ရခိုင်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ ဂုဏ်သတင်းထိခိုက်ပြီး ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေသော်လည်း ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ (LDCs) အကြားတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အများဆုံး စွဲဆောင်နိုင်သော နိုင်ငံဖြစ်ကြောင်း ဂျပန် စီးပွားရေး သတင်းဌာန Nikkei Asian Review ၏ သတင်းတပုဒ်က ဆိုသည်။
သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် လက်တွေ့ကျသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄.၃ ဘီလီယံကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး၏ အောက်ခြေအုပ်စု ၄၇ နိုင်ငံတွင် ထိပ်ဆုံးသို့ရောက်နေသည် ဟု ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် တိုးတက်မှု ညီလာခံ အစီရင်ခံစာကို ကိုးကား၍ သတင်းက ဆိုသည်။
မြန်မာနိုင်ငံသည် ဒုတိယနေရာမှ အီသီရိုပီးယားကို ကျော်တက်ပြီး အာရှအိမ်နီးချင်း ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို တတိယနှင့် ပဉ္စမနေရာများတွင် ချန်ထားခဲ့သည်။ သို့သော် ထိုနိုင်ငံများသည် အင်ဒိုနီးရှားနှင့် ဗီယက်နမ်ကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်များနှင့် ယှဉ်လျှင် များစွာ နောက်ကျ ကျန်နေသေးသည်။
ကမ္ဘောဒီးယားနိုင်ငံက လက်ခံရရှိသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၈ ဘီလီယံသည် လွန်ခဲ့သော ၇ နှစ်က ရရှိသည်ထက် နှစ်ဆတိုးလာကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံရရှိသော ဒေါ်လာ ၂.၁၅ ဘီလီယံမှာ လွန်ခဲ့သော တနှစ်ကထက် ဒေါ်လာ သန်း ၇၀၀ နီးပါး ကျဆင်းသွားသည်။ ထိုသို့ ကျဆင်းသွားရခြင်းမှာ နိုင်ငံ၏ အဓိကကျသော အထည်ချုပ်ကဏ္ဍမှ အခြားကဏ္ဍများတွင်လည်း စီးပွားရေးကို ဖြန့်ခွဲထားရန် လုပ်ဆောင်မှု နှေးကွေးသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
လက်ရှိ အဆင်းရဲဆုံးနိုင်ငံအဆင့် သတ်မှတ်သည့် နည်းလမ်းမှာ ထိုနိုင်ငံများမှ လူတဦးချင်း ပျမ်းမျှဝင်ငွေသည် တနှစ် ဒေါ်လာ ၁၂၃၀ အောက် နိမ့်ကျခြင်းကို သတ်မှတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အာရှမှ ထိုနိုင်ငံများသည် အထည်ချုပ်နှင့် ဖိနပ်ကဲ့သို့သော လုပ်အားခနိမ့်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ကို အားထားနေကြရသည်။ ထို ၄၇ နိုင်ငံအနက် ၃၁ နိုင်ငံမှာ အာဖရိကမှဖြစ်သော်လည်း အာရှမှ အာဖဂန်နစ္စတန်၊ ဘူတန်၊ အရှေ့တီမော၊ ယီမင်၊ လာအိုနှင့် နိပေါတို့လည်း ပါဝင်ကြသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ၏ ၃၆ ရာခိုင်နှုန်းမှာ တရုတ်နှင့် ဟောင်ကောင်မှဖြစ်သည်ဟု မြန်မာနိုင်ငံ၏ တရားဝင်စာရင်းများအရ သိရသည်။
လွန်ခဲ့သော နှစ် ၃၀ အတွင်း ရင်းနှီးမြှုပ်နှံမှုများ၏ ထက်ဝက်ခန့်မှာ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တု တူးဖေါ်ရေးကဏ္ဍတွင်ဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍတွင် ၁၇ ရာခိုင်နှုန်းနီးပါးနှင့် ကုန်ထုတ်လူပ်မှုကဏ္ဍတွင် ၁၀ ရာခိုင်နှုန်းကျော်သာရှိသည်။ လွန်ခဲ့သောနှစ်က ဆက်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုမှာ နှစ်စဉ် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်း အသီးသီး ရှိလာသည်။
လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းကျော် တိုးလာပြီး ထိုပမာဏသည် ကမ္ဘောဒီးယားသို့ စီးဝင်သောပမာဏထက် သုံးဆ ပိုမိုမြန်ဆန်သည်။ လာအိုတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းကြောင့် ကုန်းတွင်းပိတ်လာအိုတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်နှစ် ဆက်တိုက် ကျဆင်းရသည်။ တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယားတွင်လည်း အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်သည်။
တရုတ်နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေးဖြစ်လာမည်ဟု ခန့်မှန်းတွက်ချက်မှု အများအပြားရှိနေသောကြောင့် အာရှ၏ အဆင်းရဲဆုံးနိုင်ငံများသည် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်မှတဆင့် တရုတ်နိုင်ငံ၏ စီးပွားရေး အဝန်းအဝိုင်းအတွင်း ရောက်ရှိသွားနိုင်ခြေ ရှိနေသည်။
သို့သော် အမေရိကန်နိုင်ငံက ရပ်ဝန်းတခု၊ လမ်းတခုအစီအစဉ်ကို ၎င်းတို့၏ အခြေခံအဆောက်အအုံဆိုင်ရာ ကတိကဝတ်များနှင့် တရုတ်သွင်းကုန်များကို အခွန်မြှင့်တင်ခြင်းတို့ဖြင့် တန်ပြန်ရန် ရည်မှန်းထားသောကြောင့် ပြည်ပကုမ္ပဏီးများသည် တရုတ်နိုင်ငံ၏ ကြီးမားသော ဈေးကွက်တွင် လုပ်ငန်းကုန်ကျစရိတ်မြင့်မားခြင်းကို ကြုံရပြီး ပြန်လည်သုံးသပ်နေသောကြောင့် လုပ်အားခနိမ့်သော အာရှနိုင်ငံငယ်များအတွက် အကျိုးအမြတ် ထွက်နိုင်သည်။
တရုတ်နှင့်အမေရိကန်တို့ အာရှတွင် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု စစ်ပွဲဖြစ်လာလျှင်လည်း ဖွံ့ဖြိုးမှုနည်းသော အာရှနိုင်ငံများသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးလာနိုင်သည်။
ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် လာအိုတို့သည် လာမည့်နှစ်အတွင်း အဆင်းရဲဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်မည်ဟုလည်း ထို အစီရင်ခံစာက ဆိုသည်။ တဦးချင်း ဝင်ငွေ ဒေါ်လာ ၁၃၀၀ ရှိသော ကမ္ဘောဒီးယားသည်လည်း ထိုသို့နိမ့်ကျသော သတ်မှတ်ချက်ကို ကျော်လွှားနိုင်ခြေ ရှိသည်။
နောက်အဆင့်တခုသို့ တက်လာခြင်းကြောင့် ပေးဆပ်ရသော တန်ဖိုးများလည်း ရှိသည်။ နိုင်ငံအဆင့်တက်လာပါက အလှူငွေ ကျဆင်းမှုနှင့် ကုန်သွယ်ရေး အထူးအခွင့်အရေးများ ဆုံးရှုံးခြင်းကို ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည်။
လက်ရှိတွင်မူ ကမ္ဘောဒီးယားနှင့်မြန်မာနိုင်ငံတို့သည် အဆင်းရဲဆုံးနိုင်ငံအဆင့်မှ တက်မလာမီမှာပင် ဥရောပသမဂ္ဂဈေးကွက်သို့ အထူးအခွင့်အရေး ဆုံးရှုံးနိုင်ခြေကို ရင်ဆိုင်နေရသည်။ ထိုသို့ ဆုံးရှုံးပါက ရင်းနှီးမြှုပ်နှံရန်နေရာများအဖြစ် ၎င်းတို့၏ စွဲဆောင်နိုင်မှု ကျဆင်းသွားမည်ဖြစ်သည်။
နိုင်ငံက အဓိက အတိုက်အခံပါတီကို ချေမှုန်းလိုက်ခြင်းနှင့် မြန်မာစစ်တပ်က ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များကို မြေလှန်စစ်ဆင်ခဲ့သောကြောင့် ဥရောပသမဂ္ဂက ထိုနှစ်နိုင်ငံအတွက် ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ထားသည်။
မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့ ရသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအောက် များစွာနိမ့်ကျနေသေးသည်။ လွန်ခဲ့သောနှစ်က ထိုနိုင်ငံများသည် ဒေါ်လာ ၂၃.၁ ဘီလီယံ၊ ၁၄ ဘီလီယံ၊ ၁၀ ဘီလီယံနှင့် ၉.၁ ဘီလီယံ အသီးသီးရရှိကြသည်ဟု ASEAN ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအရ သိရသည်။