စီးပွားရေး

တရုတ်နှင့် ဂျပန်တို့ကြား မြန်မာ သံတမန်ရေး ကျွမ်းကျင်ဖို့ လို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး အကျပ်အတည်းအတွက် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ပစ်ပယ်နေချိန်တွင် တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် မြန်မာနိုင်ငံ၏ အရှေ့တောင်အာရှတွင် သေနင်္ဂဗျူဟာကျစွာ တည်ရှိခြင်း၏ တန်ဖိုးကို နားလည်သောကြောင့် အနောက်နိုင်ငံများနှင့်မတူဘဲ လက်ဦးမှု ရရှိရေးနှင့် ၎င်းတို့၏ မဟာ စီမံကိန်းကြီးများကို ရှေ့ဆက် လုပ်ဆောင်ရေးအတွက် မြန်မာနိုင်ငံနှင့် အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကို တိုးတက်စေမည့် တိုက်ကြီးများနှင့် သမုဒ္ဓရာကြီးများကို ရေကြောင်းလမ်းများနှင့် ကုန်းတွင်း အဝေးပြေးလမ်းကြီးများဖြင့် ဆက်သွယ်မည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့၏ သေနင်္ဂဗျူဟာသည် နှေးကွေးနေသော မြန်မာ့ စီးပွားရေးကို ပြန်လည်ရှင်သန်စေမည့် အလားအလာရှိပြီး မြန်မာနိုင်ငံကို ဒေသတွင်း ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု အချက်အခြာ နေရာဖြစ်စေနိုင်သည်။

အဓိကကျသော တရုတ်ခေါင်းဆောင်များသည် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ (CMEC) အကောင်အထည်ဖော်ရန် အိပ်မက်ဖြင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ခဲ့ကြသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို လက်မှတ်ရေးထိုးပြီး တပတ်အကြာတွင် တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေးစီမံကိန်းဌာန ဒုတိယ ဥက္ကဋ္ဌက မြန်မာနိုင်ငံဆိုင်ရာ BRI လုပ်ငန်းများ ဦးဆောင် ကော်မတီ၏ အကြီးအကဲဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထိုစီမံကိန်း စတင် အကောင်အထည် ဖော်ရန် တွန်းအားပေးခဲ့သည်။

မြန်မာနိုင်ငံ၏ BRI လုပ်ငန်းများဆိုင်ရာ ဦးဆောင်ကော်မတီတွင် ပြည်ထဲရေးမှသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအထိ ပြည်ထောင်စု ဝန်ကြီး ၁၈ ဦး၊ ကချင်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်နှင့် ရှမ်းပြည်နယ်မှ ဝန်ကြီးချုပ် ၅ ဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၂၅ ဦး ပါဝင်သည်။

လွန်ခဲ့သောလက တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အတွက် ကာလကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ကျောက်ဖြူသည် နိုင်ငံအတွင်း ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ စတင်သောနေရာဖြစ်ပြီး CMEC တွင် အရေးကြီးသော အဆင့်မှပါဝင်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်၏ အဆိုအရ ကျောက်ဖြူစီမံကိန်းသည် ၂ နိုင်ငံစလုံး၏ ရေရှည် စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုပြီး မြန်မာနိုင်ငံ၏ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကို အဆင့်မြှင့်တင်ရန်အတွက်လည်း အရေးပါသည်ဟု သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း တိုကျိုတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်/Myanmar Foreign Ministry / Facebook

ဂျပန်နိုင်ငံသည်လည်း မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီပွားရေးဇုန်ဖြစ်သော သီလဝါ အထူးစီးပွားရေးဇုန်အတွက် စီမံကိန်းများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။ သီလဝါ အထူးစီးပွားရေးဇုန်သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၃ သန်း ရရှိသည်။ ဂျပန်နိုင်ငံသည်လည်း ၎င်း၏ မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေး ပေါင်းစည်းမှု အစီအစဉ်၏ အစိတ်အပိုင်းဖြစ်သော နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံဖြစ်သည့် အရှေ့အနောက် စီးပွားရေးစြင်္ကံမှ တဆင့် ပြည်နယ်နှစ်ခုကို ဖြတ်သန်းပြီး လမ်းများ၊ တံတားများကို အဆင့်မြှင့်တင်ရန် စီစဉ်နေသည်။

စစ်အာဏာရှင် စနစ်အောက်တွင် ဆယ်စုနှစ် ၆ ခုနီးပါး အထီးကျန်နေပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြီးပြည့်စုံစေရန် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည် ဖော်နေသည်။ အစိုးရသည် မြန်မာရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) ကိုလည်း ရေးဆွဲထားပြီး ထိုစီမံကိန်း၏ ရည်ရွယ်ချက်မှာ စစ်မှန်ပြီး အားလုံး အကျုံးဝင်သည့် အသွင်ကူးပြောင်ရေး စီးပွားရေး တိုးတက်မှုရရှိရေးအတွက် နိုင်ငံ၏ များပြားလှစွာသော မူဝါဒများနှင့် မဏ္ဍိုင် အဖွဲ့အစည်းများကို ချိန်ညှိရန်ဖြစ်သည်။

MSDP သည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ လမ်းပန်းဆက်သွယ်ရေး တိုးတက်ရန်လည်း ရည်ရွယ်ပြီး GMS နှင့် BRI အောက်ရှိ စီးပွားရေးစြင်္ကံများကို ဦးစားပေးသည်။

BRI အရ ကျောက်ဖြူသည် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာသို့ လမ်းဖွင့်ပေးပြီး မလက္ကာ ရေလက်ကြားကို အသုံးမပြုဘဲ၊ ရေနံတင်သွင်းနိုင်သည့် အလားအလာကောင်းသော အချက်အခြာဖြစ်သည်ဟု မြင်ကြသည်။ ထို့အပြင် ၎င်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို တိုးတက်စေရေး ရည်မှန်းချက်ကိုလည်း ဖြည့်ဆည်းပေးသည်။

မကြာသေးမီကကျင်းပသော စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးအဆင့် အစည်းအဝေးတွင် CMEC သည် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဖြတ်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် စီမံကိန်းပေါင်း ၄၀ ကျော် အဆိုပြုထားသော်လည်း ယခုအချိန်အထိ ၂ နိုင်ငံ သဘောတူပြီး စီမံကိန်း ၉ ခုသာ ရှိသေးသည်။ သို့သော် ထိုအစည်းအဝေးသည် တရုတ်မြန်မာနယ်စပ် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များရှိ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များမှအပ ကျန်စီမံကိန်းများ၏ အသေးစိတ်များကို ထုတ်ဖော် ကြေညာခြင်း မရှိပေ။

ရန်ကုန်တွင် ဒေါ်လာဘီလျံချီတန်သည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် CMEC စီမံကိန်း၏ အစိတ်အပိုင်း ဖြစ်သည်။ ထိုစီမံကိန်းအတွက် မူဘောင် သဘောတူညီချက်တရပ်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး မြို့သစ်များ၊ စက်မှုဇုန်များနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများပါဝင်သည်။

မြန်မာနိုင်ငံသည် ရှမ်းပြည်မြောက်ပိုင်းမူဆယ်မှ မန္တလေးအထိ အဆိုပြုရထားလမ်း အတွက် လေ့လာမှုများ ပြုလုပ်ရန် တရုတ်နိုင်ငံနှင့် နားလည်မှု စာချွန်လွှာ တစောင်ကို လက်မှတ်ရေးထိုးထားသည်။ မူဆယ်-မန္တလေး ရထားလမ်းသည် မူဆယ် တဖက်ကမ်း ယူနန်ပြည်နယ်၊ ရွှေလီမှ ကျောက်ဖြူအထိ ရထားလမ်းနှင့် အဝေးပြေးလမ်း အပြိုင်ဖောက်လုပ်မည့် အစီအစဉ်၏ အစိတ်အပိုင်းဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းပြီး အိန္ဒိယ အရှေ့မြောက် ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို ဆက်သွယ်မည့် သီးခြားလမ်းတခုကိုလည်း ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစြင်္ကံ (BCIM-EC) အရ သီးခြား တည်ဆောက်နေသည်။

မြန်မာနိုင်ငံသည် မြောက်ဖက်နှင့် အရှေ့မြောက်ဖက်တွင် တရုတ်နိုင်ငံနှင့် ထိစပ်နေပြီး အနောက်ဖက်တွင် အိန္ဒိယနှင့် အရှေ့ဖက်နှင့် တောင်ဖက်တွင် အာဆီယံ နိုင်ငံများနှင့် ထိစပ်နေသောကြောင့် အာရှ၏ ဗဟိုချက်တွင် ရှိနေသည်။ မဲခေါင် ဒေသခွဲအတွင်း တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ပြိုင်ဆိုင်မှုအတွင်း အထက်အောက် ပေါင်းစည်းမှုကို တရုတ်နိုင်ငံက ဦးဆောင်ပြီး ရေပြင်ညီ ပေါင်းစည်းမှုကို ဂျပန်နိုင်ငံက လုပ်ဆောင်သည်။

တရုတ်ဘက်မှ ရည်ရွယ်ထားသော တရုတ်-မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ရထားလမ်းပြ မြေပုံ/‘China’s Asian Dream’ by Tom Miller

မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝန်း၏ ပြင်းထန်သော ဖိအားကိုခံနေရချိန်တွင် ဂျပန်က မြန်မာနိုင်ငံကို အပြည့်အ၀ ထောက်ခံနေပြီး ရခိုင်ပြည်နယ် အကျပ်အတည်း ဖြေရှင်းရေးကို ကူညီကာ သာမန်ပြည်သူများကို ထိခိုက်မည့် ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းရန် စဉ်းစားသည်ကို အပြင်းအထန် ဆန့်ကျင်သည်။ လွန်ခဲ့သောလများအတွင်းက ဂျပန်နိုင်ငံသည် BRI မှတဆင့် ဒေသတွင်းတွင် တရုတ်သြဇာ ကြီးထွား လာခြင်းကို ချိန်ညှိရန် မဲခေါင်ဒေသ နိုင်ငံများတွင် အရည်အသွေးမီ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အားပေးသည့် တိုကျိုသေနင်္ဂဗျူဟာ ၂၀၁၈ ကို ထုတ်ပြန်ကြေညာသည်။

သို့သော် မဲခေါင်ဒေသခွဲအတွင်းတွင် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ဦးဆောင်သည့် ဂျပန်နိုင်ငံ၏ အရည်အသွေးမီ အခြေခံ အဆောက်အအုံစီမံကိန်းများ စတင်ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ် များကပင် ဖြစ်သည်။ JICA သည် နိုင်ငံများအကြားတွင် ကုန်းလမ်းနှင့်ရေလမ်း အခြေခံအဆောက်အအုံ ကွန်ရက်ဖြင့် မဲခေါင်ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုတိုးတက်ရေးအတွက် ယန်း ထရီလျံပေါင်းများစွာ သုံးထားသည်။ ထိုအဖွဲ့သည် လမ်းများ၊ ဆက်သွယ်ရေးနှင့် ဓာတ်အားလိုင်းများ စသည့် စက်မှုနှင့် ရုပ်ပိုင်း အခြေခံအဆောက်အအုံ နှစ်ခုလုံးကို အထူးပြုသည့် ဒေသတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးကို အာရုံစိုက်သည်။

“တရုတ်သြဇာ အလျင်အမြန် ကြီးထွားလာခြင်းဟာ JICA က မဲခေါင်ဒေသခွဲမှာ အခြေခံ အဆောက်အအုံ တိုးတက်ရေး အကူအညီတွေ တိုးမြှင့်ဖို့ ဆုံးဖြတ်ရတဲ့ အဓိကအကြောင်းတခုပဲ” ဟု JICA ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဌာန၏ စီမံကိန်းနှင့် ASEAN ပူးပေါင်းဆောင်ရွက်ရေး ဌာနခွဲမှ အကြံပေး တက်ဆုဂျီ အိုင်ဒါက ပြောသည်။

၂၀၁၀ ပြည့်နှစ်များမှ စတင်ပြီး မြန်မာနိုင်ငံသည် ပြင်ပလောကသို့ တံခါးဖွင့်လာကာ GMS ပူးပေါင်းဆောင်ရွက်မှု တွင်လည်း အပြည့်အ၀ ပါဝင်လာသည်။ GMS သည် စီးပွားရေးရာ သံတမန်ရေးတွင် တရုတ်နှင့် ဂျပန်တို့ ယှဉ်ပြိုင်မှု စစ်မျက်နှာသစ် ဖြစ်လာသည်။

ဂျပန်၏ မဟာစီမံကိန်းအရ မြန်မာနိုင်ငံသည် စီးပွားရေး စြင်္ကန် ၂ ခုတွင် ပါဝင်နေသည်။ တခုမှာ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး ဗီယက်နမ်နိုင်ငံ ဒေါင်ဟမှ ရန်ကုန်ရှိ သီလဝါ အထူးစီးပွားရေးဇုန်ကို ဆက်သွယ်သည့် အရှေ့အနောက် စီပွားရေး စြင်္ကံဖြစ်ပြီး အခြားတခုမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်းမှ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ထားဝယ် အထူးစီးပွားရေးဇုန်ကို ဆက်သွယ်သည့် တောင်ပိုင်းစီးပွားရေး စြင်္ကံဖြစ်သည်။

မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံသည် နှစ်နိုင်ငံစီမံကိန်း ၁၆ ခုနှင့် နိုင်ငံစုံစီမံကိန်း ၁၀၀ ကျော်တို့မှ အကျိုးခံစားရမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဂျပန်အစိုးရ၏ တောင်အာရှနှင့် အရှေ့တောင်အာရှ ဆက်သွယ်ရေးလမ်းကြောင်းပြ မြေပုံ/ Government of Japan

ဂျပန်၏ မဟာစီမံကိန်းတွင် အရှေ့အနောက် စီးပွားရေးစြင်္ကံ တလျှောက်ရှိ ဘန်ကောက်နှင့် ရန်ကုန်တို့ လမ်ပန်း ဆက်သွယ်ရေးတိုးတက်ရန် ရည်မှန်းထားသည်။ ထို စြင်္ကံသည် ဘန်ကောက်တွင် အခြေစိုက်သည့် စီးပွားရေးလုပ်ငန်းများ မှသည် ရန်ကုန်ရှိ သီလဝါ အထူးစီးပွားရေးဇုန်အထိ ထုတ်လုပ်ရေးလမ်းကြောင်း တိုးချဲ့နိုင်ရန် အထောက်အကူ ပြုမည်ဖြစ်သည်။

JICA သည် သီလဝါမှ ဘန်ကောက်အထိ ဖြတ်လမ်းအဖြစ် ကုန်းတွင်း အဝေးပြေးလမ်းတခုကိုလည်း ဖောက်လုပ်ရန် လေ့လာနေသည်။ စင်ကာပူမှ ပို့ဆောင်ရေး လမ်းကြောင်းများသည် လတ်တလောတွင် စုစုပေါင်း ကီလိုမီတာ ၄၀၀၀ ရှည်လျားပြီး ၂၁ ရက်ကြာ မောင်းနှင်ရသည်။ အရှေ့အနောက် စီးပွးရေးစြင်္ကံမှ မြန်မာနိုင်ငံအပိုင်းသည် တလမ်းသွား ဖြစ်နေခြင်း၊ ကတ္တရာ ခင်းထားသောလမ်းမဟုတ်ခြင်း၊ မိုးရာသီတွင် သွာလာရခက်ခြင်း၊ အလေးချိန်ခံနိုင်ရည် အကန့်အသတ် ရှိခြင်း စသည့် အကျပ်အတည်းများကြောင့် နိုင်ငံတကာ အဝေးပြေးလမ်း အဆင့်မရှိပေ။

JICA သည် အရှေ့အနောက် စီးပွားရေးစြင်္ကံ၏ အစိတ်အပိုင်းအဖြစ် ကရင်နှင့် မွန်ပြည်နယ်များရှိ ဂျိုင်း-ကော့ကရိတ် တံတား၊ ဂျိုင်း-ဇာသပြင်တံတားနှင့် အတ္ထရံတံတား စသည့် တံသား သုံးစင်း ဆောက်လုပ်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေး ကြာချိန်ကို လျှော့ချရန် စီစဉ်နေသည်။

သီလဝါမှ ဘန်ကောက်အထိ ကီလိုမီတာ ၈၇၀ ကျော်ခရီးသည် တရက်ခွဲကြာမည်ဟု မျှော်လင့်ရသည်။ ထိုစီမံကိန်းအတွက် ချေးငွေမှာ ယန်း ၃၃.၈ ဘီလျံရှိပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု JICA က မျှော်မှန်းသည်။

ဂျပန်နိုင်ငံသည် ၅ နှစ်တာ ကာလအတွက် ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍ အကူအညီ ယန်း ၈၀၀ ဘီလျံ (အမေရိကန် ဒေါ်လာ ၇.၀၃ ဘီလျံ) ကို ၂၀၁၆ ခုနှစ်က ကတိပြုခဲ့သည်။ ထိုအကူအညီများတွင် ရန်ကုန်တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ရန်ကုန် – မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးအတွက် ယန်း ၂၆၀ ဘီလျံ တို့လည်းပါဝင်သည်။ JICA သည် ရန်ကုန်နှင့် မန္တလေးကို မြစ်ကြောင်းမှ ဆက်သွယ်ရေးအတွက် မန္တလေးတွင် အဓိက ဆိပ်ကမ်းတခု တည်ဆောက်ရန် ယန်း ၆ ဘီလျံ အကူအညီပေးရန် သဘောတူထားသည်။ ထိုစီမံကိန်းတွင် ဆိပ်ခံတံတားသစ်တခု တည်ဆောက်ခြင်းနှင့် ကုန်စည် ကိုင်တွယ်ရန် ကရိန်းများ တည်ဆောက်ရေးတို့ ပါဝင်သည်။

ဂျပန်နိုင်ငံ၏ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာအရ ဂျပန်နိုင်ငံသည် ရန်ကုန်မြို့မြောက်ဖက် ကီလိုမီတာ ၈၀ ခန့်ရှိ ပဲခူးမြို့အနီးရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရန်လည်း စီစဉ်နေသည်။ ဂျပန်နိုင်ငံက ထိုစီမံကိန်းကို ချက်ခြင်း စတင်လိုသော်လည်း မြန်မာနိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမည့် ပမာဏကို စဉ်းစားနေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က မေလတွင် ပြောကြားခဲ့သည်။

သို့သော် ဇွန်လက ဂျပန်သတင်းစာ တစောင်၏ အဆိုအရ နှစ်နိုင်ငံတို့သည် ထိုစီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန် သဘောတူပြီးကြောင်း စုစုပေါင်း ကုန်ကျစရိတ် ဒေါ်လာ ၁.၅ ဘီလျံ ကုန်ကျမည်ဟု မျှော်လင့်ရကြောင်းနှင့် ၂၀၂၀ တွင် ပြီးစီးမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြသည်။

ဂျပန်အစိုးရ၏ မဲခေါင်ဒေသ စီးပွားရေးစြင်္ကံပြ မြေပုံ/JICA

ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းကို ဆက်သွယ်သည့် တောင်ပိုင်းစီးပွားရေး စြင်္ကံတွင် ထားဝယ် အထူးစီးပွားရေးဇုန်သည် ဂျပန်၏ GMS လမ်းပမ်းဆက်သွယ်ရေးအတွက် အဓိကကျသည်။ ထားဝယ် အထူး စီးပွားရေးဇုန်သည် တနင်္သာရီတိုင်းတွင် တည်ရှိပြီး ရေနက်ဆိပ်ကမ်းတခုပါဝင်ကာ အရှေ့တောင်အာရှ၏ အကြီးဆုံး စက်မှုဇုန် ဖြစ်လာမည်ဖြစ်ပြီး ဒေါ်လာ ၈ ဘီလျံ ကုန်ကျမည်ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် နယ်စပ်များကို ချိတ်ဆက်သည့် အဝေးပြေးလမ်းတခုကို အဆင့်မြှင့်တင်ရန် ထိုင်းနှင့် မြန်မာတို့ နိုဝင်ဘာလက လက်မှတ် ရေးထိုးခဲ့ကြသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၏ အဆိုအရ JICA သည် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်း၊ အခြေခံအဆောက်အအုံနှင့် အဆောက်အဦများ အပါအဝင် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မဟာ စီမံချက် အပြည့်အစုံကို ပြုလုပ်ပြီးဖြစ်သည်ဟု သိရသည်။ စီမံကိန်း၏ အခြေခံအဆင့်ကို မြန်မာ၊ ထိုင်းနှင့် ဂျပန်တို့ ပူးပေါင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

မြန်မာ့စီးပွားရေးရှုခင်းသည် အခြေခံအားဖြင့် ၂ ပိုင်းကွဲပြားနေကြောင်း GMS စီးပွားရေးစြင်္ကံများဆိုင်ရာ ကျွမ်းကျင်သူ တိုကျိုရှိ အေအိုယာမ ဂကွင် တက္ကသိုလ်ရှိ စီးပွားရေးကောလိပ်မှ ပါမောက္ခ မာနာဘူ ဖူဂျီမူယာ ကပြောသည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ စီးပွားရေး သြဇာသည် တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် နယ်စပ် ရှမ်းပြည်နယ်ရှိ မူဆယ်မှ မန္တလေးနှင့် အထက်မြန်မာလွှမ်းမိုးပြီး ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စီးပွားရေး သြဇာသည် ထိုင်းနိုင်ငံ တက်ခရိုင်နှင့် နယ်စပ် ကရင်ပြည်နယ် မြဝတီမှ ရန်ကုန်အထိ အောက်မြန်မာနိုင်ငံတွင် လွှမ်းမိုးမည်ဖြစ်သည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းများနှင့် ကမ္ဘာ့ စီးပွားရေးသို့ အမီလိုက်နိုင်စေမည့် ဖြတ်လမ်းဖြစ်သည်ဟု မြန်မာအစိုးရက ယုံကြည်နေသော်လည်း နိုင်ငံကြီးနှစ်ခုကို တခုနှင့်တခု ထိပ်တိုက် မတွေ့စေအောင် ချိန်ညှိပြီး မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကို စဉ်ဆက်မပြတ် လုပ်ခြင်းဖြင့် စီးပွားရေး လုပ်ငန်းဝန်းကျင် တိုးတက်အောင် လုပ်ဆောင်ရန်လိုကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး လွှမ်းမိုးရန်အားထုတ်မှုကို တန်ပြန်လိုကြောင်းနှင့် ရခိုင်ပြည်နယ် အကျပ်အတည်းနှင့် နိုင်ငံတွင်းမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ကျောခိုင်းနေသည့်အတွက် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာကြောင်း ကျွမ်းကျင်သူ များက ပြောသည်။

“မြန်မာနိုင်ငံဟာ ဆိပ်ကမ်းတွေ၊ အထူးစီးပွားရေးဇုန်တွေ သာမကဘဲ၊ ပထဝီနိုင်ငံရေး ကစားပွဲမှာ နယ်ရုပ်ကလေးတရုပ် ပိုမိုဖြစ်လာနေလို့ ဒီပြဿနာကို ကိုင်တွယ်ဖို့ မြန်မာနိုင်ငံအတွက် အရမ်းကျွမ်းကျင်တဲ့ သံတမန်တွေလိုတယ်။ မြန်မာနိုင်ငံမှာ တရုတ်သြဇာ ကြီးထွားတာကို ထိန်းချုပ်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ ဂျပန်နဲ့ အိန္ဒိယလို နိုင်ငံတွေ ရှိတဲ့ဒေသမှာ အာဏာပြိုင်ကြတာပဲ” ဟု ဝါရင့် မြန်မာ့အရေးလေ့လာသူ ဘာတေးလစ်တနာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ဂျပန်နိုင်ငံထံမှ အကူအညီလက်ခံခြင်းသည် အကြွေးထောင်ခြောက် ဖြစ်သွားတတ်သော ချေးငွေ ပုံစံဖြင့် လာသော တရုတ် အကူအညီထက် အန္တရာယ်နည်းသည်။ အကြွေးကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တရုတ်နိုင်ငံသည် သီရိလင်္ကာနိုင်ငံ ဟမ်ဘန် တိုတာတွင် လုပ်သကဲ့သို့ ပိုင်ဆိုင်မှု သိမ်းယူနိုင်သည်။ ဂျပန်နိုင်ငံ၏ အကူအညီများတွင် နှောင်ကြိုး ပိုမိုနည်းသည်။ သို့သော် တရုတ်နှင့် ဂျပန်တို့ ပြိုင်ဆိုင်မှုကြောင့် မြန်မာနိုင်ငံအနေဖြင့် ဂျပန်ထံမှ အကူအညီယူလျှင် တရုတ် ဖိအားအများအပြား (နိုင်ငံရေး၊ စီးပွားရေး၊ လက်နက်ကိုင်အုပ်စုများကို အထောက်အပံ့) များကို မျှော်လင့်ထားရမည် ဖြစ်ကြောင်း ဘာတေးလစ်တနာက ပြောသည်။

(နန်းလွင်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းဌာန၏ အကြီးတန်းသတင်းထောက် တဦးဖြစ်သည်။ ၎င်း၏ Analysis: Deft Diplomacy Required as China, Japan Court Myanmar  ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading