ထိပ်တန်း အခွန်ပေးဆောင်သူစာရင်းတွင် MPT (Myanmar Post and Telecommunication) မိတ်ဖက်ကုမ္ပဏီ မပါဝင်ခြင်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က မေးမြန်းလိုက်သည်။
ဒီဇင်ဘာလ ၆ ရက်က ပြုလုပ်သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဒုတိယ ၆လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၈) တို့နှင့် ပတ်သက်၍ ဆွေးနွေးစဉ် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
အစီရင်ခံစာအရ ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် MPT၊ Telenor ၊ Ooredoo တို့၏ ကုန်သွယ်လုပ်ငန်းခွန်နှင့် Corporate income Tax ပေးဆောင်မှုတွင် ဈေးကွက်ဝေစုအများဆုံး ရရှိထားသည့် MPT (KDDI) Summit Global Myanmar Co., Ltd က ထိပ်တန်း အခွန်ဆောင်သူများစာရင်းတွင် မပါသည့်အတွက် ဦးတင်ထွန်းနိုင်က မေးမြန်းခြင်းလည်း ဖြစ်သည်။
“တယ်လီဖုန်းကို ဇောက်ချလုပ်နေတဲ့ တယ်လီနောမြန်မာက ဘီလီယံ ၈၀ ကျော် ဆောင်နေတဲ့အချိန်မှာ လုပ်ငန်းခွဲတွေ အများကြီးရှိတဲ့ MPT ရဲ့ မိတ်ဖက်ပါတနာဖြစ်တဲ့ KDDI က ၃၀ ဘီလီယံ (ကျပ်) လျော့ဆောင်တာသည် တယ်လီဖုန်း လုပ်ငန်းတခုတည်းအတွက် ဆောင်တာလား၊ ဒါမှမဟုတ် သူရဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လုပ်ငန်းတွေ အားလုံးအတွက် ဆောင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း သိရဖို့ လိုပါတယ်” ဟု ဦးတင်ထွန်းနိုင်က လွှတ်တော်အပြီးတွင် မီဒီယာများကို ပြောသည်။
ကော်ပိုရိတ် ဝင်ငွေခွန် (Corporate Income Tax) ပေးဆောင်ရာတွင်လည်း Telenor က ကျပ်ဘီလီယံ ၈၀ ကျော် ပေးဆောင်ချိန်တွင် MPT ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သည့် KDDI က ဘီလီယံ ၃၀ အောက်သာ ပေးဆောင်နေသည်ကိုလည်း ရှင်းလင်းပေးရန်လည်း တောင်းဆိုခဲ့သည်ဟု သိရသည်။
MPT သည် ဂျပန်အခြေစိုက် KDDI နှင့် Sumitomo ကုမ္ပဏီ ပူးပေါင်းကာ ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်နှင့် လုပ်ဆောင်နေသည့် ဆက်သွယ်ရေးလုပ်ငန်းဖြစ်ကာ နိုင်ငံအတွင်း ကွန်ရက်လွှမ်းခြုံနိုင်မှု၏ ၉၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး MPT အသုံးပြုသူ သန်း ၂၀ ကျော်ရှိသည်ဟု သိရသည်။
MPT သည် နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည့် အခွန်အား နိုင်ငံပိုင် အဖွဲ့အစည်း ခေါင်းစဉ်အောက်တွင်သာ ပေးဆောင်ရခြင်း ဖြစ်သည့် ပုဂ္ဂလိကပိုင် ကုမ္ပဏီခေါင်းစဉ်အောက်တွင် မပါဝင်ခြင်းသာ ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဥပဒေရေးရာနှင့် ညှိနှိုင်းရေးရာဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က “ကျနော်တို့ MPT လည်း အခွန်ဆောင်ပါတယ်။ သူတို့က ကုမ္ပဏီအနေနဲ့ စာရင်းဖော်တာဆိုတော့ MPT သည် နိုင်ငံတော်ပိုင် အဖွဲ့အစည်းဆိုတော့ ကုမ္ပဏီစာရင်းထဲမှာ မပါဘူး။ ကျနော်တို့က အပြည့်အဝဆောင်တာ။ ဖုန်းနဲ့ပတ်သက်လို့ ဝင်သမျှအားလုံးသည် MPT က ဆောင်ပေးတာ။ KDDI က ဆောင်ရမယ့် ခွဲတမ်းလည်း ကျနော်တို့ထဲမှာ ပါထားပြီးသား” ဟု ပြောသည်။
သို့သော် အခွန် မည်မျှ ဆောင်ထားသည်ကိုမူ မသိရှိကြောင်းနှင့် ဖုန်းသုံးစွဲသူများမှ ရရှိသည့် ကုန်သွယ်လုပ်ငန်းခွန် များမှာလည်း MPT ခေါင်းစဉ်အောက်မှသာ ပေးဆောင်ကာ KDDI အနေဖြင့် ၎င်းတို့၏ ဝင်ငွေအပေါ်တွင် သီးခြားအခွန် ပေးဆောင်ရကြောင်းလည်း ၎င်းက ဆိုသည်။
ဧပြီလ မှ စက်တင်ဘာလအထိ ၆ လ ဘတ်ဂျက်အတွင်း ဖုန်းဘီလ်မှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ယူရရှိမှုမှာ မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ကျပ် ၂၃၈၂၄ သန်းကျော်၊ Ooredoo မှ ၆ဝ၃၂ သန်းကျော်၊ Telenor မှ ကျပ် ၁၄ဝ၃၁ သန်းကျော်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) မှ ကျပ် ၃၄၅ သန်းကျော် ရှိခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ကိုးကား၍ ပြည်တွင်းမီဒီယာ တခုဖြစ်သည့် News Watch က ဒီဇင်ဘာလ ၂ ရက်တွင် ရေးသားထားသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် ပတ်သက်၍ လျာထားသည်ထက် လျော့်နည်းမှု အခြေအနေ၊ စီးပွားရေး လုပ်ငန်းကြီးများအပေါ် ထိရောက်စွာ အခွန်ကောက်ခံနိုင်ရေး၊ ထီလက်မှတ်မှ နိုင်ငံအခွန်ရရှိမှု၊ ပြည်ပမှ လာရောက်လုပ်ကိုင်သူများမှ ရရှိသည့် ဝင်ငွေခွန်ကိစ္စများကိုလည်း ယင်းနေ့ လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၀ ဦးကျော်က ဆွေးနွေးခဲ့သေးသည်။
ယင်းဆွေးနွေးချက်များနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လာမည့်အပတ်အတွင်း လွှတ်တော်၌ ပြန်လည်ရှင်းလင်းရမည် ဖြစ်သည်။
ဒုတိယ ၆ လပတ် အခွန်ရငွေစာရင်းတွင် ကျပ်ဘီလီယံ ၅၀၀၀ နီးပါး ရရှိမည် လျာထားသော်လည်း ၄၃၀၀ ကျော်သာ ရရှိခဲ့ပြီး လျာထားချက်ထက် ဘီလီယံ ၆၅၀ ခန့် လျော့နည်းခဲ့သည်။
ကုန်သွယ်လုပ်ငန်းခွန်အနေဖြင့် ကျပ်ဘီလီယံ ၁၅၀၀ လျာထားသော်လည်း ၁၁၀၀ ဘီလီယံကျော်သာ ရရှိပြီး ဝင်ငွေခွန်မှ ၁၆၀၀ ကျော် လျာထားသော်လည်း ၁၂၇၀ ဘီလီယံ၊ အထူးကုန်စည်ခွန်မှ ဘီလီယံ ၈၀၀ ကျော် လျာထားသော်လည်း ၁၀၀ ကျော်သာ ရရှိခဲ့သည်ဟုလည်း သိရသည်။