နိုင်ငံ၏ စီးပွားရေး တိုးတက်နိုင်ရန် အတွက် အဟန့်အတား သုံးရပ်ဖြင့် ရင်ဆိုင်နေရကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး(စီးပွား/ကူးသန်း) ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က ပြောသည်။
မန္တလေးမြို့ ပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေး ကုန်စည်ဒိုင်) တွင် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စု ဝန်ကြီးနှင့် မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ် သည်။
ပြည်ထောင်စု ဝန်ကြီးက“ပြည်တွင်း ငြိမ်းချမ်းရေး မရသေးတာရယ်၊ ရခိုင်အရေး အပေါ် အနောက်နိုင်ငံတွေက နား လည်မှု လွဲမှားတဲ့ ကိစ္စ၊ ခရီးသွားနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ တန့်သွားတဲ့ ကိစ္စတွေက လက်ရှိ နိုင်ငံ စီးပွားရေး ရဲ့ အဓိက စစ်မျက်နှာပြင် ၃ ခုပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ရခိုင် ပဋိပက္ခသည်လည်း ဆက်စပ်နေလျက် ရှိကာ အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ဖိအားပေးသည့် အနေနှင့် အီးယူ အဖွဲ့မှ ရရှိထားသည့် အခွန် သက်သာခွင့် အထူးအခွင့်အရေး (GSP) အပေါ် ပြောင်းလဲ ပယ်ဖျက်ရန် ပြင်ဆင်နေလျက် ရှိသည်။
ယင်းသို့ GSP ရုပ်သိမ်းပါက အထည်ချုပ် လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ကာ လုပ်သား အလုံးအရင်း အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကြောင်း သိရသည်။ အလားတူ ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် မြန်မာနိုင်ငံအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် ခရီးသွား လုပ်ငန်းများကို ရိုက်ခတ်ခဲ့ပြီး ကျဆင်းလျက် ရှိသည်။
ထို့ပြင် ငြိမ်းချမ်းရေး အပိုင်းတွင်လည်း အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေလျက်ရှိသည်။
ယင်းအခြေအနေများ အပေါ် ပြည်သူ လုပ်ငန်းရှင်များက နားလည်ကာ အမျိုးသားရေး အမြင်ဖြင့် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ပါက အဆင်ပြေသွားမည်ဟု ယုံကြည်သည်ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ဒေါက်တာ သန်းမြင့်က “ဘယ်နိုင်ငံဖြစ်ဖြစ် စနစ်တစ်ခု ကွဲပြားခြားနားပြီး ပြောင်းလဲသွားရင် အဲဒီ ကောင်းမွေ ဆိုးမွေ ကို အစိုးရက ဆက်ခံရတယ်။ တည်ဆဲ ဥပဒေ ဆိုတာလည်း ရှိတော့ ခက်ခဲပေမယ့် လက်ခံရတဲ့ အပိုင်းတွေ ရှိတယ်။ ဒါကြောင့် တချို့ လုပ်ငန်းရှင်တွေ တောင်းဆိုတာကို အခြေအနေအရ ချက်ချင်း လုပ်ပေးလို့ မရတာလေး ရှိတဲ့အခါ အစိုးရနဲ့ လုပ်ငန်းရှင်ကြား အမြင် ကွာဟတာ ဖြစ်ရတယ်။ စီးပွားရေးက ဒုံရင်း ဒုံရင်းပဲ ဖြစ်တယ်။ ဘာမှ မပြောင်း ဘူး ဆိုတာမျိုးလေးတွေပေါ့” ဟု ဆိုသည်။
ထို့နောက် ပြည်တွင်း လုပ်ငန်းရှင်များက ငွေကြေးအရင်းအနှီး နည်းသည့် အတွက် လုပ်ငန်း ရပ်တည်နိုင်ရန် ရုန်းကန် နေရခြင်း အပေါ် အစိုးရဘက်မှ ချေးငွေကိစ္စများ ပိုမို ပံ့ပိုးပေးရန်၊ မြေဈေးနှုန်း ကျဆင်းရန်၊ ငွေကြေး ဈေးကွက် တည်ငြိမ်စေရေး လုပ်ဆောင်ရန်နှင့် တရုတ်နိုင်ငံနှင့် တရားဝင် ကုန်သွယ်မှု ဖြစ်ရေး အတွက် ခွဲတမ်းရရှိရန် ကိစ္စတို့ကို တင်ပြ တောင်းဆိုခဲ့ကြသည်။
မန္တလေး ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးသက်တင်က “အရင်းအနှီး နည်းတဲ့ SMEs လုပ်ငန်းလေးတွေ က ကျားကန်ပြီး တဖြည်း ဖြည်း ရုန်းနေရပါတယ်။ အဲဒီလိုပဲ ကုန်သည်တွေကျတော့ ဈေးကွက် မကောင်းတဲ့ တရုတ်၊ အိန္ဒိယကိုပဲ အားထားပို့ နေ ရတယ်။ သူတို့ မဝယ်တော့ရင် ဒီမှာ ခွက်ခွက်လန်အောင် ရှုံးကြရတယ်။ ဒါတွေကိုအကာ အကွယ်ပေးဖို့ တောင်းဆို ချင်ပါတယ်” ဟု ပြောသည်။
ဒေါက်တာ သန်းမြင့်က အဆိုပါ တင်ပြ တောင်းဆိုချက်များနှင့် ပတ်သက်၍ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီထံ တင်ပြသွားမည် ဖြစ်ကာ လိုအပ်ချက်များကို အစိုးရ ဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးသွားမည်ဟု ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်က မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွား/ကူးသန်း ဝန်ကြီးတို့ ပထမ အကြိမ် တွေ့ဆုံခဲ့ပြီး နောက် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ကိစ္စရပ်များ၊ မှောင်ခို ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်စပ်လင့် – မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးဆဲဟု IMF ကိုယ်စားလှယ်အဖွဲ့ ထုတ်ပြန်