တရုတ်နိုင်ငံမှ အွန်လိုင်းဈေးရောင်း ကုမ္ပဏီကြီးတခုဖြစ်သည့် Alibaba Group ၏ ပြည်တွင်း လုပ်ငန်းခွဲတခုက မြန်မာနိုင်ငံ မှ ဈေးဝယ်သူများအတွက် ရည်ရွယ်ပြုလုပ်သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က ပထမဆုံး အွန်လိုင်းဈေးရောင်းပွဲ၏ ပထမဆုံး ၁ နာရီအတွင်းတွင် အမေရိကန်ဒေါ်လာ ၉၀၀၀၀ ကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ ရောင်းချခဲ့ရသည်။
Alibaba က တကမ္ဘာလုံးတွင်ပြုလုပ်သည့် “11.11” အွန်လိုင်းဈေးရောင်းပွဲ၏ ပြည်တွင်းဈေးရောင်းပွဲကို မြန်မာနိုင်ငံတွင် အကြီးဆုံး အွန်လိုင်းဈေးဝယ် ပလက်ဖောင်းဖြစ်သည့် SHOP.com.mm က ပြုလုပ်ခဲ့သည်။ ပထမဆုံး နာရီအတွင်းတွင် အမှာစာ ၁၅၀၀ ကျော် ရရှိခဲ့ပြီး အများစုမှာ မိုဘိုင်းဖုန်းများမှ တဆင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု SHOP က ကြေညာချက် တစောင်တွင် ပြောသည်။ ကုမ္ပဏီက ပစ္စည်း ၅၀၀၀၀ အတွက် လျှော့ဈေးများပေးခဲ့သည်။ SHOP.com ၏ ဈေးဝယ် app ကို အသုံးပြုသူ ၁၅၀၀၀၀ ကျော်ရှိသည်ဟု သိရသည်။
Samsung၊ Xiaomi၊ Huawei၊ Honor၊ Ponds၊ Vaseline၊ ERKE၊ Adidas၊ Nike နှင့် Maybelline တို့ကဲ့သို့သော နာမည် ကျော် ကုန်အမှတ်တံဆိပ်များက ၉၀ ရာခိုင်နှုန်း အထိ လျှော့ဈေးများ ပေးခဲ့သည်။ VISA၊ CB VISA နှင့် AGD VISA ကတ် ကိုင်ဆောင်သူများကို ကုမ္ပဏီက နောက်ထပ် ၂၂ ရာခိုင်နှုန်းအထိ လျှော့ဈေးများပေးခဲ့သည်။ ရောင်းချသူများသို့လည်း ကော်မရှင် ၀ ရာခိုင်နှုန်း ပေးခဲ့သည်။
အင်တာနက်ထိုးဖောက်မှုနှင့် မိုဘိုင်းဖုန်း အသုံးပြုမှု လျှင်လျှင်မြန်မြန် ကျယ်ပြန့်လာခြင်းကြောင့် မြန်မာနိုင်ငံတွင် အွန် လိုင်းမှ ဈေးဝယ်ခြင်းက အလျှင်အမြန် ဖွံ့ဖြိုးလာမည်ဟု Alibaba က မျှော်လင့်ထားသည်။
SHOP.com ကို မေလအတွင်းတွင် Alibaba က ဝယ်ယူလိုက်သည့် Daraz Group က ပိုင်ဆိုင်သည်။ Daraz သည် တောင်အာရှတွင် ထိပ်တန်း e-commerce ကုမ္ပဏီတခု ဖြစ်ပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် နီပေါလ် တွင် လုပ်ငန်းများဆောင်ရွက်နေသည်။
SHOP.com ဝက်ဆိုက်နှင့် ၎င်း၏ app တို့ကို ပုဂ္ဂိုလ်ရေးလိုအပ်ချက်နှင့်အညီ ပြုလုပ်နိုင်သည့် အချက်များနှင့် ပုဂ္ဂလိက ဆိုင်ရာ အချက်အလက်များကာကွယ်ရေးတို့ ထည့်သွင်းခြင်းအပါအဝင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။ 11.11 အွန် လိုင်းဈေးရောင်းပွဲသည် Alibaba က ပိုင်ဆိုင်ပြီးနောက် SHOP.com ၏ ပထမဆုံးသော စီမံကိန်းဖြစ်သည်။
ကမ္ဘာ့အဆင့် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုခြင်းမှတဆင့် ဝယ်သူများအတွက်ရော ရောင်းသူများအတွက်ပါ ယုံ ကြည်စိတ်ချရမှု အရှိဆုံး အွန်လိုင်းဈေးရောင်း ပလက်ဖောင်းတခု ဖြစ်လာရေးအတွက် ရည်ရွယ်ထားကြောင်း Alibaba က ထုတ်ပြန် ကျေညာခဲ့သည်။ မြန်မာနိုင်ငံသားများကြားတွင် e-commerce နှင့် ပတ်သက်၍ အသိအမြင်များ မြှင့်တင်ပေးနိုင် ရေးအတွက် အားထုတ်မှုတခုကို ပြုလုပ်သွားမည်ဟုလည်းပြောသည်။
Telenor ၏ “Digital Myanmar 2018” အမည်ရှိ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ မိုဘိုင်းသိပ်သည်းမှု သို့မဟုတ် ထိုး ဖောက်မှုနှုန်းက ၁၀၅ ရာခိုင်နှုန်း ရှိပြီး ပြည်သူများ၏ ၈၀ ရာခိုင်နှုန်းက စမတ်ဖုန်းများမှ တဆင့် အင်တာနက်သုံးစွဲနေ ကြောင်းသိရသည်။ သို့သော်လည်း လူဦးရေ၏ အများစုမှာ ကတ်ဖြင့် ငွေပေးချေသည့် စနစ်များမှ တဆင့် အွန်လိုင်းမှ ဈေး ဝယ်ခြင်းနှင့် အကျွမ်းတဝင် မရှိကြသေးပါ။
ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသည့် Myanmar Payment Union က အွန်လိုင်းမှ အရောင်းအဝယ် ပြုလုပ်၍ မရသေးသော် လည်း မြန်မာနိုင်ငံတွင် ငွေပေးချေရေးအတွက် အခြားသော ရွေးချယ်စရာများ ရှာဖွေနေသည်ဟု SHOP ကပြောသည်။
11.11 ဈေးရောင်းပွဲနှင့် ပတ်သက်၍ SHOP ၏ ပူးတွဲ မန်နေးဂျင်းဒါရိုက်တာ Frans Maas က “မြန်မာနိုင်ငံက e-commerce လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှာ 11.11 က နောက်ထပ် သမိုင်းဝင် မှတ်တိုင် ဖြစ်ပါတယ်” ဟု ပြောသည်။
“ဘယ်တုန်းကမှ လူတွေအများကြီး အွန်လိုင်းပေါ်မှာ တရက်အတွင်း အရောင်းအဝယ် မလုပ်ခဲ့ဖူးပါဘူး။ ကျနော်တို့ရဲ့ ရောင်းသူတွေနဲ့ ဝယ်ယူသူတွေက အလွန်စိတ်အားထက်သန်စွာ တုန့်ပြန်ခဲ့ကြပါတယ်” ဟု သူက ထပ်ပြောသည်။
ကမ္ဘာ့အကြီးဆုံး အရောင်းနေ့ အဖြစ် ကုမ္ပဏီက ရည်ရွယ်ထားသော 11.11 သည် Alibaba ၏ ဈေးကွက်မြှင့်တင်ရေး အဓိက လှုပ်ရှားမှုတခု ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ကုမ္ပဏီက ထိုနေ့တွင် တကမ္ဘာလုံး၌ အမေရိကန်ဒေါ်လာ ၂၅.၄ ဘီလီ ယံဖိုး ရောင်းချခဲ့ရသည်။ ထိုပမာဏက ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၅.၈ ဘီလီယံ၊ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၉.၃ ဘီလီယံ နှင့် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၁၄.၃ ဘီလီယံ ရှိခဲ့ရာမှ တိုးလာခဲ့ခြင်းဖြစ်သည်။
(Myanmar Shoppers Spend $90,000 in 1 Hour During Alibaba’s ‘11.11’ Online Sale ကို ဘာသာပြန်ဆိုသည်။)