ပြည်တွင်းငွေကြေး လဲလှယ်နှုန်းမှာ ဒီဇင်ဘာလ ၄ ရက်က ၁ ဒေါ်လာလျှင် ယခင်လဲလှယ်နှုန်းထက် ၄၅ ကျပ်ဝန်းကျင်အထိ ဈေးကျခဲ့သော်လည်း ဒီဇင်ဘာလ ၅ ရက်တွင်မူ ၂၀ ကျပ်ဝန်းကျင်အထိ ဈေးပြန်တက်လာသည်။
ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းမူ တဒေါ်လာလျှင် ၁၅၂၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရာ ညနေပိုင်းဈေးတွင်မူ ၁၅၄၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းကမူ တဒေါ်လာလျှင် မြန်မာငွေ ၁၅၄၅ ကျပ် ဈေးပေါက်ခဲ့ကာ ညနေပိုင်း ဈေးကွက်အပိတ်တွင်မူ ၁၄၉၀ ဖြင့် ဈေးပိတ်ခဲ့သည်။
နိုင်ငံခြားငွေကြေးရောင်းဝယ်သူ ဦးမိုးက “ကျတာကတော့ အရင်တုန်းက ဘိန်းပေါ်ချိန်ဆိုရင် အရင်တုန်းကတည်းက ကျတတ်တယ်။ ဒီနှစ်မှာ ပြန်စတဲ့ သဘောပေါ့။ ဒါပေမယ့် ငွေဝရုန်းသုန်းကားကျတာမျိုးက အမြဲတမ်း ဒီဇင်ဘာဆို အဆုံးသတ်တတ်တယ်။ အဲဒါကိုမှ ဈေးကွက်က တခါတလေကျတော့ ကြောက်လန့်ပြီး ရောင်းတဲ့ အခါမျိုးကျတော့ ဈေးကွက် ကသောင်းကနင်း ဖြစ်တာပေါ့။ ဒါပေမယ့် ၁ ဒေါ်လာ ၁၅၅၀ ကျပ် ပတ်လည်လောက်နဲ့ ငြိမ်နေမှာပေါ့။ မနက်ကထက် အခု ညနေဈေးမှာ ၁ ဒေါ်လာ ကျပ် ၂၀ လောက်ပြန်တက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း ကျပ်ငွေနှင့် ဒေါ်လာ လဲလှယ်မှုနှုန်း မတည်ငြိမ်ခြင်းမှာ ပြည်တွင်းဗဟိုဘဏ် မသက်ဆိုင်ဘဲ မဟုတ်ဘဲ လတ်တလောတွင် အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ် ခေတ္တရပ်ဆိုင်းခြင်းနှင့် ပြည်တွင်းတွင် ဘိန်းပေါ်သည့် ရာသီဖြစ်သည့်အတွက်ကြောင့်ဟု သုံးသပ်မှုများ ရှိသည်။
ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးရဲမင်းဦးက “ဒေါ်လာဈေးက စတက်ကတည်းကိုက သူက အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်တယ်။ နောက်တခါ အမေရိကန်အစိုးရ ဗဟိုဘဏ်က သူ့ဒေါ်လာရဲ့ တန်ဖိုးကို ဆွဲတင်တဲ့ အတွက်ကြောင့် တက်တယ်။ ဒါက စပြီးဖြစ်ရတဲ့ အခြေအနေပေါ့။ ဒီရက်ပိုင်းမှာပဲ အမေရိကန် သမ္မတနဲ့ တရုတ်သမ္မတနဲ့က ဒီကုန်သွယ်မှုစစ်ပွဲက ဘယ်သူ့မှ အကျိုးမရှိဘူး။ ဒါကြောင့် ဒီဟာတွေကို ရပ်ခိုင်းမယ် ဆိုပြီး စာချုပ် ချုပ်ကြတယ်။ အဲဒီအတွက် အထိုက်အလျောက် ကျနော်တို့ ဈေးကွက်ကို သက်ရောက်မှု ရှိနေတာပေါ့။ ကျနော်တို့ကြောင့် ကျတာ မဟုတ်ဘူး။ သူ့ဘာသာ ကျတာ ဖြစ်နေလို့။ သူ့ဘာသာကျတဲ့ သဘောက သူ့ဘာသာလည်း ပြန်တက်တတ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ဒေါ်လာဈေးမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တဒေါ်လာလျှင် ၁၆၃၀ ကျပ်အထိ မြင့်တက်ခဲ့ဖူးပြီး နိုဝင်ဘာလ တတိယပတ်တွင် ၁၅၈၀ ကျပ်ဝန်းကျင်အထိ ဈေးအနည်းငယ် ပြန်ကျခဲ့ဖူးသည်။
လတ်တလောတွင် ငွေကြေးလဲလှယ်နှုန်းမှာ ခန့်မှန်းရခက်သည့် အခြေအနေတွင် ဖြစ်နေသည့်အတွက် ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက် အခက်တွေ့စေကာ လုပ်ငန်းရှင်များဘက်မှ ငွေကြေးဈေးကွက် တည်ငြိမ်စေလိုသည်ဟု ပြောဆိုနေကြသည်။
ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “ဒေါ်လာဈေးကတော့ အကြမ်းမျဉ်းတခုမှာ တည်ငြိမ်ရင်တော့ ပို့ကုန်ဖြစ်ဖြစ်၊ သွင်းကုန်ဖြစ်ဖြစ် လုပ်ရတာ ပိုအဆင်ပြေတယ်။ နာရီပိုင်းအတွင်းမှာ ကျပ် ၃၀ ၊ကျပ် ၄၀ လောက် အပြောင်းအလဲ ဖြစ်နေတဲ့အခါကျတော့ ရောင်းရ၊ ဝယ်ရခက်တဲ့ အနေအထားရှိတယ်။ ၁ ဒေါ်လာ ၁၅၂၀ ကျပ်နဲ့ ၁၅၀၀ ကျပ် ဝန်းကျင်လောက် ကျသွားတယ်။ အခုကတော့ ပြန်ပြီး တက်လာတဲ့သဘောရှိတယ်” ဟု ပြောသည်။
ဗဟိုဘဏ်က ဈေးကွက်အတွင်း ဒေါ်လာရှားပါးမှု မရှိစေရန်အတွက် သြဂုတ်လ ၂၃ ရက်မှစကာ ကာလတို အပြန်အလှန် ချေးငွေ (Swap Facility) ပုံစံဖြင့် ပုဂ္ဂလိကဘဏ်များကို ထုတ်ချေးခဲ့ကာ ဒီဇင်ဘာလ ၅ ရက်တွင် တဒေါ်လာလျှင် ၁၅၄၀ ကျပ်နှုန်းဖြင့် ဒေါ်လာ ၁၃ သန်းကျော် ထုတ်ရောင်းထားကြောင်း သိရသည်။
ဒေါ်လာဈေးနည်းတူ ပြည်တွင်း ရွှေဈေးမှာလည်း အတက်အကျများ ရှိနေပြီး ၁၆ ပဲရည် အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၉၈၀၀၀၀ ဝန်းကျင်မှ ၁၀ သိန်းကျော်အထိ ပြန်လည်မြင့်တက်လာသည်ဟု ရန်ကုန်မြို့ရှိ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က ဧရာဝတီကို ပြောသည်။
၎င်းက “ယမန်နေ့တုန်းက ဒေါ်လာဈေးက တော်တော်ကျတယ်။ အခုက ပြန်တက်လာတယ်ဆိုတော့ ရွှေလည်း ပြန်တက်လာတဲ့ သဘောပေါ့နော်။ အခုကတော့ အတက် အကျက ရှိနေသေးတော့ ရွှေဈေးအနေနဲ့ ပြောရရင် ကျပ် ဆယ်သိန်းရဲ့ အပေါ်မှာပဲ ရှိနေဦးမှာပါ” ဟု ဆိုသည်။
၁၅ ပဲရည်မှာမူ ၁ ကျပ်သားလျှင် ၉ သိန်း ၄ သောင်း ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိသည်ဟု သိရသည်။