စီးပွားရေး

နေပြည်တော် ကျောက်မျက်ပွဲ ကျပ်သန်း ၅သောင်းနီးပါး ရောင်းရ

နေပြည်တော်တွင် ယခုလအတွင်း ကျင်းပသော ပြည်တွင်းကုန်သည်များအား မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲတွင် စုစုပေါင်းရောင်းရငွေ ကျပ်သန်း ငါးသောင်း နီးပါး (၄၉၀၉၃ ဒသမ ၃၉ ကျပ်သန်း) ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်မှ ၁၇ ရက်အထိ မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပသော အဆိုပါပြပွဲတွင် အခြေခံဈေး ကျပ် ၃သိန်းနှင့်အထက် သတ်မှတ်သော ကျောက်မျက်ရိုင်း ၉၆ တွဲ၊ အခြေခံဈေး ကျပ် ၁၀ သိန်းနှင့်အထက် သတ်မှတ် သော ကျောက်စိမ်းအသားကျောက် ၃၃၃၉ တွဲကို မြန်မာကျပ်ငွေဖြင့် တင်ပြရောင်းချခဲ့ရာ ကျောက်မျက်ရိုင်း အတွဲ ၅၀ ကို ရောင်းချနိုင်ခဲ့ပြီး ကျပ်သန်း ၈၀၀ ခန့် (၇၉၄ ဒသမ ၉၀ သန်း)၊ ကျောက်စိမ်းအသားကျောက် ၃၁၈၅ တွဲကို ရောင်းချနိုင်ခဲ့ပြီး (ကျပ်သန်း ၄၈၂၉၈ ဒသမ ၄၉) ရရှိခဲ့သည်ဟု ဆိုသည်။

ရာခိုင်နှုန်းအားဖြင့် ကျောက်မျက်ရိုင်း အတွဲများကို ၅၀ ရာခိုင်နှုန်းကျော်၊ ကျောက်စိမ်း အသားကျောက်များကို ၉၀ ရာခိုင် နှုန်းကျော် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း ရောင်းရငွေ ကျပ် သန်းငါးသောင်း နီးပါး (၄၉၀၉၃ ဒသမ ၃၉ ကျပ်သန်း) ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲကျင်းပရေး ဗဟိုကော်မတီ စီမံရေးရာ လုပ်ငန်းကော်မတီ ဥက္ကဌ ဦးသန်းဇော်ဦး က“ရောင်းရတဲ့ ကျောက်တွဲတွေကျ နည်းနည်း နည်းသွားမယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ တင်ပြခဲ့တဲ့အတွဲတွေထက် လျော့တယ်။ ရောင်းရတဲ့ တန်ဖိုးလည်း ကိန်း ဂဏန်းအရ နည်းနည်းလေး လျော့တယ်။ ဒါပေမယ့် ရောင်းရတဲ့ ပမာဏကတော့ ကျနော်တို့ မျှော်မှန်းထားတာထက် ပိုပြီး ရောင်းချရပါတယ်”ဟု ပြောသည်။

ယင်းသို့ ရောင်းချနိုင်ခြင်းမှာ ပစ္စည်းကြိုက်၍ ဝယ်ယူကြခြင်းကြောင့်ဟု ပြပွဲကော်မတီ တာဝန်ရှိသူများက ယူဆပြီး ကျောက်မျက် လုပ်ငန်းရှင်တချို့က ဈေးကွက်တွင် ပစ္စည်းရှားပါးသကဲ့သို့ ဖြစ်နေ၍ ဝယ်ယူကြသည်ဟု ပြောကြား ကြ သည်။

“ပစ္စည်းတွေကတော့ ပြီးခဲ့တဲ့ ပြပွဲထက် ညံ့တယ်။ ကျနော့်အမြင်ကတော့ ဈေးကွက်မှာ ကုန်ကြမ်းက ရှားနေသလို ဖြစ်တာကြောင့် ရောင်းရတာလို့ သုံးသပ်ရမယ်။ ဈေးကွက် အနေအထားကတော့ ကိုယ်မြင်တာ ဈေးက ၁ ထောင် မြင်တယ် ဆိုရင် ၁ ထောင်ပဲတင်တယ် မရဘူး။ နောက်ရက်ကျ ၁ ထောင်လောက်ကြိုက်တဲ့ ကျောက်ကို ၁၂၀၀၊ ၁၃၀၀ လောက်တင်မှ ရတယ်။ သူများဝယ်လို့ ကိုယ်ဝယ်ရတော့ ပုံသေမြတ်မလား ဆိုတာကတော့ မသိဘူး။ ဈေးကွက်က တရက်နဲ့ တရက်လည်း မတူပြန်ဘူး”ဟု KMO ကျောက်မျက် ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးမောင်ဦးက ပြောသည်။

ပြည်တွင်းပြည်ပ ကုန်သည်များအား ယူရိုငွေဖြင့် ရောင်းချသည့် ပွဲများတွင် တရုတ်ကုန်သည်များနှင့် ဈေးအပြိုင်ပေး ကာ ဝယ်ယူရန် မလွယ်ကူကြောင်း၊ ယခုကဲ့သို့ ပြည်တွင်း ကုန်သည်များကိုသာ ကျပ်ငွေဖြင့် ရောင်းချပေးခြင်းဖြင့် တနိုင် တပိုင် လုပ်ငန်းငယ်များအတွက် အကျိုးရှိသည့်အတွက် ကျပ်ငွေပွဲကို ၁နှစ်လျှင် တကြိမ်သာ ကျင်းပရာမှ နှစ်ကြိမ်ခန့် ကျင်းပစေလိုကြောင်း ကျောက်မျက် ကုန်သည်များက ပြောဆိုကြသည်။

“မြန်မာ ကျပ်ငွေပွဲမှာ မြန်မာ အချင်းချင်း ဝယ်ရတာ ကောင်းတယ်။ ဒီပွဲက ဝယ်ရတာတွေကို ယူရိုပွဲတွေမှာ ဖြတ် ရောင်းမယ်၊ မန္တလေးမှာ ဖြတ်ရောင်းမယ် ဆိုရင် လုပ်ရကိုင်ရတာ အဆင်ပြေတာပေါ့။ ဒီကျပ်ငွေပွဲကို ဖြစ်နိုင်ရင် တနှစ် ကို နှစ်ကြိမ်လောက် လုပ်စေချင်ပါတယ်။ တနိုင်တပိုင်သမားတွေ အလုပ်ရှိတာပေါ့”ဟု ဦးမောင်ဦးက ပြောသည်။

၂၀၁၇ ခုနှစ် မတ်လက ကျင်းပခဲ့သည့် မြန်မာကျပ်ငွေဖြင့် ပြည်တွင်းကုန်သည်များအား ရောင်းချပွဲတွင် ကျောက်မျက် အတွဲ ၁၉၅ တွဲတင်ပြရာ အတွဲ ၁၃၀ ရောင်းချရပြီး ကျပ်သန်း ၆ ထောင်ခန့်၊ ကျောက်စိမ်းတွဲ ၄၄၅၄ တွဲ တင်ပြရာမှ ၄၁၃၇ တွဲရောင်းရပြီး ကျပ်သန်း ၅၆၀၀၀ ကျော်၊ စုစုပေါင်း ကျပ်သန်း ၆၂၀၀၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။

ယခု ပြီးဆုံးခဲ့သည့် ပြပွဲတွင် ကျပ်သိန်း ၂၅၀၀ သတ်မှတ်သော ကြမ်းခင်းဈေး အမြင့်ဆုံးအဖြစ် ၁၂ ဒသမ ၃၅ ကာရက် ရှိ ပတ္တမြားရိုင်း ၁ ပွင့်နှင့် ကျပ်သိန်း ၁၀၀၀ ကျော် သတ်မှတ်ထားသည့် ကျောက်စိမ်းတွဲတို့မှာ ရောင်းချခဲ့ရခြင်း မရှိပေ။

သို့ရာတွင် ကျပ် ၁၄၂၇ သိန်းဖြင့် ပြောင်ခေါင်စိမ်း ကျောက်ကို ဈေးအမြင့်ဆုံး ကျောက်မျက်တွဲ အဖြစ် ရောင်းချနိုင် သကဲ့ သို့ နိုင်ငံံတော်နှင့် ပုဂ္ဂလိက အကျိုးတူ တင်ပြရောင်းချသော အခြေခံဈေး ကျပ် ၁၀ သိန်း သတ်မှတ် ကျောက် စိမ်း တွဲကိုလည်း ကျပ်သိန်း ၃၂၀၀ ဖြင့် ဈေး အမြင့်ဆုံး ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။

“ကြမ်းခင်းဈေး ဆိုတာကတော့ ရောင်းသူစိတ်ကြိုက် သတ်မှတ် ထားကြတာမျိုးပေါ့။ လေလံဆိုတော့ ၁၀ သိန်းလို့ ဈေး လျှော့ သတ်မှတ်ထားပေမယ့် ဝယ်သူတွေက ပစ္စည်းကြိုက်ရင် သူ့ထက်ငါ အပြိုင် ဈေးပေးကြရင်း ၃၂၀၀ ဖြစ်သွားတာ ပေါ့။ မန္တလေးဘက်က ကုန်သည် ဝယ်သွားတယ်လို့ သိရပါတယ်”ဟု ကျောက်စိမ်း လုပ်ငန်း ကော်မတီ ဥက္ကဌ အထွေထွေ မန်နေဂျာ ဦးမင်းသူက ပြောပြသည်။

Loading