အမေရိကန် အစိုးရက နောက်ဆက်တွဲ အခွန်ချမှတ်ခြင်းကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ရန် သဘောတူပြီး ကုန်သွယ်ရေး မညီမျှမှု လျှော့ချရန် တရုတ်နိုင်ငံက အမေရိကန် ကုန်ပစ္စည်းများကို အကြီးအကျယ် ဝယ်ယူရန် ကတိပြုခဲ့ပြီးနောက် ကုန်သွယ်ရေး စစ်ပွဲ ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ် သမ္မတ ရှီကျင့်ပင်တို့ ကြေညာလိုက်သည်။
ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး နှစ်ခုအကြား ကုန်သွယ်ရေးတင်းမာမှု လျှော့ချရေးအတွက် စက်မှု ထိပ်သီးနိုင်ငံ ၂၀ အစည်းအဝေး၏ သီးခြားဆွေးနွေးပွဲတွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးပြီး ယခုကဲ့သို့ ကုန်သွယ်ရေးစစ်ပွဲ ခေတ္တ ရပ်ဆိုင်လိုက်ခြင်းဖြစ်သည်။
သို့သော် ရေရှည် တည်တံ့သော သဘောတူညီချက်ရရန် အဟန့်အတား ဖြစ်စေပြီး နက်ရင်းစွာ အမြစ်တွယ်နေသည့် စနစ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် မတ်လအထိ ခက်ခက်ခဲခဲ ဆွေးနွေးရမည် ဖြစ်ကြောင်းကိုလည်း ယခု ဆွေးနွေးပွဲက ပြသနေသောကြောင့် မကြာမီ ထိုနှစ်နိုင်ငံအကြား ပဋိပက္ခ ပြန်လည် ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ယုံကြည်နေကြသည်။
အိမ်ဖြူတော်၏ အဆိုအရ ထရမ့်သည် ကုန်စည် ဒေါ်လာ ၂၀၀ ဘီလျံဖိုးကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည့် အစီအစဉ်ကို ဆိုင်းငံ့ရန် သဘောတူသည်ဟု သိရသည်။ တချိန်တည်းတွင် တရုတ်နိုင်ငံက အတိအကျ မဖော်ပြသော်လည်း စိုက်ပျိုးရေး၊ စွမ်းအင်၊ စက်မှုနှင့် အခြားထုတ်ကုန်များကို အကြီးအကျယ် ဝယ်ယူရန်နှင့် လယ်ယာ ထုတ်ကုန်များ ဝယ်ယူခြင်းကို ချက်ခြင်း တိုးချဲ့မည်ဟု ကတိပြုလိုက်သည်။
နည်းပညာ အတင်းအကျပ် လွှဲပြောင်းပေးရေး၊ ဉာဏပစ္စည်း အကာအကွယ်ပေးရေး၊ ဆိုက်ဘာ ကျူးကျော်မှုနှင့် ခိုးယူမှု၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေး စသည့် နယ်ပယ် ၅ ခုတွင် စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော ဆွေးနွေးမှုများကို ချက်ခြင်း စတင်မည်ဖြစ်သည်။ ရက်ပေါင်း ၉၀ ကျော်သော်လည်း တိုးတက်မှုမရရှိပါက အမေရိကန် ပြည်ထောင်စုသည် စီစဉ်ထားသည့် အခွန်တိုးမြှင့် ချမှတ်ခြင်းကို ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးတို့သည် ညစာစားပွဲအတွင်း နှစ်နာရီခွဲကျော်ကြာ ဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးပွဲသည် လွန်စွာ အောင်မြင်ကြောင်း ထရမ့်နှင့် ရှီက ပြောသည်ဟု အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဆာရာဆန်းဒါးက ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
မြောက်ကိုရီးယား နျူကလီးယား လက်နက်ဖျက်သိမ်းရေး အပါအဝင် တခြား ပြဿနာများကို ခေါင်းဆောင် နှစ်ဦး ဆွေးနွေးချိန် ပိုမိုရရှိရန်အတွက် ညစာစားပွဲကို မူလစီစဉ်ထားသည်ထက် တနာရီ ပိုမိုစောစီးစွာ ကျင်းပခဲ့သည်။
အမေရိကန် ဆီမီး ကွန်ဒတ်တာလုပ်ငန်း Qualcomm နှင့် ဒတ်ချ်နိုင်ငံမှ ချစ်ပ် ပြုလုပ်သူ NXP တို့ ပူးပေါင်းမည့် အစီအစဉ်ကို ခွင့်ပြုရန် လမ်းဖွင့်ပေးထားကြောင်းလည်း ရှီက ပြောခဲ့သည်။ ထိုအစီအစဉ်ကို အမေရိကန်နှင့် ဥရောပ အရာရှိများက ခွင့်ပြုခဲ့ပြီးနောက် တရုတ်နိုင်ငံက လက်ဝါးကြီးအုပ်မှု ဖြစ်ပေါ်မည်ဟု ဆိုကာ ပိတ်ဆို့ထားခဲ့သည်။
“ထို အစည်းအဝေးသည် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးအတွက် အကန့်အသတ်မဲ့သော အလားအလာများ ဖြစ်ပေါ်စေသည့် အံ့သြဖွယ်ရာ အကျိုးရှိသော အစည်းအဝေးဖြစ်သည်” ဟု ထရမ့်က သူ၏ ကြေညာချက်တွင် ဖော်ပြသည်။
ကုန်သွယ်ရေးမညီမျှမှုကို တဖြည်းဖြည်း ဖြေရှင်းရန် တရုတ်နိုင်ငံသည် အမေရိကန် ကုန်ပစ္စည်းများ ပြည်တွင်း ဈေးကွက်နှင့် ပြည်သူများ၏ ဝယ်လိုအားအရ တင်သွင်းရန် သဘောတူပြီးဖြစ်ကြောင်း ထိပ်သီး အစည်းအဝေးအပြီးတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သတင်းထောက်များကို ပြောသည်။ သို့သော် ဆွေးနွေးမှုများ နောက်ဆုံး ပြီးစီး အောင်မြင်အောင် လုပ်မည့်အချိန်နှင့် စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အသေးစိတ်ကို တရုတ်နိုင်ငံဘက်က ပြောဆိုခြင်း မရှိပေ။
အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှု မြင့်မားလာခြင်းကြောင့် ကမ္ဘာ့ ဘဏ္ဍာရေးဈေးကွက်နှင့် စီးပွားရေးများတွင် လှုပ်လှုပ်ခါခါ ဖြစ်ခဲ့သည်။ ဥပမာဆိုရပါက အပြန်အလှန် လက်စားချေ အခွန်တိုးမြှင့်သတ်မှတ်ခြင်း၏ ရိုက်ခတ်မှုများကို မခံစားရမီ တတိယ သုံးလပတ်အတွင်း ကမ္ဘာ့ ကုန်သွယ်ရေး ပမာဏမှာ အလယ်အလတ်သာ ရှိခဲ့ကြောင်း CPB Netherlands စီးပွားရေးမူဝါဒ သုတေသနဌာန၏ နိုဝင်ဘာလ ၂၃ ရက်နေ့က စာရင်းများအရ သိရသည်။
အာရှမှ ကုန်ထုတ်လုပ်သူများသည်လည်း ရိုက်ခတ်မှုကို ခံကြရပြီး တချို့သော ဈေးကွက်များသည် Nikkei Purchasing Managers’ Index ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ အခြေအနေပြ အညွှန်းကိန်းတွင် သိသိသာသာ ကျုံ့သွား ခဲ့သည်။ စက်တင်ဘာလက ၅၀.၈ ရှိရှာမှ အောက်တိုဘာလ အတွင်း ၄၈.၇ သို့ ကျဆင်းသွားသောကြောင့် ထိုင်ဝမ်၏ PMI သည် သိသိသာသာ ကျဆင်းသွားသည်။ ထိုသို့ ကျုံ့သွားခြင်းမှာ၂၀၁၆ ခုနှစ် မေလနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။
စက်မှုထိပ်သီးနိုင်ငံ ၂၀ ထိပ်သီး ဆွေးနွေးပွဲတွင် ခေါင်းဆောင်များသည် အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း ပြောကြားခဲ့ကြသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မန်နေဂျင်းဒါရိုက်တာ ခရစ်စတင်းလာဂတ်က ကုန်သွယ်ရေး စစ်ပွဲ ချက်ခြင်း ရပ်ဆိုင်းရန် တောင်းဆိုသည်။
“ထွန်းသစ်စ ဈေးကွက်များအပေါ် ဖိအား မြင့်တက်နေပြီး ကုန်သွယ်ရေး တင်းမာမှုသည် ဆိုးကျိုးများ စတင် ဖြစ်ပေါ် လာစေကာ ဆုံးရှုံးမှု အန္တရာယ်များ တိုးလာသည်” ဟု ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာချက်တွင် သူက ဖော်ပြသည်။
သို့သော် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရမည်ဟု မျှော်လင့်သည့် တရုတ်ရေးရာ လေ့လာသူ မရှိသလောက်ပင် ဖြစ်နေသည်။
“နှစ်ဖက်စလုံးက ဘယ်လောက်ပဲ ဆုံးဖြတ်ချက် ပြတ်သားနေပါစေ အတင်းအကျပ် နည်းပညာ လွှဲပြောင်းခိုင်းတာ၊ ဉာဏ ပစ္စည်းပိုင်ဆိုင်မှု အကာအကွယ်ပေးရေးနဲ့ ဆိုက်ဘာ ဖောက်ထွင်းမှုလို ရှုပ်ထွေးတဲ့ ပြဿနာတွေကို သုံးလအတွင်း သဘောတူညီမှု ရဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်” ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်၏ လက်ထောက်ဟောင်း ဝင်ဒီ ကပ်တလာက ပြောသည်။
ထို့အပြင် ဇန်နဝါရီလမှ မတ်လ အစောပိုင်းအထိ နောက်ဆုတ်ပေးခဲ့သော သဘောတူညီမှုအတွက် နောက်ဆုံး သတ်မှတ်ရက်သည် တရုတ်နိုင်ငံအတွက် နိုင်ငံရေးအရ လွန်စွာ အရေးပါသော အချိန်ကာလ ဖြစ်နေသည်။
“မတ်လ ၁ ရက်နေ့ဆိုတာ ဘေဂျင်းမှာ နှစ်စဉ် လွှတ်တော်ခေါ်ခါနီး အချိန်။ ဒီလိုအချိန်မှာ ကုန်သွယ်ရေး စစ်ပွဲ ပြန်လည်စဖြစ်ရင် ရှီကျင့်ပင်အတွက် ကသိအအောက်နိုင်တဲ့ အချိန်ပဲ” ဟု သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဌာနမှ တရုတ်နိုင်ငံရေးရာဌာ ဒုတိယ ညွှန်ကြားရေးမှူး စကော့ ကနေဒီက ပြောသည်။
မမျှတသော ကုန်သွယ်ရေး အလေ့အထများကြောင့်ဟု ဆိုကာ အမေရိကန်ပြည်ထောင်စုသည် တရုတ်ကုန်စည် ဒေါ်လာ ၂၅၀ ဘီလျံဖိုးအပေါ် အခွန်တိုးမြှင့် ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံကလည်း ချက်ခြင်း လက်စားခြေခဲ့သည်။ ယခု နှစ်နိုင်ငံ စလုံးက ကုန်သွယ်ရေး စစ်ပွဲ ခေတ္တရပ်ရန် သဘောတူသော်လည်း အခွန်တိုးမြှင့်မှုများကို ရုပ်သိမ်းခြင်းမရှိပေ။
ထို့ကြောင့် ဆိုင်းငံ့ကြောင်း ကြေညာထားသော်လည်း ကုန်သွယ်ရေးစစ်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲ သဘော သက်ရောက်နေသည်။
မူလက ဇန်နဝါရီလတွင် စတင်ရန် စီစဉ်ထားသည့် အခွန်ထပ်မံတိုးမြှင့် ကောက်ခံခြင်းအပြင် နောက်ထပ် တရုတ် ကုန်စည် အမေရိကန်ဒေါ်လာ ၂၆၇ သန်းဖိုးအတွက် အခွန်တိုးမြှင့် နိုင်သည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။ ထိုသို့ လုပ်ဆောင်ပါက အမေရိကန်သို့ တင်ပို့သည့် တရုတ်ကုန်စည် အားလုံးကို အခွန်တိုးမြှင့် လိုက်ခြင်းပင်ဖြစ်သည်။
ကိုးကား။ ။ Nikkei Asian Review