တနင်္သာရီတိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန် ကနဦးအဆင့် အကောင်အထည်ဖေါ်မည့်နေရာတွင် နေထိုင်သော ဒေသခံများက ထိုစီမံကိန်း ပြန်လည်စတင်ရန် နှင့် ထိုနေရာသို့ ဦးတည်သည့် အဝေးပြေး လမ်းမကြီးကို အဆင့်မြှင်တင်ရေးဆိုင်ရာ ထိုင်းနှင့် မြန်မာနိုင်ငံအကြား မကြာသေးမီက သဘောတူညီမှုကို သတိထားထောက်ခံခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရသည် ထိုင်းမြန်မာနယ်စပ်မှ ထိုအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းသို့ ဆက်သွယ်သော အဝေးပြေးလမ်းမကို နှစ်နိုင်ငံ ပူးပေါင်း အဆင့်မြှင့်တင်မည့် အမေရိကန်ဒေါ်လာ ၈ သန်းတန် သဘောတူညီချက်တခုကို ယခုလ အစောပိုင်းက လက်မှတ်ရေးထိုးခဲ့သည်။
စီမံကိန်းနှင့် ပတ်သက်သော လူထုအမြင်ကို တိုင်းတာရန် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများဖြစ်ကြသည့် EarthRights International (ERI) နှင့် ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (DDA) တို့သည် ‘ထားဝယ် အထူးစီးပွားရေးဇုန်အတွက် ဒေသခံတို့၏ အသံများနှင့် အလားအလာများ’ အမည်ရှိ ၆ လကြာ လေ့လာမှုတခုကို ပူးတွဲ ပြုလုပ်ခဲ့သည်။
ထိုလေ့လာမှု အစီရင်ခံစာကို နိုဝင်ဘာလ ၂၉ ရက်နေ့နေ့မွန်းလွဲပိုင်းက ရန်ကုန်တွင် ကျင်းပပြီး ဒေသခံကျေးရွာသား ၄ ဦးတက်ရောက်သည့် သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ပြန်ကြေညာသည်။ ထိုအစီရင်ခံစာသည် အထူးစီပွားရေးဇုန်စီမံကိန်း၏ ဗဟိုတွင်ရှိသော နဘူးလယ် ဒေသမှရွာ ၆ ရွာဖြစ်သော ပရာဒတ်၊ ထိန်ကြီး၊ မုဒု၊ ဝက်ချောင်း၊ ကမောင်းချောင်နှင့် ငပိဒက် ကျေးရွာများကို ဗဟိုပြုသည်။
အထူးစီးပွားရေးဇုန် ပြန်လည်စတင်မည်ဟု သတင်းကြားရသောအခါ မည်သို့ခံစားရသည်ကို ကျေးရွာသားလေးဦးအား ဧရာဝတီ သတင်းဌာနက မေးမြန်းခဲ့သည်။ ထိုစီမံကိန်းကို ထောက်ခံကြောင်း သို့သော် အစိုးရအနေဖြင့် သတင်းအချက်အလက် မျှတစွာရရှိရေး၊ စနစ်ကျသော မြေယာလျော်ကြေး အစီအစဉ်၊ တည်ဆောက်မည့်နေရာနှင့်ပတ်သက်သော ပွင့်လင်းမြင်သာမှု၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကြောင်း တိုးတက်မည့်အလာအလာတို့နှင့် ပတ်သက်ပြီး အာမခံရမည်ဟု ၎င်းတို့ကပြောသည်။
အထူးစီးပွားရေးဇုန်အတွင်း တည်ရှိနေသော ကျေးရွာများသည် မဟာဓါတ်အားလိုင်းနှင့်ဖြစ်စေ အစိုးရက လုပ်ကိုင်သည့် ဓါတ်ငွေ့တာဘိုင်နှင့်ဖြစ်စေ ချိတ်ဆက်မှုမရှိကြောင်း နဘူးလယ် ကျေးရွာမှ ဒေါ်ပိုဝင်းကပြောသည်။ လမ်းအခြေအနေမှာလည်း လွန်စွာ တိုးတက်မှုနိမ့်ကျနေသော်လည်း ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုတို့သည် ၂၄ နာရီ လျှပ်စစ်ဓါတ်အားရရှိကြသည်ဟု သူပြောသည်။ ကျေးရွာသား အများစုတို့သည် ပုဂ္ဂလိက ဓါတ်အားပေးစက်များမှ လျှပ်စစ်ဓါတ်အားကို တယူနစ်လျှင့် ၉၀၀ ကျပ်မျှဖြင့် ဝယ်ယူသုံးစွဲနေကြရသည်ဟု ဆိုသည်။
“အထူးစီးပွားရေးဇုန် ပြန်စမှာနဲ့ပတ်သက်ပြီး ကျမတို့အရမ်းဝမ်းသာပေမယ့် အရင်တခါကထက်တော့ အခြေအနေတွေ ပိုတိုးတက်လာဖို့မျှော်လင့်တယ်” ဟု ဒေါ်ပိုဝင်းပြောသည်။
ကနဦးအဆင့်ဖြစ်သော စက်မှုဇုန်သည် အမေရိကန်ဒေါ်လာ၁.၈ ဘီလီယံ ကုန်ကျမည်ဟု မျှော်လင့်ရပြီး ၂၇ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည်။ ထိုကုန်ကျစရိတ်မှာ ကနဦးအဆိုပြုထားသော ကုန်ကျစရိတ်ထက် များစွာလျှော့နည်းပြီး ၎င်း၏အစိတ်အပိုင်းမျှသာ ရှိသည်။ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ နောက်ဆုံး အကြံပြုချက်တခုအရ စီမံကိန်း၏ အဆင့်အားလုံးကို တပြိုင်နက် စတင်နိုင်မည်ဟု ERI က ယုံကြည်သည်။
ထိုအထူးစီးပွားရေးဇုန်မှ ရရှိနိုင်သော အကျိုးကျေးဇူးများကို အစိုးရက အမြဲလိုလို အလေးထားပြောကြားနေသော်လည်း စီမံကိန်းနှင့် ပတ်သက်သည့် မရေရာသည့် သတင်းအချက်အလက်များကို သာ ထုတ်ပြန်သည်ဟု ERI ကပြောသည်။ ထို့အပြင် ဒေသခံများသည် အီတာလျံ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီ (ITD) ကြောင့် ပျက်စီးသွားသော မြေများအတွက် လျှော်ကြေး တကျပ်ပင် မရသေးပေ။
ITD သည် လျှော်ကြေးပေးရာတွင် သြဇာရှိသူများ၏ အလိုကို လိုက်ခဲ့ပြီး မမျှတသောကြောင့် သာမာန်လယ်သမားများမှာ အနည်းငယ်သာရရှိသည်ဟု ERI ၏ အကြံပေး ကိုဘိုဘိုအောင်က ပြောသည်။ ထိုကုမ္ပဏီသည် ဒေသခံများ၏ မြေများအတွက် ပေါက်ဈေးအတိုင်း ပေးလျှော်ခြင်း ရှိမရှိနှင့် ထုံးစံအတိုင်းသာ လျှော်ကြေးပေးခဲ့ခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရပေ။
“တချို့ရွာသားတွေက စီမံကိန်းပြန်စမယ်ဆိုရင် လျှော်ကြေးထပ်ရဖို့ မျှော်လင့်နေတုန်းပဲ။ လျှော်ကြေးတွေကသာ သူတို့ဘဝတိုးတက်ဖို့ တခုတည်းသော နည်းလမ်းလို့သူတို့ယုံကြည်လို့ ဒီလိုမျှော်လင့်နေတာ” ဟု ကိုဘိုဘိုအောင်ပြောသည်။
အစိုးရ၏ ပြန်လည်နေရာချထားရေး စီမံချက်များကလည်း အမြဲလိုလို ထိခိုက်သော အသိုင်းအဝန်းများကို ခွဲခြားပစ်သည်။
ထိုအထူးစီးပွားရေးဇုန် စီမံကိန်းသည် ယခင် ဦးသိန်းစိန် အစိုးရ၏ အကြံအစည်ဖြစ်သည်။ မဟာစီမံချက်တွင် ရေနက်ဆိပ်ကမ်းတခု၊ ကျယ်ပြန့်သော ရေနံဓါတု စက်မှုဇုန်တခု၊ အသေးစားနှင့် လုပ်အား အပြင်းအထန်လိုသော စက်မှုလုပ်ငန်းများအတွက် စက်မှုဇုန်အသေးတခု၊ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတရုံ၊ ရေကာတာ တခု၊ အလုပ်သမားများအတွက် မြို့သစ်တခု၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများနှင့် ထိုင်းနိုင်ငံနှင့်ချိတ်ဆက်သော ရထားလမ်း ကားလမ်းများ ပါဝင်သည်။
ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို ၂၀၁၂ ခုနှစ်က ဒေသခံများ ကန့်ကွက်သောအခါ အစိုးရက ထိုစီမံကိန်းကို နှစ်အတန်ကြာ ဆိုင်းငံ့ထားခဲ့သည်။ လက်ရှိ အစိုးရသည် ထိုကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို ဆက်လက်ဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။
ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွားတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဌာန (NEDA) ထံမှ ဘတ် ၄.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၇ သန်းခန့်) အတိုးနိမ့်ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော်က ဆောက်လုပ်ရေးဝန်ကြီးဌာနကို ခွင့်ပြုထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ အဝေးပြေး လမ်းမကြီးများဌာနနှင့် ၂၀၁၅ ခုနှစ်မှ စတင် ပူးပေါင်းဆောင်ရွက်နေပြီး အဝေပြေးလမ်းအတွက် တိုင်းတာမှုများ ပြုလုပ်နေသည်။
(Villagers Support Dawei SEZ Resumption but Demand Fairness ကို ဆီလျော်အောင် ဘာသာပြန်သည်။)