ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဈေးတချို့၌ ငွေစက္ကူ ကျပ် ၁ သောင်းတန်နှင့် ဝယ်ယူရာ၌ ငြင်းပယ်မှုများ ရှိနေကြောင်း စုံစမ်း သိရှိရသည်။
ကျပ် ၁ သောင်းတန် ငွေစက္ကူများ ဈေးဆိုင် အချို့တွင် လက်မခံခြင်းမှာ အကြွေပြန်အမ်းစရာ မရှိ၍ လက်မခံခြင်းမျိုး မဟုတ်ဘဲ ငွေစက္ကူအတုများ ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် လက်မခံခြင်း ဖြစ်ကြောင်း ကိုင်ဆောင်သုံးစွဲသူများက ပြောသည်။
တာမွေ မြို့နယ်ရှိ အိမ်ရှင်မ ဖြစ်သူ ဒေါ်မြင့်က “ကျမက မီးဖိုချောင်သုံး ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကို ပစ္စည်းလေးတွေ သွားဝယ်တာ။ ငွေရှင်းတော့ ကျမက ကျပ် ၁ သောင်းတန် ထုတ်ပေးတော့ အကြွေ မပါဘူးလားတဲ့။ မပါဘူး ဆိုတော့ ၁ သောင်းတန်က မယူရဲဘူးတဲ့၊ အတု ဖြစ်နေမှာစိုးလို့ ဆိုပြီး ဝယ်မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ၁ သောင်းတန်များကို လက်မခံခြင်းမှာ လတ်တလော၌ အတုများ ထွက်ရှိနေခြင်းနှင့် အတု လက်ဝယ် ကိုင်ဆောင် ထားသူများအား ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်နေခြင်းကြောင့်ဖြစ်သည်ဟုလည်း ဆိုကြသည်။
ယုဇန ဥယျာဉ် မြို့တော်၌ နေထိုင်သူ ဒေါ်ခင်ကျော့ က “ခါတိုင်းလိုပဲ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဝယ်ဖို့ ဈေးထဲကို သွားတာက ၅ ထောင်ကျော် ဖိုးလောက် ကျတော့ ပါလာတဲ့ ပိုက်ဆံ ၁ သောင်းတန်ကို ပေးတာ မယူဘူး။ အကြွေ အမ်းစ ရာ မရှိလို့လား ဆိုတော့ မဟုတ်ဘူးတဲ့၊ ငွေတုတွေ အခုက များနေတော့ အတုဖြစ်မှာ ကြောက်လို့ ကျပ် ၁ သောင်း တန်ဆို မယူဘူးလို့ ငြင်းတယ်။ ဒါပေမယ့် ဆိုင်တိုင်းတော့ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ တချို့တွင်လည်း ၁ သောင်းတန်နှင့် ပေးချေခြင်း ပြုပါက လက်မခံကြောင်း ပြည် သူများကြား ပြောဆိုမှုများ ရှိနေခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလကလည်း စင်ကာပူ နိုင်ငံ၌ အလုပ်လုပ်၍ ပြန်လာသူ တဦးထံမှ ကျပ်တသောင်းတန် ငွေစက္ကူ အတုများ ပါရှိလာခြင်းနှင့် ဒီဇင်ဘာလ ၁၉ ရက်က နေပြည်တော်ရှိ ဘဏ်တခုတွင် ကားဖိုးငွေ ချေရန် ငွေလွှဲရာတွင် ကျပ် ၁ သောင်းတန် အတု အရွက် ၅၀ ခန့် ပါဝင်နေမှုတို့ကို ဗဟိုဘဏ် ဥပဒေဖြင့် အရေးယူထားမှုများ ပြုလုပ်လျက် ရှိသည်။
လတ်တလော၌ ကျပ် ၁ သောင်းတန် ငွေစက္ကူအတုများ ထွက်ပေါ်နေသဖြင့် ၁ သောင်းတန် ငွေစက္ကူအစား အခြားငွေ စက္ကူများကို ပေးပါရန်ဟု ဈေးဆိုင် အချို့တွင် စာကပ်ထားမှုကိုလည်း ဒီဇင်ဘာလ ၂၀ ရက်မှ စတင်၍ လူမှုကွန် ရက်ပေါ်၌ ပျံ့နှံ့ခဲ့သည်။

ရန်ကုန်မြို့ ရွှေပြည့်စုံဈေးရှိ ဆေးဆိုင် ပိုင်ရှင် တဦးက “အစ်မတို့ကတော့ လက်ကား ရောင်းတာ ဆိုတော့ ကျပ် ၁ သောင်း တန်လည်း မယူလို့တော့ မရဘူးပေါ့။ ယူပါတယ်။ ဒါပေမယ့် အခုက အတုတွေ ပေါ်နေတော့ သေချာစစ်ပြီး ယူနေရ တယ်”ဟု ဧရာ ဝတီသို့ ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘဏ်များ အသင်းရုံး၌ ပြုလုပ်သော ချေးငွေ သတင်း အချက်အလက် စင်တာ (Credit Bureau) နှင့် ပတ်သက်သည့် အခမ်းအနား အပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းအား မီဒီယာများက ကျပ် ၁ သောင်းတန် အတုများ ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် သူ့အပိုင်း မဟုတ်သဖြင့် မဖြေဆိုနိုင်ကြောင်း ပြောဆိုသည်။
ယင်းသို့ ငွေအတုများ ဝင်လာခြင်းကြောင့် ကျပ်ငွေ တန်ဖိုး ဈေးကျခြင်း၊ စီးပွားရေး လုပ်ငန်းများ ဆိုးရွားစေခြင်း စသည့် အခြေအနေများ ရှိနိုင်သဖြင့် အစိုးရ အနေမှ ငွေစက္ကူ အစစ်နှင့် အတုကို ကွဲကွဲပြားပြား သိရှိစေရန် ဗဟိုဘဏ် အနေနှင့် ကြေညာသင့်ကြောင်း ပြည်တွင်း စီးပွားရေး သုံးသပ် လေ့လာသူ တချို့က ပြောကြသည်။
ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်က “နည်းနည်းပါးပါးတော့ အသိပညာပေး လိုတာပေါ့။ ဒါလည်း ဗဟိုဘဏ်က အသိ ပေးလိုက်ပြီ ဆိုရင် လူတွေရဲ့ စိတ်ထဲမှာ အတုတွေ များနေတယ် ထင်မှာစိုးလို့ သိပ်ပြီး ရှင်းချင်ပုံ မရဘူး။ အတုကတော့ ကွက်ကြားလေးပဲ ဖြစ်တာပါ။ များများစားစားတော့ သိပ်မရှိပါဘူး။ အစစ်နဲ့ အတုက သိသာနေတာပဲကိုး။ ဘဏ်တွေမှာ ငွေကိုင်တဲ့ သူတွေဆိုလည်း အကုန်သိတယ်။ သာမန် ပြည်သူတွေမှာသာ အခက်အခဲရှိတာ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ငွေကြေး အမြောက်အမြားကိုင်ဆောင်မည်ဆိုပါက ငွေကြေးကျွမ်းကျင်သူများကို ခေါ်ယူ အသုံးပြုသင့်ကြောင်း ၎င်းက အကြံပေးပြောဆိုသည်။
ဆက်လက်၍ ဦးသန်းလွင်က “ဒါက ဘယ်နိုင်ငံ မဆို ရှိတဲ့ ကိစ္စကြီး။ နိုင်ငံတိုင်းဖြစ်တဲ့ ကိစ္စပဲ။ ဥပဒေအရတော့ မသိ နားမလည်ဘဲနဲ့ ကိုင်ထားမိရင် အပြစ် မရှိပါဘူး။ များများစားစား အထုပ်နဲ့ ဘာနဲ့ ဖြစ်လာတယ် ဆိုရင်တော့ ဒါမကောင်း ဘူးပေါ့နော်။ ကိုယ်သုံးတဲ့ နေရာမှာ တရွက်တလေလေး ပါသွားမိတာတို့ ဘာတို့ ဆိုရင်တော့ အပ်လိုက်ရုံပဲ ရှိတာပေါ့”ဟု ပြောသည်။
ကျပ် ၁ သောင်းတန် ငွေစက္ကူအတုနှင့် အစစ် ခွဲခြားရာ၌ ၁ သောင်းတန် ငွေစက္ကူ (ပုံစံ အဟောင်း)တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာတန်းပါ အက္ခရာနှင့် ငွေတန်ဖိုးနေရာ အကွက်များတွင် လက်ညိုး၊ လက်မဖြင့် ပွတ်၍ စမ်းသပ်ပါက ကြမ်း တမ်းမှုကို ခံစားရမည် ဖြစ်ပြီး၊ လက်ဝဲဘက် အလယ်နားရှိ အညိုရောင် ဧရိယာအား ၄၅ ဒီဂရီ တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်စာလုံး “CMB” ဟု တွေ့ရမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ထို့ပြင် ကြာပန်းပုံ ရေစာနှင့် ၁၀၀၀၀ ဂဏန်း ရေစာပါ ရှိပြီး အလင်းရောင်အောက်၌ ထောင်ကြည့်ပါက ရှင်းလင်းပြတ် သားစွာ မြင်တွေ့နိုင်မည် ဖြစ်ကာ လုံခြုံရေး ကြိုးကို ဒေါင်လိုက် ထည့်သွင်းထားပြီး Myanmar spw စာတန်းအား အတည့် တလှည့်၊ ပြောင်းပြန် တလှည့် ရိုက်နှိပ်ထားကြောင်းနှင့် သာမန်အလင်းရောင်တွင် ကြည့်ပါက ပန်းခရမ်းရောင်နှင့် အစိမ်း ရောင် နှစ်မျိုး ပြောင်းလဲမှု ရှိသည်။
ကျပ် ၁ သောင်းတန် ( ပုံစံသစ်) ငွေစက္ကူတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာတန်းပါအကွက်နှင့် အောက်ခြေ ကနုတ်ပန်း အကွက်တို့မှာ လက်ဖြင့် ပွတ်ဆွဲ စမ်းသပ်ပါက ကြမ်းတမ်းမှုကို ခံစားရမည် ဖြစ်ပြီး ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဖက်ကို ဗားနစ်(Varnish) အလွှာဖြင့် ဖုံးအုပ်ထားသောကြောင့် ရာသီဥတုနှင့် ရေစိုဒဏ်ခံနိုင်ဟု ဆိုထားသည်။
လက်ဝဲဘက် အနားရှိ အညိုရောင် ဧရိယာအား ၄၅ ဒီဂရီ တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်စာလုံး “CMB”ကိုမြင်တွေ့နိုင်ပြီး ငွေစက္ကူအား မှန်ဘီလူး(သို့) လက်ကိုင်ဖုန်း ကင်မရာနှင့် ရိုက်၍ Zoom ဆွဲကြည့်ပါက အောက်ဘက် အနားလိုင်းများတွင် SECURITYPRINTINGWORKS ဟူသော စာလုံးငယ်များကို တွေ့ရမည် ဖြစ်ကာ ယာဘက် အောက်ထောင့်တွင် တန်ဖိုး ၁၀၀၀၀ စာလုံးအား အရောင်ပြေးမင်ဖြင့် ရိုက်နှိပ်ထားသဖြင့် တိမ်းစောင်းကြည့်လျှင် တောက်ပသော အစိမ်းရောင်ရောင် ပြေးကို မြင်ရမည် ဖြစ်သည်။
ထိုအရာများ မပါရှိလျှင် ငွေစက္ကူ အတု ဖြစ်ကြောင်း သိရမည် ဖြစ်ပြီး ယင်းကို ဒီဇင်ဘာလ ၁၄ ရက်က နိုင်ငံပိုင် သတင်း စာများ၌ ရေးသား ဖော်ပြထားသည်။