စီးပွားရေး

အချက်အလက်ဌာနအတွက် ကိုရီးယားမှ ဒေါ်လာ ၉၄ သန်းချေးရန် လွှတ်တော်ခွင့်ပြု

e-Government ဗဟိုအချက်လက် ဌာနတည်ဆောက်ရေးအတွက် ကိုရီးယားသွင်းကုန်/ထုတ်ကုန် ဘဏ်မှ ချေးငွေ ဒေါ်လာ ၉၃.၈ သန်း ချေးယူရေးကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါချေးငွေအတွက် ယခုအစောပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ အင်္ဂါနေ့က လွှတ်တော်ကိုယ်စားလှယ်များသည် ၄၅၃ မဲ – ၉မဲ ဖြင့် ဆုံးဖြတ်၍ ချေးငွေယူရေးကို သဘောတူ အတည်ပြုခဲ့သည်။

သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာလုံခြုံရေးဦးစီးဌာန၏ လမ်းညွှန်မှု အောက်တွင် အဆိုပါ ၃ နှစ် စီမံကိန်းကို လာမည့် ဇန်နဝါရီလမှ စတင်ရန် စီစဉ်ထားသည်။

e-Government အချက်အလက် ပေါင်းစည်းရေးဌာနကို နေပြည်တော်တွင် ထားရှိမည်ဖြစ်ပြီး ၎င်း၏အရံဌာနကို ရန်ကုန်မြို့အနီး သန်လျင်မြို့နယ်တွင် တည်ဆောက်ရန် လျာထားရာ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၁၀၄.၃ သန်း ဖြစ်သည်။

အဆိုပါချေးငွေကို မြန်မာအစိုးရက နိုင်ငံတော်ဘတ်ဂျက်မှ ထုတ်ယူခြင်းမရှိဘဲ ပေးဆပ်သွားမည်ဖြစ်သည်။

အဆိုပါစီမံကိန်း ပြီးစီးပါက ပြည်သူလူထုအနေဖြင့် အွန်လိုင်းငွေပေးချေမှုမှစ၍ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်း အထိ ကိစ္စရပ်အထွေထွေကို e-Government ဝန်ဆောင်မှုများ ဖြတ်သန်း၍ အချိန်တိုတိုဖြင့် ပိုမိုလျင်မြန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

ယခင်သီတင်းပတ်က အဆိုပြု တင်သွင်းလာသော ယင်းစီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့က အကြေအလည် ဆွေးနွေးကြပြီး ဆိုင်ဘာ လုံခြုံရေးနှင့်ပတ်သက်သော မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

အင်္ဂါနေ့တွင် ဝန်ကြီးက တည်ဆောက်မည့်ဌာန နှစ်ခုစလုံးအတွက် လုံခြုံရေး အစီအမံတချို့ ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးတင်ပြခဲ့သည်။ လူမှုကွန်ရက် (Social media)၊ ကိုယ်ရေးကိုယ်တာ အချက်အလက်၊ ကလေးသူငယ်များ ကာကွယ်မှုနှင့် တခြားကိစ္စရပ်များ ပါဝင်သည့် ဆိုင်ဘာဥပဒေကြမ်းတခုမှာ ရက်သတ္တပတ်ပေါင်း ၃၀ အတွင်း လွှတ်တော်သို့ တင်သွင်းကာ စဉ်းစားနိုင်ရန် အသင့် ရေးဆွဲပြီးဖြစ်လိမ့်မည်ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

Loading