ကုန်သွယ်ရေးစစ်ပွဲ ရက်၉၀ ရပ်ဆိုင်းထားရန် အမေရိကန်နှင့် တရုတ်တို့ကြား သဘောတူညီချက်ရရှိခဲ့ခြင်းက ကမ္ဘာတလွှားကို စိတ်သက်သာစေခဲ့သည်။ သို့သော်လည်း လာမည့်နှစ်အတွင်း အရှေ့ တောင် အာရှ၏ စီးပွားရေးအတွက် အကြီးဆုံး စွန့်စားရမှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများရှိနေဆဲ ဖြစ်ကြောင်း အာရှ၊ အမေရိကန် နှင့် ဥရောပတို့တွင် အဓိက လုပ်ကိုင်သည့် ဘဏ်များ၏ အဆိုအရ သိရသည်။
ကုန်သွယ်ရေး စစ်ပွဲက ပို့ကုန်များအပေါ်တွင် စတင်သက်ရောက်ခဲ့သည့် ဇူလိုင်မှ စက်တင်ဘာလအတွင်း(တတိယ ၃ လ ပတ်) တွင် ဒေသတွင်း စီးပွားရေး အများစု၌ GDP က ပိုမို၍ နှေးကွေးလာခဲ့သည်။ အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေး ၅ ခု၏ စုစုပေါင်း GDP တိုးတက်မှုက ယခင် ၃လပတ်တွင် ၅.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၄.၅ ရာခိုင်နှုန်းသို့ လျော့ကျ သွားခဲ့ခြင်းဖြစ်သည်။
အမေရိကန်မှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဘဏ်တခု ဖြစ်သည့် Bank of America Merrill Lynch က စီးပွားရေး နှေးကွေးမှု က နိုင်ငံ ၅ ခု (အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်း) တွင် ဆက်လက်တည်ရှိနေလိမ့်မည် ဖြစ်ပြီး တိုးတက်မှုက ၂၀၁၇ ခုနှစ်တွင် ၅.၁ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် ၅ ရာခိုင် နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၄.၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။
“အန္တရယ်ရှိနိုင်တဲ့ အကြောင်းရင်းတွေ စာရင်းက ရည်ညွှန်းဖို့အတွက်တောင် ရှည်လျားလွန်းပါတယ်။” ဟု အဆိုပါ၏ အ ရှေ့ တောင် အာရှရေးရာ စီးပွားရေး ပညာရှင် Mohamed Faiz Nagutha က သတင်းထောက်များကို ပြောကြား ခဲ့သည်။ သူ ထုတ်ပြခဲ့သည့် အခက်အခဲများထဲတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှု၊ တရုတ်နိုင်ငံ စီးပွားရေး နှေး ကွေးကျ ဆင်းမှု နှင့် အမေရိကန်နိုင်ငံ ဗဟိုဘဏ်က အတိုးနှုန်းများကို ဈေးကွက်က မျှော်လင့်ထားသည်ထက် ပို၍ တိုး မြှင့်နိုင်သည့် အ လားအလာများ တို့ အပါအဝင် ဖြစ်သည်။
အမေရိကန် အစိုးရနှင့် တရုတ်အစိုးရတို့က သူတို့၏ ကွဲပြားမှုများကို ဖြေရှင်းလိမ့်မည်ဟု Bank of America Merrill Lynch က ယုံကြည်နေဆဲ ဖြစ်သည်။ သို့သော်လည်း ယခုနှစ်၏ စတုတ္ထ ၃ လပတ်နှင့် ၂၀၁၉ ခုနှစ်၏ ပထမ ၃ လပတ်တို့သည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး(တရုတ်နိုင်ငံ) အတွက် အနှေးကွေးဆုံးကာလ အပိုင်းအခြားတခု ဖြစ်နိုင်ပြီး လာမည့်နှစ် ဒုတိယ ပိုင်းတွင် တရုတ်နိုင်ငံ စတင်၍ ပြန်လည်နာလံထလာလိမ့်မည်ဟု Mohamed Faiz Nagutha က ပြောသည်။ တရုတ် စီးပွားရေးနှေးကွေးခြင်းက အရှေ့တောင် အာရှမှ ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေနိုင်သည်။
စင်ကာပူနိုင်ငံမှ Oversea-Chinese Banking Corp., ၏ ဘဏ္ဍာရေးသုတေသနနှင့် ဗျူဟာဌာန အကြီးအကဲ Selena Ling က အရှေ့တောင်အာရှအတွက် အကြီးမားဆုံး အန္တရာယ်မှာ ကုန်သွယ်ရေးတွင် ပြည်တွင်း အကျိုးစီးပွားကို ကာကွယ်သည့် ဝါဒ ဆက်လက်၍ ဖြစ်နေလိမ့်မည်ဟု ယခုအပတ်အတွင်းတွင် ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် တင်းမာမှုများ အေးသွားသည့်တိုင် တရုတ်အစိုးရ၏ အဆင့်မြင့် နည်းပညာ ထုတ်လုပ်ရေး အားထုတ် မှုဖြစ်သည့် “တရုတ်ပြည်တွင် ထုတ်လုပ်သည်” နှင့် အဆင့်မြင့်နည်းပညာလုပ်ငန်းကဏ္ဍများတွင် ၂ နိုင်ငံကြား ယှဉ်ပြိုင်မှု များ တိုးလာခြင်းတို့ကဲ့သို့သော ကာလအလယ်အလတ်ပိုင်းနှင့်ဆိုင်သည့် ပြဿနာများက အနာဂါတ်တွင် ပျောက်ကွယ် သွားလိမ့်မည် မဟုတ်ဟု Selena Ling ကပြောသည်။
Buenos Aires တွင် ပြုလုပ်သည့် ယခုနှစ် G-20 ထိပ်သီး အစည်းအဝေးမှ ထုတ်ပြန်ကျေညာချက်သည် မိမိပြည်တွင်း အကျိုးစီးပွားကို ကာကွယ်သည့် ဝါဒအား တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ပထမဆုံးအကြိမ် မဖော်ပြသည့် ကျေညာချက်ဖြစ်သည်ဟုလည်း သူကပြောသည်။ အမေရိကန်၏ ကန့်ကွက်မှုကြောင့် ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် တိုးတက်မှုနှုန်းများ နှေးကွေးသွားလိမ့်မည်ဟု Oversea-Chinese Banking Corp. ခန့်မှန်း ခဲ့သည်။
ဆွစ်ဇာလန် ရင်းနှီးမြှုပ်နှံမှု ဘဏ်တခု ဖြစ်သည့် Credit Suisse မှ အာရှ-ပစိဖိတ် အစုရှယ်ယာ ဈေးကွက်ဆိုင်ရာ ကျွမ်း ကျင်သူ ဒုတိယ ဥက္ကဌတဦး ဖြစ်သည့် Suresh Tantia ကလည်း အလားတူ အမြင်ရှိနေသည်။ ရက် ၉၀ ရပ်စဲခြင်းက ဈေး ကွက်အတွက် သက်သာရာတခု ဖြစ်သည်ဟု သူကပြောသည်။ “စွန့်စားရမှုနည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေပြန်ရတဲ့ အကျိုးအမြတ်နဲ့ စွန့်စားရမှုများတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ပြန်ရတဲ့ အကျိုးအမြတ်ကြားက ခြားနားချက် ကျုံ့သွားတာကို သေချာပေါက်မြင်သင့်ပါတယ်” ဟု သူက ထပ်ပြောသည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံ သူတို့၏ စိုးရိမ်ပူပန်မှုက နောက်နှစ် ပထမနှစ်ဝက် အတွင်းအထိ ဆက်လက်ရှိနေလိမ့်မည်ဟု Suresh Tantia ကပြော သည်။ အဘယ်ကြောင့်ဆို သော ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲရေးက ယာယီသာ ဖြစ်သောကြောင့်ပင်။
၂၀၁၈ ခုနှစ်တွင် အခက်အခဲမှာ ဆက်တိုက်ကြုံတွေ့ခဲ့ပြီးနောက် အာရှမှ အစုရှယ်ယာဈေးကွက်များက နောက်လာမည့်နှစ် တွင် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ရဆဲ ဖြစ်ကြောင်း Credit Suisse ကပြောသည်။ “ထွန်းသစ်စ ဈေးကွက်က အတော်လေးတန်ဖိုးနည်းတာကို ရှာဖွေနေပါတယ်” ဟု Credit Suisse ၏ အာရှ-ပစိဖိတ် ရင်း နှီးမြှုပ်နှံမှု ဆိုင်ရာ အရာရှိချုပ် John Woods ကပြောသည်။
အမေရိကန်ကုမ္ပဏီများအတွက် ဝင်ငွေရရှိမှုအလားအလာ နည်းပါးလာပြီး အမေရိကန်ဒေါ်လာ အားနည်းလာသည်နှင့် အမျှ ရင်းနှီးမြှုပ်နှံသူများက အခွင့်အရေးအတွက် အခြားနေရာများတွင် ရှာဖွေလိမ့်မည် ဟု John Woods ကပြောသည်။ တရုတ်၊ စင်ကာပူ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စတော့ဈေးကွက်များ က မြင့်မားသည့် အလားအလာရှိနေသည်ဟု Credit Suisse ကဆိုသည်။
ထိုအချိန်တွင် နိုင်ငံရေးအရ စွန့်စားရမှုက လာမည့်ရွေးကောက်ပွဲများနှင့် ပတ်သက်၍ မရေမရာဖြစ်နေသော ထိုင်းနိုင်ငံ ကဲ့ သို့ အချို့သောနိုင်ငံများတွင် အဓိက ခြိမ်းခြောက်မှုတခု အဖြစ် ဆက်လက်ရှိနေသည်ဟု Credit Suisse ကပြောသည်။ အ ရှေ့တောင် အာရှတွင် တတိယ အကြီးဆုံး စီးပွားရေး ဖြစ်သည့် ထိုင်းနိုင်ငံတွင် နောက်လာမည့်နှစ် အစောပိုင်း၌ အရပ်ဘက် အုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိမည်ဟု မျှော်လင့်ရသော်လည်း အနာဂတ်အစိုးရတခု ၏ ပါတီဖွဲ့စည်းမှုကဲ့သို့သော အသေးစိတ် အချက်အလက်များကို မသိရပါ။
အင်ဒိုနီးရှားနိုင်ငံက သမ္မတရွေးကောက်ပွဲတခုကို ဧပြီလတွင် ကျင်းပမည် ဖြစ်သည်။ Credit Suisse နှင့် Bank of America Merrill Lynch တို့ နှစ်ခုလုံးက လက်ရှိသမ္မတ Joko Widodo ရာထူးတွင် ဆက်လက်ရှိနေမည်ဟု ယုံကြည် ထားသည်။ သို့သော်လည်း Oversea-Chinese Banking Corp. မှ Selena Ling က ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု များ ယခုမှ စတင်ခါစ ရှိသေးကြောင်း ထောက်ပြခဲ့သည်။ ရွေးကောက်ပွဲနီးလာသည်နှင့် အမျှ ဈေးကွက်သို့မဟုတ် စီးပွားရေး မရေရာမှုများ ရှိကောင်းရှိလာနိုင်သည်ဟုလည်း သတိပေးလိုက်သည်။
ကိုးကား ။ ။ Nikkei Asian Review