မြန်မာ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဦးငွေထွန်းက ယခု လာမည့် ဧပြီလအတွင်းတွင် ဟောင်ကောင်သို့ ဈေးကြီးသော Geisha ကော်ဖီများတင်ပို့ရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံ၏ ဖြစ်ထွန်းခါစ “အထူးပြု (Speciality)” ကော်ဖီ လုပ်ငန်းကဏ္ဍအတွက် နောက်ထပ် ပထမဆုံး တခုဖြစ်သည်။
ဉာဏ်ကြီးရှင် အမှတ်တံဆိပ်ဖြင့် ၂၀၁၂ ခုနှစ်မှ စတင်၍ ကော်ဖီထုတ်လုပ်နေခဲ့သော အောင်နေလင်းထွန်း ကုမ္ပဏီကို တည်ထောင်သူနှင့် ဒါရိုက်တာ ဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဦးငွေထွန်းက Geisha ကော်ဖီပင်များကို လွန်ခဲ့သော ၄ နှစ်က ပနားမားနိုင်ငံမှ စတင်တင်သွင်းခဲ့သည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း ရွာငံမြို့နယ်တွင် စိုက်ပျိုးထားသည့် ကော်ဖီပင်များမှ ပထမဆုံး အသုတ်ကို ယခုလ နှောင်းပိုင်းတွင် ခူးဆွတ်ရန် အသင့်ဖြစ်မည် ဖြစ်ပြီး ၅၀၀ ကီလိုဂရမ် (၁၁၀၀ ပေါင်) ရရှိလိမ့်မည် ဖြစ်သည်။
“Arabica Geisha က ကမ္ဘာပေါ်က ဈေးအကြီးဆုံး ကော်ဖီတွေထဲမှာ ပါပါတယ်” ဟု ဦးငွေထွန်းက ပြောသည်။
“အရင်က ဒါကို အာရှမှာ မရရှိခဲ့တဲ့ အတွက် ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်ဝမ်က ဝယ်ယူသူ အများအပြားက ဒီထုတ်ကုန်နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားနေကြပါတယ်” ဟု သူက ဆိုသည်။
ကမ္ဘာတွင် ထင်ရှားသည့် Arabica ကော်ဖီ မျိုးစိတ်များထဲမှ တမျိုးဖြစ်သည့် Geisha ၏ မူရင်းဒေသမှာ အီသီယိုပီးယား နိုင်ငံ Gesha မှ ဖြစ်သည်။ “Geisha” ဆိုသည့် ကွဲလွဲနေသည့် အမည်က မည်သည့်နေရာတွင် အရင်းခံသည် ဆိုသည်ကို မည်သူမျှ သိကြသည့်အသွင် မရှိပါ။ ၎င်းကို ၁၉၆၀ နှစ်များအတွင်းတွင် ပနားမားနိုင်ငံသို့ ပြောင်းရွှေ့စိုက်ပျိုးခဲ့ပြီး အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်။ ထို့နောက် ပနားမား အကောင်းဆုံး ကော်ဖီပြိုင်ပွဲတွင် ပထမ ရရှိခဲ့သည့် ၂၀၀၄ ခုနှစ်အထိ ဆယ်စုနှစ် များစွာ မှေးမှိန်နေခဲ့ရသည်။
ထိုနှစ်အတွင်းတွင် Geisha ကော်ဖီ တပေါင်လျှင် ၈၀၃ အမေရိကန်ဒေါ်လာ (၁ ကီလို ဂရမ် လျှင် ၃၆၄ ဒေါ်လာနှုန်း) ဖြင့် ရောင်းချ ခဲ့ရခြင်းကြောင့် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ကော်ဖီ ဖြစ်လာစေခဲ့သည်။
ရှမ်းတောင်သူများ စိုက်ပျိုးသည့် သူ၏ကိုယ်ပိုင် Geisha ကော်ဖီက အလယ်အလတ်ဈေးနှုန်းဖြစ်သည့် ၁ ကီလို ဂရမ်လျှင် အမေရိကန်ဒေါ်လာ ၂၀ မှ ၂၅ အတွင်း ရရှိနိုင်မည်ဟု ဦးငွေထွန်းက မျှော်လင့်နေသည်။ ရောင်းချသည့် ဈေးနှုန်းမှ သူ့အတွက် ရာခိုင်နှုန်း ကောင်းကောင်းရလိမ့်မည်ဟု သူကပြောသည်။
အထူးပြုကော်ဖီက မြန်မာနိုင်ငံ၏ ကော်ဖီလုပ်ငန်းအတွက် နိုင်ငံခြားပို့ကုန် အခွင့်အလမ်းသစ်တခု ဖြစ်လာသည်။ အောက် တိုဘာလ ၁၂ ရက်နေ့တွင် ကော်ဖီစိုက် သမဝါယမ အသင်းတခုဖြစ်သည့် Green Gold cooperative က သူတို့၏ ပထမ ဆုံးသော ကုန်သေတ္တာကို ပြင်သစ်နိုင်ငံသို့ တင်ပို့ခဲ့သည်။ ပြင်သစ် ကော်ဖီ ကုမ္ပဏီ Malongo နှင့် ပြုလုပ်ထားသည့် ၅ နှစ် သဘောတူညီချက်အရ တင်ပို့ခြင်း ဖြစ်သည်။ ယခုတင်ပို့မှုမှနေ၍ Green Gold အတွက် အမေရိကန်ဒေါ်လာ ၃၅၀၀၀ ရရှိခဲ့သည်။
“ကျနော်တို့ဆီမှာ ရှိတဲ့ အကောင်းဆုံးကော်ဖီ Malongo က တကီလိုကို ၈ ဒေါ်လာပေးတဲ့ အရည်အသွေးမြင့် ကော်ဖီမျိုး ဖြစ်ပါတယ်။ Arabica အတွက် ပျမ်းမျှဈေးရဲ့ ၂ ဆ နီးပါးပါပဲ” ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မှုခင်း ဆိုင်ရာရုံး (UNODC) ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Troels Vester က ပြောသည်။
UNODC က တောင်သူများ နောက်ထပ် အထူးပြု သီးနှံတခုဖြစ်သည့် ဘိန်းစိုက်ပျိုးခြင်းမှ ရှောင်ရှားနိုင်အောင် အားထုတ်မှုတခု အနေဖြင့် ရှမ်းပြည်နယ်တွင် ကော်ဖီစိုက်ပျိုးရေးကို ကူညီထောက်ပံ့ပေးနေသည်။
UNODC က ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှ တောင်သူများ ဘိန်းစိုက်ပျိုးမှု တိုးလာခြင်းကို ရပ်တန့်စေရေးအတွက် အစားထိုးသီးနှံ စိုက်ပျိုးသည့် အစီအစဉ်များမှတဆင့် ဆယ်စုနှစ်များစွာ ကြိုးစားနေခဲ့သည်။ သို့သော်လည်း အောင်မြင်မှု ရေရေရာရာ မရရှိခဲ့သေးပါ။
မြန်မာနိုင်ငံက အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ့ဒုတိယ အကြီးဆုံး ဘိန်းထုတ်လုပ်သူ အဖြစ်ဆက်၍ ရှိနေသည်။ ဘိန်းပင်များ က ဝေးလံခေါင်ဖျားခြင်း၊ အခြေခံအဆောက်အအုံ ချို့တဲ့ခြင်းနှင့် ဆယ်စုနှစ်များစွာ အစိုးရ၏ ဥပေက္ခာပြုခံရခြင်းကြောင့် မူးယစ်ဆေး ကုန်သွယ်သူများ၏ ပစ်မှတ် ဖြစ်ရန်လွယ်ကူခြင်းများတို့ ပေါင်းစုရော မြန်မာပြည်မြောက်ပိုင်းမှ ဆင်းရဲ နွမ်းပါးသည့် ပြည်သူများအတွင်း ဝင်ငွေရရှိနိုင်မည့် အနည်းငယ်မျှသော သီးနှံများထဲမှ တခု ဖြစ်ခဲ့သည်။
တောင်သူ တဦးအတွက် တနှစ်လျှင် ဒေါ်လာ ၂၀၀၀ မျှ ရရှိနိုင်သည့် ဘိန်းနေရာတွင် ဂေါ်ဖီထုပ် ကဲ့သို့ တခြားသော ဝင်ငွေရ သီးနှံများနှင့် အစားထိုးရန် ကြိုးစားသည့် ယခင်က အားထုတ်မှုများမှာ ထိုကဲ့သို့ ပျက်စီးလွယ်သော ကုန်စည်များကို ဈေးကွက်သို့ တင်ပို့ရေး အခက်အခဲများကြောင့် အကြီးအကျယ် ကျဆုံးခဲ့ရသည်။
UNODC က ၂၀၁၄ ခုနှစ်တွင် ကော်ဖီကို စတင်စမ်းသပ်ခဲ့သည်။ ကနဦးအနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်များတွင် ဆောင်ရွက်ခဲ့သည်။ ယခုအခါ အဆိုပါ ကော်ဖီပင်များမှ အသီးများ စတင်သီးပွင့်နေကြပြီ ဖြစ်သည်။
“ဒါက အောင်မြင်မှုတခုပါပဲ။ အရင် အားထုတ်မှုတွေထက် ပိုပြီးအောင်မြင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွဲပြားချက်က ကျနော်တို့ လုပ်နေတာတွေနဲ့ ကျနော်တို့ရခဲ့တဲ့ ရလဒ်တွေရဲ့ အရွယ်အစားပါပဲ” ဟု Troels Vester က ပြောသည်။
မိသားစု ၉၆၈ စုပါဝင်သည့် ကျေးရွာပေါင်း ၅၅ ရွာက ပင်လယ်ရေ မျက်နှာပြင် အထက် ၁၂၅၀ မီတာ (၄၁၀၀ပေ) ခန့် မြင့်သည့် ရှမ်းပြည်နယ်မှ မြေ ဟက်တာ ၁၀၀၀ (ဧက ၂၅၀၀ ခန့်) ပေါ်တွင် Arabica ကော်ဖီပင်များ စိုက်ပျိုးနေကြသည်။ ဘိန်းနှင့် Arabica ကော်ဖီပင် ၂ မျိုးစလုံးက ရှင်သန်ဖြစ်ထွန်းရန်အတွက် နေရောင်ခြည်၊ မိုးရေများများနှင့် မြေမျက်နှာပြင် မြင့်ရန် လိုအပ်သည်။
၂၀၂၂ ခုနှစ်အထိ Arabica ကော်ဖီများအားလုံး ကို Malongo သို့ ရောင်းချရန် ကန်ထရိုက်စာချုပ်တခု လက်မှတ်ရေးထိုး ထားသော UNODC ၏ စီမံကိန်းက ယခုအချိန်အထိ မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော ကော်ဖီစိုက်ပျိုးရေး နယ်မြေဖြစ် သည်။
မြန်မာနိုင်ငံက ဗြိတိသျှ ကိုလိုနီလက်အောက်တွင် ရှိခဲ့သည့် အချိန် (၁၈၂၄-၁၉၄၈) တွင် လဘက်ရည်သည် လူကြိုက် များသော သောက်သုံးစရာတခု ဖြစ်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ခရစ်ယာန်သာသနာပြု အဖွဲ့များက မြန်မာနိုင်ငံတွင် ကော်ဖီစေ့ များကို မိတ်ဆက်ပေးခဲ့သည်။ မြန်မာနိုင်ငံတောင်ပိုင်း မြိတ်နှင့် ထားဝယ်ဒေသများတွင် စိုက်ပျိုးခဲ့ကြသော်လည်း ကိုယ်တိုင် သောက်သုံးရန် အတွက် သက်သက်သာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံ၏ ယခင်စစ်အစိုးရက ကော်ဖီစိုက်ပျိုးရေးကို ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်စိတ်ဝင်စား လာခဲ့ပြီးနောက် မန္တလေး၏ အရှေ့ဘက်ပြင်ဦးလွင် ခရိုင်အတွင်းတွင် ဟက်တာ ၄၀၀၀၀ (ဧက ၁၀၀၀၀၀) ရှိသော မြေနေရာကို ဖော်ထုတ်ခဲ့သည်။ ကော်ဖီစိုက် လုပ်ငန်းများနှင့် တောင်သူများသို့ ငှားရမ်းချထားပေးရန် ဖြစ်သည်။
ကိုလိုနီခေတ်က တောင်စခန်းမြို့ မေမြို့ဟု သိကြသည့် ပြင်ဦးလွင်က ကော်ဖီစိုက်ပျိုးရေးကို မြှင့်တင်ရန် သင့်လျှော်သည့် နေရာတခု အဖြစ် ယူဆခြင်းခံရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အမြင့် (ပင်လယ်ရေ မျက်နှာပြင်ထက် မီတာ ၁၀၀၀ ကျော်)၊ မိုးရေ ရရှိခြင်းနှင့် လုံခြုံရေးအရ (အခြားနေရာများနှင့် စာလျှင်) ပိုမိုကောင်းမွန်ခြင်းတို့ ကြောင့် ဖြစ်သည်။
သို့သော်လည်း ၂၀၁၄ ခုနှစ်ရောက်မှသာ သမဝါယမ အဖွဲ့တခု ဖြစ်သည့် Mandalay Coffee Group ဖွဲ့စည်းခြင်းနှင့် အတူ စီးပွားဖြစ်တပိုင်း လုပ်ကိုင်ခြင်းကို စတင်နိုင်ခဲ့သည်။ အဆိုပါ အဖွဲ့တွင် Green Land၊ Lone Star၊ ရွှေယင်းမာ၊ Blue Mountain နှင့် Sithar တို့ကဲ့သို့သော ပြည်တွင်းမှ ထိပ်တန်း ကော်ဖီထုတ်လုပ်သူများ ပါဝင်ကြသည်။ Mandalay Coffee Group က အခွံချွတ်ခြင်း၊ အခြောက်ခံခြင်းနှင့် သိုလှောင်ထိန်းသိမ်းမှုများကို အရည်အသွေး ထိန်းချုပ်မှုနှင့် အတူ ဆောင်ရွက်နိုင်ရန် အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ရင်းနှီးမြှုပ်နှံ ထားသည်။
ယခုအခါ Mandalay Coffee Group က တနှစ်လျှင် ကော်ဖီ တန် ၅၀၀ ခန့် ထုတ်လုပ်နေပြီဖြစ်သည်။ ထုတ်လုပ်မှု အများစုကို ပြည်တွင်းတွင် ရောင်းချသည်။ မြန်မာနိုင်ငံ၏ ကော်ဖီ ထုတ်လုပ်မှုက တနှစ်လျှင် တန်ချိန် ၁၀၀၀ ခန့် ရှိသည်ဟု ကော်ဖီ လုပ်ငန်းအတွင်းမှ အရင်းအမြစ်များက ခန့်မှန်းထားပြီး တနှစ်လျှင် တန်ချိန် ၁.၅ သန်းခန့် ထုတ်လုပ်နေသည့် ဗီယက်နမ်နှင့် နှိုင်းယှဉ်ပါက အလွန်ပင်နည်းပါးနေသည်။
ထုတ်လုပ်မှု နည်းပါးနေခြင်းကြောင့် ကော်ဖီထုတ်လုပ်သူများက ဖွံ့ဖြိုးရေး အကူအညီပေးရေး အဖွဲ့အစည်းများ၊ အလှုရှင် အဖွဲ့အစည်းများ၏ အကူအညီဖြင့် မြန်မာနိုင်ငံက “အထူးပြု” ကော်ဖီ ထုတ်လုပ်သူ နေရာရရှိနိုင်ရေး အတွက် ကြိုးစားနေ ခဲ့ကြသည်။ နိုင်ငံတကာ ကော်ဖီဈေးကွက်တွင် အသစ် ဝင်ရောက်လာသူများအတွက် နေရာကောင်း၊ အခွင့်ကောင်းတခု ဖြစ်လာရန် မျှော်လင့်သည်။
အမေရိကန် အခြေစိုက် Winrock International နှင့် Coffee Quality Institute တို့က United States Agency for International Development (USAid) ၏ ငွေကြေးထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်၍ နိုင်ငံတကာ ကော်ဖီပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနေသည်။ ကော်ဖီ၏ အရည်အသွေးကို အဆင့်အတန်း သတ်မှတ်ရန် ကျွမ်းကျင်သည့် ကော်ဖီအရည်အသွေး စစ်ဆေးသူများကို ခေါ်ယူထားသည့် ပြိုင်ပွဲများက ဒေသထွက် ကော်ဖီစေ့များ၏ စံနှုန်းများကို မြှင့် တင်နိုင်သည့် နည်းလမ်းတခု ဖြစ်ပါသည်။
ပထမဆုံး ကျင်းပသည့် ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ၆၀ အနက် ၂၀ သာလျှင် အမှတ် ၈၀ အထက် ရရှိခဲ့ကြသည်။ အမှတ် ၈၀ ဆိုသည်မှာ ကမ္ဘာ့ဈေးကွက်တွင် အဆင့်မြင့်ဈေးနှုန်း ရနိုင်သည့် “အထူးပြုအဆင့်” Arabica ကော်ဖီများအတွက် ကန့်သတ်မှတ် ဖြစ်သည်။
ပြိုင်ပွဲဝင်များက ပိုကောင်းအောင် ပြုလုပ်ခဲ့ကြသည့် ၂၀၁၆ ခုနှစ် မတ်လအတွင်း ဒုတိယအကြိမ်ပြိုင်ပွဲတွင် ၅၆ ခုက အမှတ် ၈၀ နှင့် အထက် ရရှိခဲ့ကြသည်။ ပြင်ဦးလွင်မှ အကျယ်ဆုံး စိုက်ခင်းများထဲတွင် တခု (ဧက ၇၀၀ ရှိသည်) အပါအဝင် ဖြစ်သည့် Green Land Coffee Estate က အမြင့်ဆုံး အဖြစ် ၈၇.၀၈ မှတ် ရရှိခဲ့သည်။
ပြိုင်ပွဲများက ကြိုဆိုအသိအမှတ်ပြုမှုများကို ပေးသော်လည်း USAid ၏ စီမံကိန်းက မြန်မာ့ကော်ဖီ၏ အရည်အသွေးကို အမှန်တကယ် တိုးတက်စေခြင်းထက်၊ နိုင်ငံခြား ပလေယာများ၏ ဂုဏ်သတင်းကို ပို၍ မြှင့်တင်ပေးနေခဲ့သည်ဟု ပြည်တွင်း မှ ကော်ဖီထုတ်လုပ်သူများက သံသယ ရှိနေကြသည်။
“မြန်မာ ကော်ဖီက ကောင်းပါတယ်။ ဒါပေမယ့် အမေရိကန်တွေ ပြောနေသလောက် မကောင်းပါဘူး” ဟု Sithar Coffee ၏ အမှုဆောင်ချုပ် ဦးသူဇော်က ပြောသည်။ “ကျနော်တို့ ဂျပန်နဲ့ ဥရောပလိုမျိုး တခြားဈေးကွက်တွေကနေ ကျနော်တို့ရနေ တဲ့ ရလဒ်တွေက အမေရိကန်တွေ ကျနော်တို့ကို ပြောနေတာတွေထက် နည်းပါတယ်” ဟု သူက ဆိုသည်။
အကယ်၍ မြန်မာနိုင်ငံမှ ပေါ်ထွန်းစ ကော်ဖီထုတ်သူများက အထူးပြုကော်ဖီ အခွင့်အလမ်းကို ရယူလိုသည်ဆိုလျှင် သူတို့ အနေဖြင့် အရည်အသွေးမြှင့်တင်ရေးနှင့် အစိုးရ၏ အကူအညီဖြင့် ပုဂ္ဂလိက ကဏ္ဍကသာ ကိုယ်တိုင်လုပ်နိုင်မည့် ကိစ္စဖြစ်သည့် လုပ်ငန်းစံချိန်စံညွှန်းများ ချမှတ်ရေးတို့တွင် လုပ်ကိုင်စရာများစွာ လိုအပ်လိမ့်မည် ဖြစ်သည်။
“ကျနော်တို့ရဲ့ ရေမြေ အနေအထားနဲ့ ကိုက်ညီတဲ့ အမျိုးအစားတွေ လိုတယ်။ သုတေသနနဲ့ တနိုင်ငံလုံး အတွက် ဈေးကွက်က မောင်းနှင်တဲ့ ချဉ်းကပ်မှုတခုလိုတယ်” ဟု ဦးသူဇော်က ပြောသည်။
ကော်ဖီ ပစ္စည်းများ ဖြန့်ချိနေသည့် ထိပ်တန်းကုမ္ပဏီတခု ဖြစ်သည့် Sithar က ပြင်ဦးလွင်တွင် ၂၀၀၈ ခုနှစ်မှ စတင်၍ ကော်ဖီ စိုက်ပျိုးခဲ့သည်။ အမေရိကန်၊ ရုရှား၊ ဒိန်းမတ်၊ ဂျပန်နှင့် တောင်ကိုရီးယားသို့ အထူးပြု ကော်ဖီများတင်ပို့နေသော် လည်း ဦးသူဇော်က တိုးတက်ရေးအတွက် အလားအလာ ကြီးကြီးမားမား မမြင်ပါ။
“ကျနော်တို့က အဲဒီ နိုင်ငံခြားတင်ပို့မှုတွေကို ဆက်ဆံရေး ကော်ဖီ (Relationship coffee) လို့ခေါ်တယ်။ ဘာကြောင့်လဲ ဆိုတော့ တချို့ နိုင်ငံတွေက မြန်မာနိုင်ငံကို မြှင့်တင်ပေးချင်ကြတယ်” ဟု သူက ပြောသည်။
တိုင်းပြည်ကို မြှင့်တင်ပေးခြင်းက မြန်မာနိုင်ငံက တံခါးဖွင့်လာပြီး အနောက်နိုင်ငံများက ယခင်စစ်အစိုးရ လက်ထက်တွင် ချမှတ်ထားခဲ့သည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပယ်ဖျက်ပေးခဲ့သော ၂၀၁၁/၁၂ တွင် လိုလိုလားလား ရှိခဲ့နိုင်ပါသည်။ သို့သော်လည်း နောက်ထပ်များစွာ မရှိတော့ပါ။ ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းတွင် မြန်မာ့တပ်မတော်က ရခိုင် ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝိုင်းကို ဆန့်ကျင်သည့် စစ်ဆင်ရေးဆင်နွှဲခဲ့ပြီး ဒုက္ခသည် ၇၀၀၀၀၀ နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရကာ လူမျိုးဖြုတ် သုတ်သင်မှု အဖြစ် စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများ ပေါ်ထွက်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံက နိုင်ငံတကာ၏ စောင့်ကြည့်မှု အောက်သို့ ပြန်လည်ရောက်ရှိလာသည်။
နိုင်ငံတကာ အခြေအနေအရ မြန်မာနိုင်ငံမှ ကော်ဖီစိုက်ပျိုးသူများ အနေဖြင့် သူတို့၏ ကိုယ်ပိုင်ပြည်တွင် ဈေးကွက်ကို အာရုံစိုက်ခြင်းက ပိုကောင်းလိမ့်မည်ဟု ဦးသူဇော်က ပြောသည်။
“ကျနော်တို့ ပုံမှန်ဝင်ငွေရတာက ပြည်တွင်းဈေးကွက်ပဲ” ဟု သူက ဝန်ခံသည်။
ဦးငွေထွန်း အတွက်လည်း မှန်ပါသည်။ အထူးသဖြင့် ကျပ်ငွေက အမေရိကန် ဒေါ်လာထက်စာလျှင် တန်ဘိုး ၂၅ ရာခိုင်နှုန်း ခန့်အထိ ဆိုးဆိုးဝါးဝါး ကျဆင်းသွားသည့် လတ်တလော ကာလများတွင် ဖြစ်သည်။
“ကျပ်ငွေ တန်ဖိုးကျတဲ့ အတွက် ကျနော်တို့ အရမ်းပျော်ပါတယ်” ဟု ဦးငွေထွန်းက ပြောသည်။
“အရင်ကဆိုရင် မြန်မာ (ကော်ဖီဆိုင်များနှင့် ဟိုတယ်များ) က တခြားနိုင်ငံက ကော်ဖီတွေ တင်သွင်းတယ်။ ဒါပေမယ့် အခုတော့ သူတို့က ၃ ဆ ဈေးသက်သာတဲ့၊ သယ်ယူပို့ဆောင်ရ လွယ်ကူတဲ့ ပြည်တွင်းက ကော်ဖီကို စဉ်းစားနေကြပြီ။ ကျနော်တို့ရဲ့ အရည် အသွေးကလည်း ကောင်းတယ်။ ကျနော်တို့ ပြည်တွင်းဈေးကွက်ကို ပိုအာရုံစိုက်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ၅ နှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည့် ရန်ကုန်တွင် ကော်ဖီဆိုင်များ အများအပြားပေါ်ပေါက် လာခြင်း၊ ကြယ် ၅ ပွင့် ဟိုတယ်များနှင့် နိုင်ငံတကာ ကုမ္ပဏီများ လာရောက်ဖွင့်လှစ်ခြင်းတို့ကြောင့် အရည်အသွေးမြင့် ကော်ဖီလိုအပ်ချက်က တိုးမြင့်လာခဲ့သည်။ သို့သော်လည်း ထိုပြည်တွင်း ဈေးကွက်မှာပင် အရည်အသွေးက ပြဿနာတခု အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်သည်။
“မြန်မာကော်ဖီအမှတ်တံဆိပ် အားလုံးရဲ့ ကုန်ချော အရည်အသွေးက နှစ်တိုင်း ပြောင်းလဲနိုင်တယ်” ဟု ရန်ကုန်ရှိ The Loft ဟိုတယ် ပိုင်ရှင် ဒေါ်စန္ဒာဝင်းကပြောသည်။ “အခုတော့ အရည်အသွေး ထိန်းနိုင်ဖို့ အတွက် ကျမက ပြည်တွင်းဖြစ် ကော်ဖီကို ထိုင်း အမှတ်တံဆိပ်တခုနဲ့ ရောပြီးသုံးတယ်” ဟု သူက ဆက်ပြောသည်။
(South China Morning Post သတင်းစာပါ Peter Janssen ၏ Out with opium, in with coffee as Myanmar targets speciality market ကို ဘာသာပြန်သည်။)