မြန်မာ့ ပဲကို အိန္ဒိယနိုင်ငံသို့ အစိုးရချင်း စာချုပ် ချုပ်ဆိုသည့် စနစ်(G to G) ဖြင့် တင်ပို့မှုများ လုပ်ဆောင်ရန် အတွက် သွားရောက် ညှိနှိုင်းမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) က သိရ သည်။
အဆိုပါ ပဲ ဝယ်ယူရေး ကိစ္စနှင့် ပတ်သက်၍ စီးပွား/ကူးသန်း လက်အောက်ရှိ ကုန်သွယ်ရေး ဦးစီးဌာန တာဝန်ရှိသူများ က ဇန်နဝါရီလ အတွင်း အိန္ဒိယ နိုင်ငံသို့ သွားရောက်ကာ G to G မူကြမ်းနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးကြ မည် ဖြစ်ကြောင်း လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီကို ပြောသည်။
“အိန္ဒိယက အဆိုပြု ထားတဲ့ မူကြမ်းနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ တာဝန်ရှိသူတွေ အသေးစိတ် ဆွေးနွေးကြမှာ ဆိုတော့ ရလဒ်ကတော့ ဘယ်လို ထွက်လာမလဲ ဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် အဓိကတော့ ဈေးနှုန်း၊ ငွေ အပေးအယူ စနစ် ပုံစံနဲ့ ကုန်ပစ္စည်း ပို့ဆောင်မှု (Shipment) တို့ကို ဆွေးနွေးကြမှာပါ”ဟု ၎င်းက ပြောသည်။
ယင်းသို့ တွေ့ဆုံရာ၌ နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိမည့် ကုန်သွယ်ရေး ဖြစ်ရန် အဓိကထား ဆွေးနွေးသွားမည်ဟု ဦးခင်မောင်လွင်က ဆိုသည်။
လက်ရှိ၌ ပဲကို အိန္ဒိယသို့ G to G စနစ်နှင့် တင်ပို့ရန် အတွက် လုပ်ဆောင်လျက် ရှိပြီး စာချုပ်ချုပ်ဆိုရာတွင် အိန္ဒိယမှ စိုက်စရိတ်+ ၃၀ ရာခိုင်နှုန်းဖြင့် သတ်မှတ် ဝယ်ယူရန် အဆိုပြု ထားသဖြင့် ပြည်တွင်းရှိ ကုန်သည်များက ယင်းနှုန်းထား မှာ ပေါက်ဈေးထက် နည်းပါးနေကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။
အိန္ဒိယ ကောင်စစ်ဝန်ချုပ် Mr. Nandan Singh က“G to G အရောင်းအဝယ် ကိစ္စ အတွက် လာမယ့် လထဲမှာ မြန်မာ နိုင်ငံ ကုန်သွယ်ရေး ဌာနက ကိုယ်စားလှယ် အဖွဲ့က အိန္ဒိယကို လာ ဆွေးနွေးဖို့ ရှိပါတယ်။ အဲဒီအခါမှာ ဈေးနှုန်း ကိစ္စ က အစ အားလုံး အဆင်ပြေအောင် ညှိနှိုင်း ဆွေးနွေးကြမယ်လို့ မျှော်လင့်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
အိန္ဒိယနိုင်ငံမှ အဓိက ဝယ်ယူသော ပဲများမှာ ပဲစင်းငုံ၊ မတ်ပဲတို့ ဖြစ်ပြီး လက်ရှိ ပုဂ္ဂလိကပိုင်း ဆိုင်ရာ ပြည်ပပို့သော ဈေးကွက်တွင် ပဲစင်းငုံ သုံးတင်းဝင် တအိတ် ၇၁၀၀၀ ကျပ်နှင့် မတ်ပဲ တအိတ်လျှင် ၇၃၀၀၀ ဝန်းကျင် ဖြစ်ကြောင်း မန္တလေး ပဲဈေးကွက်က သိရသည်။
ပြီးခဲ့သည့် နှစ်က အိန္ဒိယ နိုင်ငံ၌ ကောက်ပဲ သီးနှံ အထွက်များ၍ ပြည်ပ နိုင်ငံများမှ ပဲတင်သွင်းခွင့်အား ကန့်သတ် ခဲ့သဖြင့် မြန်မာ့ ပဲစင်းငုံ၊ မတ်ပဲဈေးမှာ ဈေးကျခဲ့ပြီးနောက် ယခုနှစ်တွင် အိန္ဒိယ၏ ပဲလိုအပ်ချက်ကြောင့် အရောင်း အဝယ် ပြန်ဖြစ်လာကြောင်း ပဲကုန်သည်များက ပြောသည်။
ထို့အတူ ယခုနှစ်ပဲရာသီတွင် အိန္ဒိယနိုင်ငံ၌ ရာသီဥတု ဖောက်ပြန်သဖြင့် ပဲအထွက်နှုန်း လျော့သွားခြင်း၊ စိုက်ဧကများ ပျက်စီးခြင်း တို့ကြောင့် လာမည့်နှစ် ပဲရာသီတွင် လိုအပ်ချက် ပိုများလာမည် ဖြစ်ရာ မြန်မာ့ ပဲအား အိန္ဒိယမှ ဝယ်ယူ ရန် အတွက် အစိုးရချင်း G to G ချုပ်ဆိုရန် နှစ်နိုင်ငံ တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိသည်။
ပဲဝယ်ယူရန် အိန္ဒိယမှ အဆိုပြုထားသည့် ဈေးနှုန်းမှာ တိကျသည့် ကုန်ကျစရိတ် အခြေခံ စည်းမျဉ်း မဟုတ်၍ အနိမ့် ဈေး ဖြစ်မည်ကို စိုးရိမ်ကြောင်းနှင့် ဈေးမကိုက်ပါက ပြည်တွင်း တောင်သူများ အတွက် နစ်နာမှု ဖြစ်လျှင် လာမည့် ပဲရာသီ အတွက် ဈေးကွက် ထိခိုက်နိုင်ကြောင်း ပဲကုန်သည် အသိုင်းအဝိုင်းက ပြောသည်။
မန္တလေး မြို့ခံ ပဲကုန်သည် တဦးဖြစ်သူ ဦးမျိုးဆွေက“အိန္ဒိယနဲ့ G to G အရောင်းအဝယ်က အလုပ်မဖြစ်တာ များ တယ်။ ဒါကို အစိုးရက ပါးပါးနပ်နပ်နဲ့ ညှိနှိုင်းနိုင်မှ ဖြစ်မယ်။ ပြီးတော့ ဒါကို ကြားခံ အနေနဲ့ တာဝန်ခံ ဝယ်ပေးမယ့် Third party အဖွဲ့ကလည်း ကိုယ်ကျိုးစီးပွား ကင်းဖို့တော့ လိုမယ်။ ဒါမှသာ နှစ်နိုင်ငံ အတွက် အကျိုးရှိတဲ့ ကုန်သွယ်မှု တခု ဖြစ်လာမှာပါ”ဟု ပြောဆိုသည်။
၂၀၁၇ ခုနှစ် အတွင်း အိန္ဒိယသို့ မြန်မာပဲ တန်ချိန်ပေါင်း ၁ ဒသမ ၅ သန်း တင်ပို့ခဲ့ရပြီး ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရှိကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံးက သိရသည်။