တိုကျိုမြို့ရှိ ပြင်သစ် သံအမတ်၏ နေအိမ်တွင် နိုဝင်ဘာ ၁၉ရက်နေ့ ညနေခင်းက ပြုလုပ်သည့် ပါတီတခုတွင် ဂုဏ်သရေရှိ ဧည့်သည်များ စုရုံးမိကြချိန်တွင် လူတိုင်း၏ အာရုံစူးစိုက်မှုက ထိုနေရာတွင် ရှိမနေသော လူတယောက်ထံ၌ ရှိနေ၏။
နစ်ဆန်းမော်တာ Nissan Motor ၏ ဥက္ကဌဟောင်း ကားလို့စ်ဂွန်း Carlos Ghosn အဖမ်းခံရသည့် သတင်းက ထွက်ပေါ်နေခဲ့သည်။ ထို့ကြောင့် ဂျပန် ဗဟို ဘဏ်အုပ်ချုပ်ရေးမှူး Haruhiko Kuroda က သူ၏ နိုင်ငံနှင့် ပြင်သစ်တို့၏ ချစ်ကြည်ရင်းနှီးမှုအတွက် အရက်ခွက်ကို မြှောက်၍ ဆုတောင်းချိန်တွင် ပါတီတက်ရောက်လာသူများက တစုံတရာ ဘာမှ အမှားအယွင်း မရှိသလိုမျိုးဖြင့် ရှန်ပိန်ခွက် ချင်းတိုက်လိုက်ကြသော်လည်း အများစုမှာ တီးတိုးမပြောဘဲ မနေနိုင်ခဲ့ကြပါ။
“သူတကယ် အဖမ်းခံရတာလား” ဟု တယောက်က ပြောသည်။ “သတင်းအသစ ်ရှိသေးသလား။”
ပြင်သစ် အမှုဆောင်အချို့ ရှိနေခြင်းက အခြေအနေကို ပို၍ပင် ကမောက်ကမ ဖြစ်စေခဲ့သည်။ ပြင်သစ်မော်တော်ကား ကုမ္ပဏီ ရေးနော့ Renault ၏ ဥက္ကဌဟောင်း လူဝီရွှစ်ဇာ Louis Schweitzer လည်း ရှိနေသည်။ သူက အသက်ငင်နေသော Nissan ကို ကယ်တင်ရန် ၁၉၉၉ ခုနှစ်တွင် ကားလို့စ်ဂွန်းကို စေလွှတ်ပေးခဲ့သူ ဖြစ်သည်။
ပြင်သစ်နိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေး ဒုတိယ ဝန်ကြီး Agnes Pannier-Runacher က လေးလေးနက်နက် အသွင်ရှိနေ သည်။ Nissan အမှုဆောင် တဦးက သတင်းထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ကြောင်းကို သာ ပြောလိမ့်မည် ဖြစ်သည်။
ထိတ်လန့်စရာကိစ္စက လောလောလတ်လတ်သာ ရှိသေးသည်။ သို့သော်လည်း ကားလို့စ်ဂွန်းကို ဖမ်းဆီးသည်အထိ ရောက်စေခဲ့သော အဖြစ်အပျက်များက ပြီးခဲ့သည့် ၆ လ ခန့်ကထဲက စတင်နေခဲ့ပြီ ဖြစ်သည်။
မလျှော်မကန်ပြုလုပ်ခြင်း ဖြစ်နိုင်သည့် သက်သေအထောက်အထားကို သတိပြုမိချိန်တွင် Nissan မှ အကြီးတန်း အတွင်းလူတဦးက ကားလို့စ်ဂွန်း၏ လျှို့ဝှက် ဘဏ္ဍာရေး အချက်အလက်များကို စေ့စေ့စပ်စပ် စစ်ဆေးနေခဲ့ပြီ ဖြစ်သည်။ သူ ထိတ်လန့် တုန်လှုပ်ခဲ့ရသည်။ “အဲဒါကို ခွင့်မပြုသင့်ဘူး” ဟုသူက စာရွက်စာတမ်းများကို ပိုက်စိပ်တိုက် စစ်ဆေးခဲ့သည့် အကြောင်းများကို ပြန်ပြောပြသည်။
အဆိုပါ အတွင်းလူ အပါအဝင် ထိပ်တန်း လျှို့ဝှက် စုံစမ်းစစ်ဆေးရေး အဖွဲ့တခုကို ကုမ္ပဏီအတွင်းတွင် ဖွဲ့စည်းခဲ့သည်။ စုံစမ်းစစ်ဆေးမှုကို ကားလို့စ်ဂွန်း အပါအဝင် ကုမ္ပဏီ အမှုဆောင် အများအပြား မသိအောင် လျှို့ဝှက်ထားခဲ့သည်။ သက်သေအထောက်အထား ပြည့်စုံသည်အခါ ဂျပန်အာဏာပိုင်များက ကားလို့စ်ဂွန်းကို သူ၏ ကိုယ်ပိုင် Gulfstream ဂျက်လေယာဉ်ပေါ်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
နိုဝင်ဘာ၁၉ ရက်နေ့ မွန်းလွဲပိုင်းက Haneda လေဆိပ်သို့ လေယာဉ်ဆင်းသက်ပြီးသည်နှင့် တိုကျိုခရိုင် အစိုးရရှေ့နေရုံးမှ ဧဂျင့်များက လေယာဉ်အမှတ် N155AN ပေါ်သို့ တက်ရောက်သွားခဲ့ကြသည်။ ကနဦးစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး နောက် ကုမ္ပဏီ ဥက္ကဌကို ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မြို့တော် တိုကျိုရှိ အစိုးရရှေ့နေရုံးသို့ ခေါ်ဆောင် သွားကြသည်။
နာရီ အနည်းငယ် အတွင်းမှာပင် ကားလို့စ်ဂွန်းကို ဝင်ငွေ အမှန်အတိုင်း မဖော်ပြဘဲ ထိန်ချန်မှုဖြင့် သံသယရှိသည့် အတွက် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
ကားလို့စ်ဂွန်း ရုတ်တရက် အရာကျသွားခြင်းက အောင်မြင်မှု အမြောက်အမြား ရရှိခဲ့ပြီး ဖြစ်သည့် သူ၏ လုပ်ငန်း သက်တမ်းတလျှောက်တွင် အရဲတင်းဆုံး လုပ်ရပ်တခု ဖြစ်နိုင်သည့် Nissan နှင့် Renault ကို ပေါင်းစည်းရန် ပြုလုပ်နေစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည့် ကာလဝန်းကျင်ခန့် ဖြစ်သော ဧပြီလအတွင်းတွင် ထိုစဉ်က ဥက္ကဌက Renault နှင့် Nissan တို့၏ အရင်းအနှီးဆက်သွယ်မှုများနှင့် ပတ်သက်၍ လေ့လာသုံးသပ်မှုတခုကို ကြေညာခဲ့သည်။
Nissan နှင့် ပူးပေါင်းခြင်းက နောက်ကြောင်းပြန်လှည့်၍ မရသည့် အနေအထားမျိုး ဖြစ်စေလိုကြောင်း ပြင်သစ် အစိုးရ က ကားလို့စ်ဂွန်းကို ပြောကြားခဲ့သည်။ သို့သော်လည်း Nissan ၏ ဘုတ်အဖွဲ့က အပြည့်အဝ ပူးပေါင်းခြင်းကို ဆန့်ကျင်လိမ့်မည် ဖြစ်ကြောင်း ကားလို့စ်ဂွန်းက သိထားသည်။ ပြီးခဲ့သည့်နှစ် အတွင်းတွင် နေ့စဉ် စီမံခန့်ခွဲမှုအပိုင်းကို ကားလို့စ်ဂွန်းထံမှ လွှဲပြောင်းယူခဲ့သည့် ဥက္ကဌနှင့် အမှုဆောင်ရာရှိချုပ် Hiroto Saikawa က သူ၏ ကန့်ကွက်မှုကို လူသိရှင်ကြား ပြသခဲ့ပြီး ဖြစ်သည်။
သူ၏ စိတ်ကူးများထဲမှ တခုမှာ ကုမ္ပဏီ ၂ ခုလုံး (Renault နှင့် Nissan )မှ အစုရှယ်ယာများ ပါဝင်သည့် ဦးဆောင်ကုမ္ပဏီ တခု တည်ထောင်ရန် ဖြစ်ကြောင်း ကားလို့စ်ဂွန်း နှင့် နီးစပ်သူများက ပြောကြသည်။
သို့သော်လည်း ထိုစိတ်ကူးကပင်လျှင် သံသယများကို ပေါ်ပေါက်စေခဲ့သည်။ ကားလို့စ်ဂွန်း အနေဖြင့် အမှုဆောင်အရာရှိချုပ် နေရာကို Hiroto Saikawa သို့ လွှဲပြောင်းပေးလိုက်ရခြင်းအားဖြင့် Nissan တွင် သူချုပ်ကိုင်ထားသည့် အာဏာအချို့ ကို အလျှော့ပေးခဲ့ရခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အဓိကကျသည့် ဆုံးဖြတ်ချက်များက သူ၏ လက်တွင် ရှိနေဆဲ ဖြစ်သည်။
နောက်ပိုင်းတွင် ကားလို့စ်ဂွန်းက သူ့အနေဖြင့် အဖွဲ့အစည်းသစ်တခု၏ ထိပ်ဆုံးနေရာကို ရယူရန် ရည်ရွယ်ထားကြောင်း အခြားအမှုဆောင်များကို စောင်းပါးရိပ်ခြည် ပြောပြခဲ့သည်။ ကုမ္ပဏီ ဖွဲ့စည်းပုံအသစ်သို့ ပြောင်းလဲပြီး နောက်ပိုင်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ တွင် Renault နှင့် Nissan ကြားမှ အရင်းအနှီးဆက်နွယ်မှုကို သုံးသပ်ရန် ဘုတ်အဖွဲ့က သဘောတူညီခဲ့ သည်။ သို့သော်လည်း အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပါ။
ကားလို့စ်ဂွန်းက လာမည့်နွေဦးရာသီတွင် ဖွဲ့စည်းပုံအသစ်ကို တရားဝင် ဆုံးဖြတ်သွားရန် ရှိနေသည်ဟု Nissan မှ အမှုဆောင်တဦးက ယုံကြည်ထားသည်။ မတ်လအတွင်းတွင် ပါရီမြို့၌ ခန်းနားကြီးကျယ်စွာ ပြုလုပ်မည့် ပူးပေါင်းမှု နှစ် ၂၀ ပြည့် အခန်းအနားနှင့် တိုက်ဆိုင်စွာ ဖြစ်လာဖွယ်ရှိသည်။
ကားလို့စ်ဂွန်းက ကုမ္ပဏီ ၂ ခုတွင် သူ၏ ထိန်းချုပ်မှု ခိုင်မာ အားကောင်းစေရေး ရည်မှန်းချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့လျှင် ယခု အရှုပ်တော်ပုံက အလင်းရောင် အောက်သို့ ရောက်ချင်မှ ရောက်လာလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကားလို့စ်ဂွန်းက အခြေခံကျသည့် ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် Nissan က ပြင်ပမှ အာဏာပိုင်များကို ခေါ်ယူလာခဲ့သည်။ ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုမှ ရရှိသည့် သတင်းအချက်အလက်များကို ကုမ္ပဏီက အစိုးရ ရှေ့နေ များသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုအချိန်တွင် Renault နှင့် ပြင်သစ်အစိုးရက ဘာမှ မသိဘဲ ရှိနေခဲ့သည်။ ပြင်သစ် သံအမတ်၏ နေအိမ်မှ ပါတီပွဲတွင် တွေ့ခဲ့ရသော Renault မှ ဒါရိုက်တာတဦးမှာ ထိုအကြောင်းကို အွန်လိုင်းမှသာ သိရှိခဲ့ရ သည်။
ဘရာဇီးနိုင်ငံဖွား ပြင်သစ်နိုင်ငံသား တဦးဖြစ်သည့် ကားလို့စ်ဂွန်းသည် ဒေဝါလီ ခံရလုဆဲဆဲ ဖြစ်နေသည့် Nissan ကို ပြန်ဆွဲတင်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာတွင် ထင်ရှားသူတယောက် ဖြစ်လာခဲ့သည်။ သူက (Renault တွင် တွင်ခဲ့သည့် Le Cost Killer ဆိုသော နာမည်ပြောင်နှင့် လျှော်ညီစွာ) အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက်ခြင်း အပါအဝင် အခြေခံကျသည့် ပြင်ဆင်ဖွဲ့စည်းမှုများကို ပြုလုပ်ခဲ့သည်။ သူ့ကိုယ်သူလည်း Nissan ၏ ပြိုင်ဘက်မရှိ ခေါင်းဆောင်ဖြစ်အောင် တည်ထောင်နိုင်ခဲ့သည်။
ကားလို့စ်ဂွန်းက အသုံးစရိတ် လျှော့ချခြင်းထက် များစွာပို၍ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုလျှင် ငြင်းဆန်မည့်သူ အနည်းငယ်မျှသာ ရှိပါလိမ့်မည်။ မနက်အစောကြီးမှသည် ညနက်သည်အထိ အလုပ်လုပ်သည့် သူ၏ အလေ့အကျင့်ကြောင့် “Seven-Eleven” ဆိုသည့် နောက်ထပ် နာမည်ပြောင်တခုကို ရရှိခဲ့သည်။ သူက Nissan ၏ အရိုးစွဲနေသော ကော်ပိုရိတ် ယဉ်ကျေးမှုကို လှုပ်ခါပစ်ခဲ့သည်။ လူငယ်ဝန်ထမ်းများ၏ စကားကို နားထောင်သည်။ ကျား/မ သို့မဟုတ် လူမျိုး မခွဲခြားဘဲ အရည်အချင်းကို အခြေခံ၍ ရာထူးတိုးပေးခြင်းများ ပြုလုပ်ခဲ့သည်။
တလျှောက်လုံးတွင် သူက အခြားသော ဂျပန်ကုမ္ပဏီများမှ အမှုဆောင်များအတွက် ဥပမာ တခုဖြစ်ခဲ့သည်။ ခေတ်မမီတော့သည့် စီမံခန့်ခွဲရေး အစဉ်အလာများကို ဖောက်ထွက်၍ ရနိုင်ကြောင်း ပြသသည့် သက်ရှိထင်ရှား သက်သေ အထောက်အထားတခုလည်း ဖြစ်ခဲ့သည်။
သို့သော်လည်း Renault ၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်လာသည့် ၂၀၀၅ ခုနှစ်တွင် သူက ပျက်စီးမည့် လမ်းကြောင်းသို့ ရုတ်တရက်ပြောင်းသွားခဲ့ခြင်း ဖြစ်နိုင်ပါသည်။
“ရှယ်ယာတွေ အပြန်အလှန် ပိုင်ဆိုင်ခြင်းပေါ်မှာ အခြေခံတဲ့ Nissan နဲ့ Renault ကြားက အရင်းအနှီးဆက်သွယ်မှုက ကုမ္ပဏီ ၂ ခုကို လူတဦးထဲကပဲ ဦးဆောင်လိမ့်မယ်ဆိုတဲ့ အယူအဆနဲ့ ပြုလုပ်ခဲ့တာ မဟုတ်ပါဘူး” ဟု ပူးပေါင်းရေးတွင် ပါဝင်ခဲ့သော အကြီးတန်း အမှုဆောင်ဟောင်းတဦးက ပြောသည်။
၂၀၀၉ ခုနှစ်တွင် Louis Schweitzer အနားယူသွားခဲ့ပြီးနောက် ကမ္ဘာ့ အကြီးဆုံးဟု ဆိုနိုင်မည့် မော်တော်ကား ကုမ္ပဏီ တခု တည်ထောင်နိုင်ရန် ကားလို့စ်ဂွန်းက ပိုမို၍ အားသွန်ဆောင်ရွက်ခဲ့သည်။
Renault-Nissan ပူးပေါင်းမည့် စီမံကိန်းအပြင် အခက်အခဲဖြစ်နေသည့် Mitsubishi Motors ကို ထိန်းချုပ်နိုင်သည့် အစု ရှယ်ယာများကို Nissan က ၂၀၁၆ ခုနှစ်တွင် ရယူခဲ့ရာတွင်လည်း သူက ဦးဆောင်ခဲ့သည်။ ထိုသို့ ရယူလိုက်နိုင်ခြင်းက သူတို့ကို Toyota Motor နှင့် Volkswagen အုပ်စုတို့နှင့်အတူ တနှစ်လျှင် မော်တော်ကား ၁၀ သန်းကျော် ထုတ်လုပ်နိုင်သည့် ထိပ်တန်းအဆင့်သို့ ရောက်ရှိစေခဲ့သည်။
ကားလို့စ်ဂွန်းက သူ့ကိုယ်သူ “မဟာမိတ်အဖွဲ့ ၏ တည်ထောင်သူ” အဖြစ် စတင် ခေါ်ဆိုခဲ့သည်။
သို့သော်လည်း ကုမ္ပဏီများအပေါ်တွင် သူ၏ ထိန်းချုပ်မှုက တင်းကျင်သည်နှင့် အမျှ ကားလို့စ်ဂွန်းအနေဖြင့် သူ၏ အတော်ဆုံး လက်ထောက်များထဲမှ အချို့ကို စတင် ဆုံးရှုံးလာခဲ့သည်။ တချိန်က သူ အားကိုးအားထားပြုခဲ့ရသည့် အမှုဆောင်များက အလုပ်ပြောင်းသွားကြသည်။ အရည်အချင်း ရှိသည်သာမက သူ၏ စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုများကို လိုက်ထိန်းပေးနိုင်သူများကို ဆုံးရှုံးခဲ့ရသည်။
ဘက်ပြောင်းသွားသူများထဲတွင် တယောက်အပါအဝင် ဖြစ်သော Nissan ၏ အမှုဆောင် ဒုတိယ ဥက္ကဌဟောင်းဖြစ်သည့် Andy Palmer က နိုဝင်ဘာလ အစောပိုင်းတွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း မှတ်ချက်အချို့ ပြောသွားခဲ့သည်။
ယခုအခါ ဗြိတိန် ဇိမ်ခံကားထုတ်လုပ်သည့် ကုမ္ပဏီ Aston Martin ၏ အမှုဆောင် အရာရှိချုပ် အဖြစ်ဆောင်ရွက်နေသည့် Andy Palmer က ၂၀၁၄ ခုနှစ်တွင် သူထွက်ခွာခဲ့ရခြင်းမှာ ပတ်ဝန်းကျင်တွင် ကားလို့စ်ဂွန်း ရှိနေသမျှ ထိပ်ဆုံးသို့ သူ မည်သည့် အချိန်တွင်မျှ ရောက်လိမ့်မည် မဟုတ်သည်ကို သတိပြုမိသောကြောင့် ဖြစ်သည်ဟု ပြောသည်။
သူ၏ အလုပ်သစ်တွင် အခွင့်အာဏာကို ဖက်တွယ်ထားရန် ရည်ရွယ်ချက် မရှိကြောင်း Andy Palmer က Nikkei Asian Review သို့ ပြောသည်။“အမှုဆောင်အရာရှိချုပ် အများအပြားက သူတို့ကို ဆက်ခံမယ့်သူကို လေ့ကျင့် ပျိုးထောင်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါက ကျနော့် ရည်ရွယ်ချက် မဟုတ်ပါဘူး။ အနာဂတ်မှာ အမှုဆောင် အရာရှိချုပ် ဖြစ်လာနိုင်မယ့်သူ အများအပြား ကျနော့် နားမှာ ရှိပါတယ်။ ကုမ္ပဏီက ရေရှည်တည်တံ့ပြီလို့ ကျနော် ယုံကြည်တဲ့အခါ ကျနော် Aston Martin ကနေ ထွက်သွားပါ မယ်” ဟု သူကဆိုသည်။
Nissan မှနေ၍ Andy Palmer ထွက်သွားသည့် အချိန်လောက်တွင် မဟာမိတ်အဖွဲ့ အနေဖြင့် နောက်ထပ် အရေးပါသည့် အမှုဆောင်တယောက်ကို ဆုံးရှုံးလိုက်ရသည်။ Renault ၏ လုပ်ငန်း အရာရှိချုပ်(COO) အဖြစ် တာဝန်ထမ်းဆောင်နေပြီး ကားလို့စ်ဂွန်း၏ အနီးစပ်ဆုံး အမွေဆက်ခံမည့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံထားရသည့် Carlos Tavares က Renault ၏ ပြင်သစ်ပြည်တွင်း ပြိုင်ဘက်ကုမ္ပဏီဖြစ်သော PSA Group သို့ ပြောင်းရွှေ့သွားခဲ့သည်။
Nikkei Asian Review နှင့် တွေ့ဆုံမေးမြန်းမှုတွင် Andy Palmer က Nissan ၏ အနာဂတ်ကို မေးခွန်းထုတ်ခဲ့သည်။ ကားလို့စ်ဂွန်းအနေဖြင့် အရေးအကြီးဆုံး လက်ထောက် ၂ ယောက်ကို ဆုံးရှုံးခဲ့သောကြောင့် ဖြစ်သည်။ “သူက သူ့ လက်ရုံး ၂ ဘက် လုံး ကို သွားခွင့်ပြုခဲ့တယ်” ဟု Andy Palmer က ပြောသည်။
နောက်ထပ် အရေးပါသည့် အမှုဆောင်တဦး ဖြစ်သည့် Nissan ၏ ဘဏ္ဍာရေး အရာရှိချုပ် (CFO) ဖြစ်သည့် Joseph Peter ကလည်း မေလတွင် ကုမ္ပဏီမှ ထွက်ခွာသွားခဲ့သည်။ CFO က ဥက္ကဌ၏ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဝေဖန်သော မှတ်ချက် အများအပြား ပြုလုပ်ခဲ့သည်ဟု Nissan မှ အကြီးတန်း အမှုဆောင် တဦးက ပြောသည်။ ကားလို့စ်ဂွန်းနှင့် Joseph Peter တို့ ပဋိပက္ခ ဖြစ်ခဲ့သည်ဟု ခန့်မှန်းမှုများ ပေါ်ပေါက်ခဲ့သည်။
နေ့စဉ် အသေးစိတ် စီမံခန့်ခွဲမှုများကို Hiroto Saikawa က လွှဲပြောင်းယူခဲ့ပြီးနောက် ကားလို့စ်ဂွန်း ဂျပန်နိုင်ငံသို့ လာ ရောက်သည့် အကြိမ်ရေ နည်းသွားသည်။ ဂျပန်နိုင်ငံတွင် ရှိနေသည့်တိုင် ကားလို့စ်ဂွန်းက ရုံးခန်းတွင် ရှိနေသည့် အချိန် နည်းသွားသည်၊ လုပ်ငန်းများနှင့် ပို၍ ဝေးကွာလာသည် ဟု Nissan ဝန်ထမ်းများက ပြောကြသည်။
သို့သော်လည်း သူ၏ ရည်မှန်းချက်က တောက်လောင်နေဆဲ ဖြစ်သည်။ အာဏာပိုင်များက သူ့ကို Haneda လေဆိပ်၌် ဟန့်တားခဲ့သည့် အချိန်တွင် ကားလို့စ်ဂွန်းက သူ၏လုပ်ငန်းသက်တမ်းတွင် နောက်ထပ် အောင်မြင်မှုတခု ဖြစ်စေမည့် Nissan-Renault မဟာမိတ် ပြင်ဆင်ဖွဲ့စည်းရေးအတွက် ပြင်ဆင်နေခဲ့သည်ဟု ယူဆရပါသည်။ ဂျပန်နိုင်ငံတွင် တိုကျို အုပ်ချုပ်ရေးမှူး Yuriko Koike နှင့် တွေ့ဆုံရန် အပါအဝင် သူ့၌ အစီအစဉ်များ အပြည့်ရှိနေခဲ့သည်။
Nissan ဘုတ်အဖွဲ့က သူ့ကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဥက္ကဌရာထူးမှ ထုတ်ပယ်ပစ်လိုက်သည်။ သူ၏ မဟာစီမံကိန်းမှာ ရေစုန်မျောခဲ့ရပြီး သူကလည်း အချုပ်ခန်းအတွင်းတွင် ရှိနေဆဲ ဖြစ်သည်။ မော်တော်ကားကုမ္ပဏီ ၃ ခု မဟာမိတ်အဖွဲ့ (Nissan၊ Renault နှင့် Mitsubishi) မှာ ယခုအခါတွင် မောင်းသူမဲ့ကားကဲ့သို့သော မော်တော်ကားလုပ်ငန်းကို လွှမ်းမိုး နေသည့် နည်းပညာအပြောင်းအလဲများကို အမီလိုက်ရင်း ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုကို ပြန်လည်ရယူရေး အတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် ကားလို့စ်ဂွန်း က Nissan ကို သူရောက်လာစဉ်က အခြေအနေအတိုင်း အကျပ်အတည်းအတွင်း ပြန်ထား ရစ်ခဲ့သည်ဟု ဆိုလျှင် ရနိုင်ပါလိမ့်မည်။
(Nikkei Asian Review ပါ Akito Tanaka နှင့် Masayasu Ito တို့ ရေးသားသော Ghosn’s fall from grace: How Nissan’s savior became a threat ကို ဘာသာပြန်သည်။)