အမေရိကန် ဒေါ်လာဈေး အပြောင်းအလဲကို စောင့်ကြည့် နေကြသဖြင့် အိန္ဒိယသို့ တင်ပို့နေသည့် ပဲမျိုးစုံ ဈေးကွက် အရောင်းအဝယ် အေးသွားကြောင်း မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်က သတင်း ရရှိသည်။
မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်က“မနေ့ကစပြီး ဒေါ်လာဈေး အေးသွားတယ်။ ငွေ ဈေးအေးသွားတာတော့ Export လိုင်း ပဲတွေ အကုန် ဈေးအေးသွားတယ်။ အိန္ဒိယမှာ ပဲလိုအပ်ချက် ရှိပေမယ့် ငွေဈေး အပေါ် တချက် စောင့်ကြည့်နေတဲ့ အနေအထားကြောင့် ဒီမှာ အရောင်းအဝယ် ပြန်ငြိမ်သွားတဲ့ သဘောပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ယနေ့ နံနက်ပိုင်း ဒေါ်လာဈေး လဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ကျပ် ၁၅၄၀ ဖြင့် ဗဟိုဘဏ်က သတ်မှတ်ထားသော် လည်း ပြင်ပ ငွေကြေး ဈေးကွက်တွင်မူ အရောင်း ၁၅၂၅ ကျပ်၊ အဝယ် ၁၅၁၀ ဝန်းကျင်ဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရ သည်။
ပဲမျိုးစုံ ဈေးကွက်မှာ အရောင်းထိုင်းသွားသည့် အပြင် ဈေးနှုန်းလည်း အနည်းငယ် ကျဆင်းလာကြောင်း ကုန်စည်ဒိုင် က ဆိုသည်။
လက်ရှိ နိုင်ငံခြားငွေဈေး အပြောင်းအလဲ မတိုင်ခင် ပြီးခဲ့သည့် လအတွင်းက ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲ တို့သည် အိန္ဒိ ယ ၏ ဝယ်လိုအား တောက်လျှောက် ကောင်းခဲ့သဖြင့် သုံးတင်းဝင် တအိတ်လျှင် ကျပ် ၈ သောင်းကျော်ထိ ဈေးနှုန်း ရှိခဲ့ရာမှ ယနေ့ ဈေးကွက်တွင် ပဲစင်းငုံ သုံးတင်းဝင် တအိတ်လျှင် ၇၃၀၀၀ ကျပ်၊ မတ်ပဲမှာ အရည်အသွေးပေါ် မူတည် ကာ ၇ သောင်းကျပ်မှ ၇၅၀၀၀ ကျပ်နှင့် ကုလားပဲ(929) တအိတ်လျှင် ၇၉၀၀၀ ကျပ်၊ ကုလားပဲ (ဗွီတူး) ၇၆၀၀၀ ကျပ် တို့ဖြင့်သာ ဈေးပေါက်ကြောင်း မန္တလေး ပဲနှမ်း ဈေးကွက် အတွင်းက သိရသည်။
လက်ရှိ မန္တလေး ဈေးကွက်တွင် ကုန်သည်များ လက်ထဲရှိ ပဲအဟောင်းများသာ ရှိပြီး တောင်သူများ လက်ထဲ၌ ရောင်း ချရန် မရှိသောကြောင့် တောင်သူများအတွက် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း၊ ရှေ့လပိုင်း အတွင်း ဧရာ ဝတီ၊ စစ်ကိုင်း၊ မကွေးတို့မှ ပဲအသစ် ပေါ်လာမည်ဖြစ်ကာ ထိုအချိန်ထိ ပြည်ပပို့ ပဲဈေးကွက် အရောင်းအေး နေလျှင် ပဲစိုက် တောင်သူများကို ထိခိုက်နိုင်ကြောင်း ပဲကုန်သည်များက ပြောဆိုကြသည်။
ဒေါ်လာဈေးမှာ ယခင် ကျပ် ၁၆၀၀ ကျော် အထိ လဲလှယ်နှုန်း မြင့်ခဲ့ရာမှ ယခုကဲ့သို့ ပြန်လည် ကျဆင်းလာခြင်း သည် အမေရိကန်နှင့် တရုတ် နိုင်ငံတို့၏ ကုန်သွယ်မှု ဆိုင်ရာ အကောက်ခွန် စည်းကြပ်နှုန်း တိုးမြှင့်နေမှုများကို ရက် ၉၀ ဆိုင်းငံ့ မည်ဟု ကြေညာပြီးနောက် ယခု လဆန်းပိုင်းမှ စတင်ကာ ဒေါ်လာဈေး တဖြည်းဖြည်း ကျလာခြင်း ဖြစ်သည်ဟု ဦးကျော်သွင်က ပြောသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူက“ပြီးခဲ့တဲ့ ၆ လ အတွင်းမှာလည်း အိန္ဒိယနဲ့ ကုန်သွယ်မှုက လျာထားချက်ထက် ကျော်ခဲ့တယ်။ အဲဒီ သဘော က အိန္ဒိယမှာ ပဲလိုအပ်ချက် ရှိတယ် ဆိုတာပါပဲ။ ဒါကြောင့် သူတို့ဘက်က ဝယ်တော့ ဝယ်နေမယ်။ ဒါပေမယ့် ဒေါ်လာ ဈေး အခြေအနေကြောင့် နည်းနည်း ဆိုင်းသွားတဲ့ သဘောပါပဲ။ အခု ကြားကာလကတော့ ငွေဈေးလဲကျ နေတာ ဆိုတော့ ကုန်သည်တွေ ဝင်ငွေ လျော့သွားမှာပေါ့”ဟု ဧရာဝတီကို ပြောသည်။
ယခုနှစ် အတွင်း အိန္ဒိယနိုင်ငံ၌ မိုးခေါင်ကာ ရာသီဥတု ဖောက်ပြန် သဖြင့် ပဲစိုက် ဧကသိန်းချီ လျော့ကျသွားသလို ပဲစင်းငုံ ထွက်နှုန်း ကျဆင်းနေပြီး လာမည့် ၂၀၁၉ ပဲရာသီတွင် မြန်မာပဲသည် အလားအလာ ကောင်းနိုင် သော်လည်း နှစ်နိုင်ငံ အစိုးရချင်း (G to G) ချိတ်ဆက်ဝယ်ယူမည် ဆိုပါက ပြည်တွင်း ပဲနှမ်း ဈေးကွက် အတွင်း လုပ်ကိုင်သူများ အတွက် အကျိုးအမြတ် နည်းနိုင်မည်ဟု ကုန်သည်များက ခန့်မှန်းကြသည်။
မန္တလေးမြို့ခံ ပဲကုန်သည် ဦးမျိုးဆွေက “G to G ချုပ်တဲ့ စာချုပ်အများစုက အလုပ်မဖြစ်တာ များသလို အောက်ဈေးနဲ့ ရောင်းတာများတော့ ကိုယ့်တောင်သူပဲ နစ်နာဖို့ များတယ်။ အကယ်၍ အစိုးရ အချင်းချင်း စာချုပ်ချုပ်မယ်ဆိုရင် ကိုယ့် နိုင်ငံက တနှစ်ကို ပဲကိုတာ (ခွဲတမ်း) ဘယ်လောက်ရမယ် ဆိုတာကိုပဲ ဦးစားပေး ချုပ်သင့်တယ်”ဟု ဧရာဝတီကို ပြော သည်။
အဆိုပါ ပဲများသည် ပြည်တွင်း အသုံးနည်းပြီး အိန္ဒိယ ဝယ်လိုအားကိုသာ မှီနေသဖြင့် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက အိန္ဒိယ၏ သွင်းကုန် ပေါ်လစီ အပြောင်းအလဲ တို့ကြောင့် မြန်မာပဲဈေးကွက်မှာ ကမောက်ကမ ဖြစ်ခဲ့ရပြီး ကုန်သည် အများစု အရှုံးခံ ရောင်းချခြင်းများလည်း ကြုံတွေ့ခဲ့ရသည်။