မြန်မာ- တရုတ် နယ်စပ်၌ စီးပွားရေးဇုန်များ အကောင်အထည် ဖော်ဆောင်ရွက်ရန် အတွက် နှစ်နိုင်ငံ ဆွေးနွေးမှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) က သိရသည်။
စီးပွား/ကူးသန်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက“နယ်စပ် စီးပွားရေးဇုန် ကတော့ ၃ ခုပေါ့ နော်။ ကချင်ပြည်နယ်မှာ က ကန်ပိုက်တီး၊ ရှမ်းပြည်နယ်မှာ မူဆယ်၊ ကိုးကန့်မှာ ကျတော့ ချင်းရွှေဟော်၊ အဲဒီ ၃ ခုကို ကျနော်တို့ အကောင်ထည် ဖော်မယ်။ အခု စတော့ အကောင်အထည် ဖော်နေပါပြီ။ ဆွေးနွေးမှုတွေ စနေပြီ”ဟု ပြောသည်။
ဆက်လက်၍ ဒုဝန်ကြီးက“ကျနော်တို့ အခု ပထမဆုံး ဦးစားပေး အကောင်ထည် ဖော်တာကတော့ မူဆယ်နဲ့ ရွှေလီရဲ့ ကြား မှာ ပေါ့။ စပြီး အကောင်ထည် ဖော်မယ်။ သူတို့ဘက်ကလည်း ကျယ်ဂေါင်ကို ခြံစည်းရိုး ကာပြီးပြီ။ ကျနော်တို့ ဘက်မှာ လည်း မူဆယ်က New Star Like ဆိုတဲ့ ကုမ္ပဏီ ရှိတဲ့ နေရာ ရှိတယ်။ အဲဒီနေရာကို ခြံစည်းရိုး ခတ်လိုက်ရင်တော့ ဒီဇုန် က အကောင်အထည် ဖော်ပြီးသွားတဲ့ အခြေအနေ ရှိတဲ့ အခါကျတော့ ကျနော်တို့ စလုပ်နေပြီ”ဟု ဆိုသည်။
အဆိုပါ စီးပွားရေးဇုန် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လာမည့် ဒီဇင်ဘာလ အတွင်း၌ မူဆယ်မြို့တွင် ပြု လုပ်မည့် နယ်စပ် ကုန်စည် ပြပွဲ၌ တရုတ်နိုင်ငံနှင့် အသေးစိတ် ထပ်မံ ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းသို့ ဆွေး နွေးရာတွင် အစိုးရ အချင်းချင်း ညိုနှိုင်းခြင်းနှင့် နှစ်ဖက် စီးပွားရေး လုပ်ငန်းရှင်များ ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
“ဘယ်လို စက်မှုဇုန်တွေ ထောင်ကြမလဲ ဘာလုပ်မလဲ ဆိုတာ ဆွေးနွေးမယ်။ အစိုးရ အချင်းချင်း လုပ်ဆောင်ရမှာပဲ။ ဒါပေမယ့် ကျနော်တို့က ပုဂ္ဂလိကကိုလည်း ပါဝင်မယ့် သဘောပေါ့။ အစိုးရ အသိအမှတ်ပြုတဲ့ ကုမ္ပဏီတွေကို ပါဝင်ခွင့် ပေးတယ်။ ကျနော်တို့ မကြာခင်မှာ ဒီဇုန်မှာ ပါဝင် လုပ်ကိုင်ချင်တဲ့ သူတွေ Expression of Interest (EOI) ခေါ်မယ်။ သူတို့ လုပ်နိုင်လား မလုပ်နိုင်လား ဆန်းစစ်ပြီးတော့ ပေးမယ်”ဟု ဦးအောင်ထူးက ရှင်းပြသည်။
ယင်းကဲ့သို့ နယ်စပ် စီးပွားရေးဇုန်များ ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်း စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများ ရရှိလာခြင်း၊ ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ လာခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်း (SMEs)များ ဖွံ့ဖြိုး တိုးတက်လာ၍ ကုန်ထုတ်စွမ်းအား မြင့်မားလာခြင်းနှင့် အတူ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများ တိုးတက်လာမည်ဟုလည်း စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင် လေးက“စီးပွားရေးဇုန်တွေ လုပ်ခြင်းက မြန်မာနိုင်ငံက တဖက်နိုင်ငံတွေကို သွားလုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ကိုယ့် နိုင်ငံမှာ ပြန်ပြီး အလုပ်လုပ်လာ နိုင်မယ်။ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်နိုင်ငံထဲမှာတင် လုပ်ငန်းတွေ လုပ် ကိုင် လို့ရမယ်။ အကျိုး ရှိပါတယ်။ နှစ်ဖက် ပူးပေါင်း လုပ်ဆောင်တော့ နည်းပညာတွေလည်း ရလာနိုင်တယ်”ဟု ဧရာဝတီ သို့ ပြောဆိုသည်။
တရုတ်နိုင်ငံ အနေနှင့်လည်း စက်ရုံ၊ အလုပ်ရုံများကို ပူးပေါင်းပြီး လာရောက် တည်ထောင်၍ ရသောကြောင့် အကျိုး အမြတ် များ ရရှိနိုင်ကြောင်း၎င်းက ပြောသည်။
ဆက်လက်၍ ဒေါက်တာ မောင်မောင်လေးက“စီးပွားရေး လုပ်ငန်းတွေ လုပ်သာ ကိုင်သာ ရှိဖို့ကတော့ ကြိုးနီ စနစ်တွေကို အစိုးရကလည်း အခု ဖြေလျှော့နေပါတယ်။ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ အကောက်အခွန် စည်းမျဉ်း စည်းကမ်းတွေလည်း ပြန်ဆွဲ လုပ်ကိုင်နေတာလည်း ရှိတယ်။ အဲဒီတော့ နယ်စပ်မှာ စက်မှုဇုန်ထောင်မယ် ဆိုရင် တဖက်နိုင်ငံက ကုန်ကြမ်းတွေ တင်သွင်းပြီး မြန်မာမှာ ကုန်ချော ထုတ်လို့ ရတယ်။ မြန်မာက ကုန်ကြမ်းကိုလည်း တဖက်နိုင်ငံက နည်းပညာနဲ့ လုပ်လို့ရ တယ်”ဟု ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် တည်ဆောက်မည့် နယ်စပ် စီးပွားရေးဇုန် ၃ ခုမှာ တရုတ်နိုင်ငံ၏ မဟာ ဗျူဟာကျသော စီးပွားရေး ရပ်ဝန်း တခု၊ လမ်းတခု၏ အစီစဉ် (BRI) အစိတ်အပိုင်း တခု ဖြစ်သည့် အပြင် နယ်စပ် စီးပွား ရေးဇုန်များ ပူးပေါင်း ဆောင်ရွက်ရန် အတွက် ပြီးခဲ့သည့် ဇူလိုင်လက အတည်ပြုခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စက်မှုဇုန် တည်ဆောက်ရေးနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် သြဂုတ်လက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း သဘောတူညီချက် အရ ၂၀၁၇ ခုနှစ် မေလ၌ မြန်မာ- တရုတ် နှစ်နိုင်ငံကြား နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) အား လက်မှတ် ရေးထိုးခဲ့သည်။
စီးပွားရေး လုပ်ငန်းများ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် တွေ့ကြုံရသည့် အခက်အခဲများအား အမြန်ဆုံး ဖြေရှင်း ဆောင် ရွက်နိုင်ရန်နှင့် အထူးစီးပွားရေးဇုန် တည်ထောင်ခြင်း ကိစ္စရပ်များနှင့် သက်ဆိုင်မှု မရှိသည့် စီးပွားရေး အကောင် အထည် ဖော်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင် ရွက် မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟို ကော်မတီကို ယခုနှစ် ဧပြီလ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ သည်။