စီးပွားရေး

တရုတ်ထံမှ အတိုးနိမ့်ချေးငွေယူရန် မြန်မာစဉ်းစားနေ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သော ရပ်ဝန်းတခု၊ လမ်းတခု စီမံချက်၏ အစိတ်အပိုင်းဖြစ်သည့် ဒေါ်လာ ဘီလျံချီကုန်ကျမည့် စီးပွားရေး စြင်္ကန် သဘောတူညီချက်ကြောင့် အကြွေးထောင်ချောက်တွင် ပိတ်မိမည်ကို စိုးရိမ်နေသည့်ကြားမှပင် ထိုစီးပွားရေး စြင်္ကန်တလျှောက်မှ စီမံကိန်းများအတွက် တရုတ်နိုင်ငံမှ တတ်နိုင်သမျှ အနည်းဆုံး အတိုးဖြင့် ချေးငွေရအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရ အဆင့်မြင့်အရာရှိ တဦးက ပြောကြားလိုက်သည်။

အဓိကကျသော အခြေခံအဆောက်အအုံစီမံကိန်းများ၊ နယ်စပ် အထူးစီးပွားရေးဇုန်များနှင့် မြို့တိုးချဲ့ရေး စီမံကိန်းများ ပါဝင်သော တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် စီမံကိန်းများ (CMEC) ကို အများပြည်သူနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်များနှင့် ချေးငွေများဖြင့် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း အစိုးရ အဆင့်မြင့်အရာရှိတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ သို့သော် အကြွေးဝန်ထုပ်ဝန်ပိုးကို အနည်းဆုံးဖြစ်စေရန်အတွက် အစိုးရသည် အနိမ့်ဆုံး အတိုးနှုန်းကိုသာ ရွေးချယ်ရန် ရည်ရွယ်ကြောင်း ထိုအရာရှိက ဆိုသည်။

မကြာသေးမီက လွှတ်တော်မှတ်တမ်းများ အရ မြန်မာနိုင်ငံသည် ဒေါ်လာ ၁၀.၂ ဘီလျံအကြွေးတင်ရှိနေပြီး ထိုကြွေးမြီ၏ ၄၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ချေးငွေများဖြစ်သည်ဟု သိရသည်။ အထက်ပါ စီမံကိန်း၏ စုစုပေါင်း ကုန်ကျစရိတ်ကို မသိရသေးသော်လည်း CMEC အဆိုပြုချက်အရ ကနဦး အဆင့်အတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၂ ဘီလျံရှိသည်ဟု ခန့်မှန်းထားသည်။

“စီမံကိန်း အကောင်အထည်ဖော်ဖို့ အသေးစိတ်တွေကို မဆွေးနွေးရသေးဘူး” ဟုလည်း ထိုအရာရှိက ဆိုသည်။

အမည်မဖော်လိုသော ထိုအရာရှိသည် နယ်စပ်ဒေသများတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးရန် ရောက်ရှိနေသော ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေမှူး ချန်ဟောင်းနှင့် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယူနန်ပြည်နယ်သည် CMEC မှတဆင့် တရုတ်နှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်သည့် အဓိက ပြည်နယ်ဖြစ်သည်။

သူ၏ ခရီးစဉ်အတွင် ချန်ဟောင်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ဆုံခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်၊ စီမံကိန်းနှင့် ဘာဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် အရာရှိများသည် နေပြည်တော်ရှိ တရုတ်သံရုံးတွင် ထိုနေ့ညက ချန်ဟောင်အတွက် ကျင်းပသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ရွေးချယ်ထားသော စီမံကိန်းများကိုရေရှည် ညီမျှသော တိုးတက်ရေး အဆင့်မြင့်စီမံကိန်းဖြစ်သည့် မြန်မာရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) ၏ ဦးစားပေးများနှင့် ကိုက်ညီအောင် ချိန်ညှိရမည်ဖြစ်သည် ဟုလည်း ထိုအရာရှိကပြောသည်။

CMEC အဆိုပြုချက်အရ စီမံကိန်း၏ ကနဦးအဆင့်တွင် နောက်ပိုင်းလုပ်ဆောင်မည့် အခြေခံအဆောက်အအုံ စီမံကိန်းများ မပါဘဲ စီမံကိန်း ၂၄ ခုပါဝင်ပြီး ဒေါ်လာ ၂ ဘီလျံ ကုန်ကျမည်ဖြစ်သည်။ မြန်မာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ စြင်္ကန်တလျှောက်ရှိ ဆည်မြောင်းစနစ်များကို တည်ဆောက်ရန် ဒေါ်လာ သန်း ၄၀၀ ခွင့်ပြုငွေ ရရှိမည်ဖြစ်သည်။

ဒေါ်လာ ၁.၅ ဘီလျံ ကုန်ကျမည်ဖြစ်သော ရန်ကုန်မြို့သစ် စီမံကိန်းသည် CMEC ၏ အစိတ်အပိုင်းဖြစ်ပြီး ထိုစီမံကိန်း အတွက် မူဘောင်သဘောတူညီချက်ကို ရန်ကုန်မြို့သစ် တည်ဆောက်ရေးကုမ္ပဏီ (NYDC) နှင့် ဟောင်ကောင် စတော့အိတ်ချိန်း စာရင်းဝင် တရုတ်ဆယ်သွယ်ရေး၊ ဆောက်လုပ်ရေး ကုမ္ပဏီ (CCCC) တို့ အကြား လက်မှတ် ရေးထိုးထားပြီးဖြစ်သည်။

နည်းပညာ သတ်မှတ်ချက်များ၊ ဘဏ္ဍာရေးအဆိုပြုချက်နှင့် စီးပွားရေးလုပ်ငန်း ပုံစံအပါအဝင် စီမံကိန်း၏ အသေးစိတ်များကို မကြာမီထုတ်ပြန်မည်ဟု NYDC ၏ အဆိုအရ သိရသည်။

ကီလိုမီတာ ၁၇၀၀ ရှည်လျှားသော စီးပွားရေးစြင်္ကန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စတင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မန္တလေး၊ စီးပွားရေး မြို့တော်ရန်ကုန်နှင့် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဆိပ်ကမ်းအထိ မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အခြာ ဒေသများ ပါဝင်မည်ဖြစ်သည်။

အဆိုပြုချက်တွင် မြန်မာနိုင်ငံမှ မန္တလေးနှင့် မူဆယ်မြို့များကို ဖြတ်သန်းသွားသော အဓိကလမ်းသုံးခုနှင့် ရှမ်းပြည်နယ်မှ လမ်းတချို့ကို အဆင်မြှင့်တင်ခြင်းလည်း ပါဝင်သည်။

CMEC သည် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ တရုတ်နိုင်ငံမှ ကုန်စည်များ တိုက်ရိုက် စီးဆင်းစေမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် လုပ်အားခ မြင့်မားခြင်းနှင့် စက်မှုလုပ်ငန်းများ အလွန်အကျွံ ထုတ်လုပ်ခြင်း တို့ကို လျှော့ချရန် မြန်မာနိုင်ငံသို့ ကူးပြောင်းလာစေနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် တရုတ်၊ အရှေ့တောင်အာရှနှင့် တောင်အာရှတို့အကြား ကုန်သွယ်ရေး အချက်အခြာနေရာဖြစ်လာမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံမှ အချက်အခြာ စီးပွားရေးဒေသနှစ်ခုကို ဆက်သွယ်မည့် မြန်နှုန်းမြင့် မူဆယ်-မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေ စစ်ဆေးမှုပြုလုပ်ရန် တရုတ်နိုင်ငံကို မကြာသေးမီက ခွင့်ပြုခဲ့သည်။

CMEC အတွက် နားလည်မှု စာချွန်လွှာကို နေပြည်တော်နှင့် ဘေဂျင်းတို့ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် တရုတ်မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ အကောင်အထည် ဖော်ရေးအတွက် အသေးစိတ်များပါဝင်သည်။

မူဆယ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်တခုကို စတင်တည်ဆောက်နေပြီ ဖြစ်ပြီးသော်လည်း ပိုင်ဆိုင်မှု၊ လုပ်ငန်းလည်ပတ်မှု၊ စီမံကိန်း စည်းကမ်းချက်များနှင့် ဘဏ္ဍာရေးနှင့် မြန်မာနိုင်ငံအနေဖြင့် အခြေခံ အဆောက်အအုံ စီမံကိန်းများအတွက် ငွေကြေး တတ်နိုင်ခြင်းရှိ မရှိစသည့် အဓိကပြဿနာများမှာ ကျန်ရှိနေဆဲဖြစ်သည်။

“မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အကြီးမားဆုံး အန္တရာယ်က ချေးငွေတွေ မတန်တဆ မယူဖို့ရယ်၊ အဲဒီလို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် တရုတ်နိုင်ငံက နိုင်ငံရေးသြဇာ လွှမ်းမိုးဖို့ မျှော်လင့်နေတာတွေရယ်ပဲ” ဟု အာရှရေကြောင်း ပွင့်လင်းမြင်သာမှု အစီအစဉ် ဒါရိုက်တာနှင့် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ သုတေသီ ဂရီဂေါ်ရီ ပိုးလင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ဒီလိုပြဿနာနှစ်မျိုးလုံး ဖြစ်လာတာကို သီရိလင်္ကာ၊ ပါကစ္စတန်နဲ့ မလေးရှားတို့မှာ တွေ့ခဲ့ပြီးပြီ။ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုလိုနေတော့ ကျောက်ဖြူနဲ့ CMEC စီမံကိန်းတွေက မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးတွေ ရှိတာ ထင်ရှားပါတယ်။ ဒါပေမယ့် ဒီလိုစီမံကိန်းတွေကို မျှမျှတတ၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရင်းနှီးမြှုပ်နှံသူအတွက် မဟုတ်ဘဲ၊ အိမ်ရှင်နိုင်ငံအတွက် အကျိုရှိအောင် ညှိနှိုင်း အကောင်အထည် ဖော်သင့်ပါတယ်” ဟုလည်း သူက ရှင်းပြသည်။

တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) ဒုတိယအကြီးအကဲ နင်ကျီကျဲသည် လွန်ခဲ့သော တပတ်က မြန်မာနိုင်ငံသို့ လာရောက်ပြီး CMEC စီမံကိန်း အကောင်အထည် ဖော်ရန် အားပေးသည်။ သူသည် ထိုခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနှင့် အစိုးရဌာန အမျိုးမျိုးမှ အရာရှိ ၁၁ ဦးတို့နှင့် တွေ့ဆုံခဲ့သည်။

နှစ်ဖက် ခေါင်းဆောင်များသည် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် CMEC တည်ဆောက်ရေးနှင့် ပတ်သက်ပြီး အမြင်ခြင်း ဖလှယ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CMEC သည် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိက အစိတ်အပိုင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံစလုံးမှ ပြည်သူများကို အကျိုးရှိစေမည် ဖြစ်ကြောင်း နင်ကျီကျဲက ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က CMEC စီမံကိန်းသည် နှစ်နိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို အထောက်အကူ ပြုသင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် စီမံကိန်းများကို စနစ်တကျ ညှိနှိုင်းရန်နှင့် ပြည်တွင်း ဥပဒေ စည်းမျဉ်းများကို လိုက်နာရန်လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထားပြောသည်။

(Myanmar to Consider Low-Interest Loans from China for Economic Corridor  ကိုဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်တရုတ် အင်ဂျင်နီယာတွေ အလုံးအရင်း ဝင်လာတော့လေမလား

Did you find apk for android? You can find new Free Android Games and apps.
Loading