အမေရိကန် ဒေါ်လာ ဈေးကျချိန်၌ ပုဂ္ဂလိက ဘဏ်များထံမှ ဒေါ်လာ သန်းနှင့်ချီ ဝယ်ယူခြင်းမှာ ငွေလဲနှုန်း တည်ငြိမ် ရေး အတွက် ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်က မြန်မာ နိုင်ငံဘဏ်များ အသင်းရုံး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တပတ်အတွင်းက ပြည်တွင်း ဘဏ်များထံမှ အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော် ဗဟိုဘဏ်မှ ဝယ်ယူ ခဲ့ခြင်းနှင့် ပတ်သက်၍ အများ ဝေဖန်ကြသကဲ့သို့ ပြည်တွင်း ဘဏ်များ အကျိုးရှိရန် လုပ်ပေးသည် ဆိုသော စွပ်စွဲချက် မှာ လုံးဝ မမှန်ကြောင်း ဦးစိုးသိန်းက ဆိုသည်။
“အဲဒီနေ့ (ဒီဇင်ဘာ ၄ ရက်) တနေ့တည်းကို ကြည့်လိုက်ရင် ဈေးက အကျကြမ်းတယ်။ မီဒီယာမှာ ဗဟိုဘဏ်က ဈေး ကျ မှာ စိုးလို့ ဝယ်တယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ နောက် ဒုတိယ အချက်က ဘာလဲဆိုတော့ ဘဏ်တွေကို အကျိုး ရှိအောင် တမင်တကာ လုပ်ပေးတယ် ဆိုတဲ့ စွပ်စွဲချက်က ဒါတော့ လုံးဝ မမှန်ဘူး။ ဒါတော့ ကျနော် ငြင်းလို့ ရတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ဒေါ်လာ ဝယ်ယူခြင်းမှာ ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် ဗဟိုဘဏ်၏ အရန်ငွေကြေး ပိုမိုတောင့်တင်း လာစေ ရန် စုဆောင်းခြင်းတို့ အတွက် ဝယ်ယူခြင်း ဖြစ်ကြောင်း ဦးစိုးသိန်းက ရှင်းလင်းသည်။
ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းက ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၅၄၅ ကျပ် ရှိရာမှ ညနေပိုင်း၌ ၁၄၉၀ ကျပ် အထိ ၅၅ ကျပ် ဝန်းကျင် ဈေးကျခဲ့သည်။
ထို့နောက် ဗဟိုဘဏ်မှ ပုဂ္ဂလိက ဘဏ်များထံမှ ဒေါ်လာ ဝယ်ယူပြီးနောက် ပြည်တွင်း ဒေါ်လာဈေးများ ပြန်လည် မြင့် တက်လာကြောင်း ဈေးကွက် အတွင်းက သိရသည်။
ပုဂ္ဂလိက ဘဏ်များသည် ယင်းကာလတွင် ပြင်ပအရောင်းအဝယ် လုပ်သူများထံမှ ၁ ဒေါ်လာလျှင် ၁၅၀၀၊ ၁၅၁၅ ကျပ် တို့ နှင့် ဝယ်ယူပြီး ဗဟိုဘဏ်သို့ ၁၅၇၀ ကျပ်ဖြင့် ပြန်လည် ရောင်းချခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ငွေကြေး ဖောင်းပွမှုမျိုး မဖြစ်ရန် စီးပွားရေး စနစ်ရှိ ငွေကြေး ပမာဏသည် ရည်မှန်းချက်ထက် ကျော်လွန်နေပါ က အပ်ငွေ လေလံ (Deposit Auction) ခေါ်ယူပြီး ပိုလျှံသည့် ငွေပမာဏများကို နုတ်သိမ်းခြင်းများ ဆောင်ရွက်လျက် ရှိသည်ဟု ဗဟိုဘဏ်က သိရသည်။
ဗဟိုဘဏ် အနေနှင့် ဒေါ်လာငွေ လဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် လုပ်ဆောင်လျက် ရှိပြီး ဈေးကွက် အတွင်း၌ ဒေါ်လာ ဈေး တက်လာပါက ဒေါ်လာ ထုတ်ရောင်းခြင်း၊ ကျဆင်းပါက ဒေါ်လာ ဝယ်ယူခြင်း များကို လုပ်ဆောင်သွား မည် ဖြစ်ကြောင်းလည်း ဆိုထားသည်။
စီးပွားရေး လေ့လာ သုံးသပ်သူ ဦးမင်းခင်က“ဗဟိုဘဏ်က ရောင်းတာပဲ မဟုတ်ဘူး။ ဝယ်လည်း ဝယ်တယ်။ ဈေးကွက် တွင်းမှာ ထိန်းကျောင်းပေးရတဲ့ နှုန်းရှင် စနစ်ကို သူတို့ ကျင့်သုံးတာပေါ့။ အဲဒီလိုဖြစ်တဲ့ အတွက် ဈေးတွေ ရုတ်တရက် ကျသွားတဲ့ အချိန်မှာ ဘဏ်ဘက်မှာ ဝယ်သူရှိလာတယ်။ ဈေးကွက် သဘောအရ ဈေးကျသွားရင် ရောင်းသူ နည်းသွား တယ်။ အဲဒီအခါမှာ ဈေးကွက်ရဲ့ ဝယ်လိုအားကို ဗဟိုဘဏ်က ဖြည့်ပေးလိုက်တာပေါ့နော်။ အဲဒီလို သွားတယ်။ ဒါကြောင့် ပြည်သူ့ ပိုက်ဆံ ဗဟိုဘဏ်က အရှုံးခံတယ် လို့တော့ ပြောလို့ မရပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက“အခုဆို သာမန် လူပြိန်း မျက်စိနဲ့ တွက်မယ် ဆိုရင် ဗဟိုဘဏ်က ဝယ်လိုက်တဲ့ သန်း ၃၀ က အခု ဈေးက ပြန်တက်နေတော့ မြတ်နေပြီလေ။ ဒါကြောင့် ပြည်သူ့ငွေ ဆုံးရှုံးခံပြီး လုပ်တယ်လို့ ပြောဖို့ ခက်တယ်။ နောက် ပြီးတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးဖြစ်ရဲ့လား ဆိုတော့ ဈေးကွက် သဘာဝအရတော့ အရောင်းနဲ့အဝယ် ကျနိုင်တယ်။ ရောင်းသူများရင် ဈေးကျမယ်။ ဝယ်သူများရင် ဈေးတက်မယ်”ဟု ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်တွင် ဗဟိုဘဏ် ပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ၁၅၆၁ ကျပ်ဈေးရှိပြီး ပြင်ပ၌ အဝယ် ၁၅၄၂ ကျပ်၊ အရောင်း ၁၅၅၂ ကျပ်တို့နှင့် အမြင့်ဈေး ဖြစ်ပေါ်လျက် ရှိသည်။