှ အမှန်တကယ် ပေးနိုင်သည့် ဝန်ဆောင်မှုထက် လျော့နည်းနေသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက“၂၀၁၈ ခုနှစ်အနေနဲ့ ခရီးသွား နည်းသွားတယ် ဆိုတာ တော့ ပြဿနာတွေကြောင့်ပေါ့။ ရခိုင်ပြည်နယ် မြောက်ဖျားဖြစ်တဲ့အရေးအခင်း ပြဿနာလေးတခုကြောင့် နိုင်ငံတကာ မီဒီယာ တွေမှာ အဆိုးမြင်တွေ ခံခဲ့ရတယ်။ အဲဒီတော့ အနောက်နိုင်ငံက ခရီးသွားလျော့သွားတာရှိတယ်။ ဒါပေမယ့် အဲဒီ အနောက် နိုင်ငံတွေက နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ပုဂ္ဂိုလ်တွေလာလို့ ရအောင် အန်ကယ်တို့ ကြိုးစားနေတယ်”ဟု ပြော သည်။
အာရှဒေသတွင်း နိုင်ငံများမှ ခရီးသွားများ ပိုမို ဝင်ရောက်စေရန်အတွက် အစိုးရက ဂျပန်၊ ကိုရီးယား နိုင်ငံများကို ဗီဇာသက်သာခွင့်နှင့် တချို့နိုင်ငံများအား ဗီဇာကင်းလွတ်ခွင့် ပေးထားခြင်းကြောင့် လာမည့် နှစ်တွင်မူ ခရီးသွား တိုးတက်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ မြန်မာနိုင်ငံသို့ လေကြောင်း၊ နယ်စပ်ဂိတ်ပေါက်နှင့် အပျော်စီး သင်္ဘော များဖြင့် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု ၂ သန်း ၈ သိန်း ၄ သောင်းကျော် (၂,၈၄၄,၅၀၈ ဦး) ရှိပြီး အများစုမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနိုင်ငံများမှ ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန စာရင်း များ တွင် ဖော်ပြထားသည်။
YACL အနေဖြင့် ယခုထက် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် လာမည့် သုံးနှစ်အတွင်း ဘိုးရင်း (Boeing) 737 ကဲ့သို့သော လေယာဉ် ၁၃ စီး ရပ်နားနိုင်သည့် နေရာ ၁ ခုအပါအဝင် လေယာဉ်ပြေးလမ်းကြောင်းများ တိုးချဲ့ခြင်း၊ ပြုပြင်ထိန်းသိမ်းရေး အဆောက်အအုံ တည်ဆောက်ခြင်း၊ ကယ်ဆယ်ရေးနှင့် မီးသတ်စခန်း အဆင့်မြှင့်တင်ခြင်းတို့ လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
YACL သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေးတွင် ရင်းနှီးမြှုပ်နှံထားကာ လေဆိပ်အတွင်း အခြေခံအဆောက်အအုံနှင့် Terminal (လေယာဉ်ဆိုက်ကပ်နားရာ ဂိတ်) အတွင်း အဆင့်မြှင့်တင်ခြင်း၊ နည်းပညာပိုင်း ဆိုင်ရာ အဆင့်မြှင်ခြင်း နှင့် လုံခြုံရေး ဝန်ဆောင်မှုများ ကောင်းမွန်စေရန် ဝန်ထမ်းများကို သင်ကြားနေသော ကုမ္ပဏီ ဖြစ် သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၁ ခု၊ အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၂၉ ခုအား ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။