လက်ရှိတွင် ပြည်ပသို့ ဆန် တင်ပို့မှု ကျဆင်းနေခြင်းနှင့် နယ်စပ် ကုန်သွယ်ရေးလည်း ရပ်တန့်လုနီးပါး ဖြစ်နေ၍ ပြည် တွင်း ၌ ဆန်လက်ကျန်များပြီး ဈေးနှုန်းများ ကျဆင်းမည့်ဘက်သို့ ဦးတည်နေကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် များ ထံမှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူးနှင့် SWY Group မန်နေဂျင်း ဒါရိုက်တာ ဦးလူမော်မြင့်မောင်က“ မနှစ် က ထက် ဒီနှစ်မှာ ဆန်တင်ပို့မှုကလည်း လျော့ကျနေတယ်။ ဒါကြောင့် လာမယ့် ရေကျနောက်စိုက်စပါးတို့ နွေစပါးတို့ ပေါ်လာမယ် ဆိုရင် စပါးတွေက အများကြီးထပ် ပေါ်လာမယ်။ ဒီအခြေအနေမှာဆိုရင် ကျနော်တို့နိုင်ငံရဲ့ ဆန်ဈေးက ပြည်တွင်းဈေး ကျသွားနိုင်တယ်။ ဒါမှမဟုတ် သတ်မှတ်ဈေးအောက်ကို ရောက်သွားနိုင်တယ်”ဟု ဧရာဝတီသို့ ပြော သည်။
ဆက်လက်၍ ၎င်းက“လတ်တလောမှာလည်း နယ်စပ်ရဲ့ အခြေအနေကလည်း တော်တော်လေး တင်းတင်းကြပ်ကြပ် ပိတ်ထားတဲ့ အတွက် သွားလို့ မရဘူး ဖြစ်နေတယ်။ ကမ္ဘာ့ဈေးကလည်း အခု ဒီလောက်ပဲရှိနေမယ်။ နယ်စပ်ဈေးကွက် ကလည်း ပြန်မဖွင့်ဘူး ဆိုရင်တော့ နည်းနည်းလေး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရမယ့် အခြေနေမှာ ရှိနေတယ်”ဟု ပြောဆိုသည်။
ဆန်ဈေး ကျလာနိုင်ခြင်းသည် ပြည်တွင်း ရောင်းလိုအားနှင့် ဝယ်လိုအားမမျှ၍ ရောင်းလိုအား များနေသည့် အခြေ အနေ တွင် ဖြစ်စေ၊ ပြည်ပသို့ အိပ်စ်ပို့ အရောင်းအားနည်းသည့် အချိန်တွင် ပြည်တွင်း၌ ပြန်လည် ဝယ်ယူနိုင်ခြင်း မရှိ၍ ဖြစ်စေ ထိုအခြေအနေများတွင် ဈေးကျနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
အဓိကအချက်မှာ ဈေးကွက်အတွင်း ငွေလည်ပတ်မှု နည်းသွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
၂၀၁၇ ဧပြီလ ၁ ရက်မှ ၂၀၁၈ မတ်လ အထိ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနှင့် နယ်စပ် ကုန်သွယ်ရေး စုစုပေါင်း ဆန်တန်ချိန် ပြည်ပနိုင်ငံများသို့ ၃ ဒသမ ၆ သန်း တင်ပို့ခဲ့ရာမှ ၂၀၁၈ ဧပြီလမှ ၂၀၁၉ မတ်လအထိ ခန့်မှန်းခြေ ဆန် တန်ချိန် ၁ ဒသမ ၇ သန်းခန့်သာ တင်ပို့နိုင်မည် ဖြစ်သောကြောင့် ပြည်တွင်း၌ ဆန်လက်ကျန် တန်ချိန် ၁ သန်းခန့် အထိ ကျန်ရှိနေနိုင်ကြောင်း ဆန်စပါးကုန်သည်များက ပြောကြားသည်။
ထို့ကြောင့် ဆန်စပါး တင်ပို့မှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ပမာဏများစွာ လျော့ကျခဲ့ခြင်း၊ ပြည်တွင်း ဆန်လက်ကျန် ပမာဏများခြင်း တို့ကြောင့် ဆန်ဈေး အကျဘက်သို့ ဦးတည်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
နယ်စပ်မှ တရုတ်နိုင်ငံ ဘက်သို့ ဆန်တင်ပို့ခြင်းသည် တရားမဝင် ကုန်သွယ်မှုဖြစ်သည့် အတွက် ၎င်းတို့နိုင်ငံဘက်မှ ဖမ်းဆီး နေသောကြောင့် ယခင်နှစ် ကာလတိုထက်စာလျှင် အများကြီး လျော့ကျ လာနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
“မနှစ်က ဒီအချိန်ဆိုရင် တလကို ဆန်တန်ချိန် ၂ သိန်းလောက် ပို့တယ်။ အခုကတော့ ၈ သောင်း၊ ၉ သောင်း လောက်ပဲ ပို့တယ်။ တရုတ်ပြည်ကို ဒီထက်တင်ပို့ဖို့ ဆက်ကြိုးစားရမှာပေါ့လေ။ အခုက ၁ နှစ်ကို ဆန်တန်ချိန် ၂ သိန်း လက်မှတ်ထိုးထားတယ်။ ၂သိန်းက နေ ၅ သိန်း၊ ၁ သန်းအထိ ဒီလို တင်ပို့လို့ရအောင် လုပ်ရမယ်။ ဒါကလည်း နှစ်နိုင်ငံ ကုန်သွယ်မှုမှာ နှစ်နိုင်ငံ သဘောတူညီချက်တွေ ရှိတာပေါ့နော်။ ချက်ချင်းတော့ လုပ်မရဘူးပေါ့”ဟု ၎င်းက ပြောဆို သည်။
ယခင်က တရက်လျှင် တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ တဆင့် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၅၀၀၀ မှ ၆၀၀၀ ခန့် တင်ပို့ နေသော်လည်း လက်ရှိတွင် ၁၀၀၀ မှ ၁၅၀၀ ကြားသာ တင်ပို့နိုင်သောကြောင့် တင်ပို့မှုမှာ လျော့ကျ လျက်ရှိနေသည် ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
ပြည်တွင်း ဆန်ဈေးကွက်တွင် အောက်တိုဘာလ အတွင်းက ၂၅ မှတ် (ဧည့်မထ) တအိတ်လျှင် ၂၂၇၀၀ ကျပ် ရှိခဲ့ရာမှ ဒီဇင်ဘာလ ယခုတပတ် အတွင်းတွင် ၁၉၇၀၀ ကျပ်မှ ၁၉၈၀၀ ကျပ်အထိ လည်းကောင်း ၅ မှတ် (ဧည့်မထ) တအိတ် လျှင် ၂၅၀၀၀ ကျပ် ရှိခဲ့ရာမှ ၁၈၇၀၀ ကျပ်မှ ကျပ် ၁၈၈၀၀ အထိ ကျဆင်းခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် စာရင်း များတွင် ဖော်ပြထားသည်။