မြန်မာ့စီးပွားရေးသည် ၂၀၁၇/၁၈ တွင် ပြန်လည်တက်လာသော်လည်း နှေးကွေးမှု လက္ခဏာများပြသနေဆဲဖြစ်ပြီး ၂၀၁၈/၁၉ တွင် ၆.၄ ရာခိုင်နှုန်း တိုးတက်မှုနှုန်း အလယ်အလတ်ရှိမည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ ခရီးစဉ်အပြီးတွင် သတင်းထုတ်ပြန်သည်။
မစ္စတာ ရှန်နကာ ဂျေ ပီရာရစ် ဦးဆောင်သော IMF အဖွဲ့သည် ပြဌာန်းချက် (၄) ဆိုင်ရာ တိုင်ပင်ညှိနှိုင်းမှုများပြုလုပ်ရန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ပနာမ တွေ့ရှိချက်များအပေါ် အခြေခံကာ IMF အမှုဆောင်အဖွဲ့ထံ အစီရင်ခံစာ တစောင်တင်သွင်းမည်ဖြစ်သည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင် မြန်မာ့စီးပွားရေးသည် အလယ်အလတ်ကာလနှင့် ရေရှည်တွင် ၇ ရာခိုင်နှုန်း နီးပါးဖြင့် မှန်မှန်တက်လာမည်ဟု မျှော်လင့်ရပြီး အလားအလာကောင်းကြောင်း ပြောသော်လည်း ဖြစ်နိုင်ခြေရှိသော အန္တရာယ်များမှာ ရခိုင်ပြည်နယ်မှ ပြဿနာများအပါအဝင် အကျဖက်သို့ယိမ်းနေကြောင်း ဆိုသည်။
တိုးတက်မှုနှုန်းသည် ၂၀၁၆/၁၇ တွင် ၅.၉ ရာခိုင်နှုန်းရှိရာမှ ပို့ကုန်နှင့် စိုက်ပျိုးရေးပြန်လည်နာလန်ထလာသောကြောင့် ၂၀၁၇/၁၈ တွင် ၆.၈ ရာခိုင်နှုန်းသို့ ပြန်တက်လာကြောင်း ဆိုသည်။
ဘဏ္ဍာရေးလိုငွေမှာ စုစုပေါင်းအမျိုးသားထုတ်လုပ်မှု (GDP) ၏ ၂.၇ ရာခိုင်နှုန်းသို့ အနည်းငယ် ပိုမို ကွာဟလာသည့် တချိန်တည်းတွင် လိုငွေအတွက် ဗဟိုဘဏ်၏ ငွေကြေးထောက်ပံ့မှု ကျဆင်းလာနေကြောင်း၊ ကုန်စည်ဆိုင်ရာ ငွေကြေးဖေါင်းပွမှုနှုန်း (Headline inflation) သည် ၂၀၁၇/၁၈ တွင် အလယ်အလတ်ဖြစ်သော ပျှမ်းမျှ ၄.၀ ရာခိုင်နှုန်း ရှိသော်လည်း လောင်စာ ဈေးနှုန်းမြင့်တက်ခြင်းနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် တိုးခဲ့ကြောင်း ဆိုသည်။
နိုင်ငံတော် ဘဏ္ဍာ စာရင်းတွင် လိုငွေ (current account deficit) သည် ၂၀၁၇/၁၈ တွင် GDP ၏ ၄.၇ ရာခိုင်နှုန်းသို့ ရောက်သွားသည်။ ထိုသို့ဖြစ်ခြင်းမှာ အဓိကအားဖြင့် နိုင်ငံတကာ အရန်ငွေကြေးပမာဏ( international reserve coverage) ကို သွင်းကုန် ၃ လစာခန့်တွင် ထိန်းထားနိုင်အောင် အထောက်အကူပြု သော FDI ဝင်ရောက်မှု ( GDP ၏ ၅.၄ ရာခိုင်နှုန်း) ကြောင့်ဖြစ်သည်။
အကူးအပြောင်း ဘဏ္ဍာရေးနှစ် (transition budget year)( ၂၀၁၈ ဧပြီမှ စက်တင်ဘာ) အတွင်း ပဏာမ အချက်အလက်များသည် အစိုးရ အသုံးစရိတ်လျှော့ခြင်း၊ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု နည်းလာခြင်းနှင့် ကမ္ဘာ့ဝယ်လိုအား အလယ်အလတ်သာရှိခြင်းတို့ကြောင့် တိုးတက်မှုနှုန်း ၆.၂ ရာခိုင်နှုန်းသာပြသည်။
၂၀၁၈/၁၉ အတွက် အခွန်မှ ရရှိသော ဘဏ္ဍာ လိုငွေ (fiscal deficit) သည် GDP ၏ ၃.၅ ရာခိုင်နှုန်းသို့ တိုးလာမည်ဟု ခန့်မှန်းရပြီး ပိုမိုမြင့်မားသော ငွေလုံးငွေရင်း အသုံးစရိတ်ကြောင့် ဘဏ္ဍာရေး အနည်းငယ် အကျပ်ရိုက်မည်။ သို့သော် နိုင်ငံတကာရေနံဈေးနှုန်းကျဆင်းခြင်း နှင့် ငွေကြေးဖေါင်းပွမှု တဖြည်ဖြည်း မှန်မှန် အလယ်အလတ်ဖြစ်လာခြင်းကြောင့် စားသုံးသူများ ငွေပိုသုံးလာနိုင်မည်ဟု ဆိုသည်။
တိုးလာမည့် ဝင်ငွေကို ထိထိရောက်ရောက် သုံးစွဲနိုင်ခြင်းကြောင့် ရုပ်ပိုင်းနှင့် လူသား အရင်းအမြစ်တွင် ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှု ဖြစ်လာကာ ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်းကို အကောင်အထည်ဖေါ်ခြင်းဖြင့် မြန်မာ့ တိုးတက်မှုနှုန်းအတက်ကို ထိန်းသိမ်းပေးသင့်ကြောင်းလည်း အကြံပြုသည်။
ရေရှည်ကာလအတွက် စီးပွားရေးအလားအလာမှာ မြန်မာနိုင်ငံ၏ လူဦးရေနှင့် ပထဝီ အားသာချက်များ၊ ကမ္ဘာ့တိုးတက်ရေး မောင်းနှင်အားများကြားတွင် သေနင်္ဂဗျူဟာ ကျစွာ တည်ရှိသောကြောင့် ကောင်းမွန်ကြောင်း၊ ထိုအလားအလာကို ထိန်းချုပ်ရန် မြန်မာနိုင်ငံသည် ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းကြီးများမှ ဘဏ္ဍာရေး အန္တရာယ်ကို စီမံခန့်ခွဲရင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းထားရန် လိုကြောင်းလည်း ဆိုသည်။
ရှည်ကြာသော ရခိုင်အကျပ်အတည်းနှင့် ကုန်သွယ်ရေး အထူးအခွင့်အရေးများ ရုတ်သိမ်းခြင်းသည် အလှူရှင်၏ ဦးစားပေးငွေကြေးထောက်ပံ့မှုနှင့် ရင်းနှီးမြှုပ်နှံမှုလျှော့ကျစေနိုင်ပြီး တိုးတက်မှုနှုန်း ကျခြင်းနှင့် ကြီးမားသော အလုပ်အကိုင် ဆုံးရှုံးခြင်းများသို့ ဦးတည်စေနိုင်ကြောင်းလည်း ဆိုသည်။
ဘဏ်များ ငွေရင်းတည်ဆောက်ပုံပြုပြင်မှု နှောင့်နှေးနေပါက ဘဏ်လုပ်ငန်းကဏ္ဍပြန်လည်ပြုပြင်တည်ဆောက်ခြင်းမှ မက်ခရို ဘဏ္ဍာရေး ရိုက်ခတ်မှုသည် ပိုမိုပြင်းထန်နိုင်ကြောင်း သတိပေးသည်။
ကမ္ဘာ့ မျက်နှာစာမှ ဖြစ်နိုင်သော အန္တရာယ်များတွင် ကုန်သွယ်ရေး တင်းမာမှု မြင့်မားခြင်းနှင့် ဈေးကွက်မတည်ငြိမ်မှု၊ ပိုမိုမြင့်မားသော ရေနံစိမ်းဈေးနှင့် တရုတ်စီးပွားရေးနှေးကွေးမှုကြောင့် ရိုက်ခိုက်မှုများတို့ ပါဝင်သည်။
ရခိုင်အကျပ်အတည်း မြန်ဆန်စွာ ပြေလည်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများ မြန်ဆန်စွာ လုပ်ကိုင်ခြင်းတို့သည် ပြင်ပဘဏ္ဍာငွေရင်းထောက်ပံ့မှုကို ပိုမိုချောမွေ့စေနိုင်ပြီး ဖွံ့ဖြိုးရေး အသုံးစရိတ်များ ပိုမိုခွင့်ပြုကာ နိုင်ငံတကာ အရန်ငွေကို ပြန်လည်တည်ဆောက်ပေးနိုင်မည်ဟုလည်း သုံးသပ်ထားသည်။
ဘဏ္ဍာရေး မူဝါဒသည် ရေရှည် အကြွေးပေးဆပ်နိုင်မှုရှိစေရေး ဗဟိုဘဏ်မှ ငွေကြေးထောက်ပံ့ခြင်းကို အဆုံးသတ်ပြီး အခွန်ဝင်ငွေကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးရေး အသုံးစရိတ်များမြှင်တင်ရန် ရည်ရွယ်သင့်ကြောင်းလည်း အကြံပြုသည်။
လျှပ်စစ်နှုန်းထား အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများ၏ အမြတ်ရနိုင်စေရေး ပြုပြင်ပြောင်းလဲရန်နှင့် ရေနံထုတ်လုပ်မှု ခွဲဝေရေး စာချုပ်သစ်များသည် ဝင်ငွေအများဆုံးရပြီး ပွင့်လင်းမြင်သာမှု ရှိသော စာချုပ်သစ်ပုံစံပေါ်တွင် မှီခိုသင့်ကြောင်းလည်း ဆိုသည်။
ဘဏ်များနှင့် ပတ်သက်၍လည်း အကြံပေးသည်။ ချေးငွေ ဝန်ပိမှုမှ နာလန်ထခြင်းကို အထောက်အကူပြုစေရန် အရင်းအနှီး ထပ်မံထည့်ဝင်ခြင်း၊ ချေးငွေဆုံးရှုံးမှု အသိအမှတ်ပြုခြင်းကို အားပေးခြင်းနှင့် လုပ်ထုံး လုပ်နည်းသစ်များကို အပြည့်အဝ အကောင်အထည်ဖေါ်သင့်ကြောင်း ဆိုသည်။ ဘဏ်များက ချေးငွေအန္တရာယ် စီမံခန့်ခွဲမှု တောင့်တင်းကြံ့ခိုင်အောင် လုပ်ဆောင်ခြင်း၊ ကဏ္ဍတခုတည်းကို စုပုံထုတ်ချေးသည့် အန္တရာယ်ကို လျှော့ချခြင်း၊ အပေါင်ပစ္စည်းမဲ့ငွေထုတ်ချေးခြင်းကို ဆုံးရှုံးနိုင်ခြေနှင့် ကိုက်ညီသည့် အတိုးနှုန်းဖြင့် ဆောင်ရွက်ခြင်းတို့သည် ဘဏ္ဍာရေး တည်ငြိမ်တိုးတက်မှုကို အထောက်အကူပြုကြောင်း ဆိုသည်။
IMF ကိုယ်စားလှယ်အဖွဲ့သည် ဗဟိုဘဏ် ဥက္ကဌ၊ ဒု ဥက္ကဌများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် ဒုဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးနှင့် အဆင့်မြင့်အရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များနှင့် ဘဏ္ဍာရေးအဝန်းအဝိုင်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။