စီးပွားရေး

နယ်စပ် ကုန်သွယ်ရေးတွင် တရုတ်ယွမ်ငွေ တရားဝင် သုံးနိုင်ရေး နှစ်နိုင်ငံ ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

တရုတ် – မြန်မာ နယ်စပ်ဒေသများတွင် တရုတ်ယွမ်ငွေအား တရားဝင် အသုံးပြုနိုင်ရေးအတွက် ၂ နိုင်ငံ အစိုးရ တာဝန် ရှိသူများ ပထမအဆင့် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း စီးပွား/ကူးသန်း နှင့် ဗဟိုဘဏ် တာဝန်ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ကာ လာမည့်နှစ်အတွင်း ထပ်မံ တွေ့ဆုံရန်လည်း လျာထား မှု များ ရှိသည်ဟု စီးပွား/ကူးသန်း လက်အောက်ရှိ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ဧရာဝတီ ကို ပြောသည်။

ဦးမျိုးသူက“အရောင်းအဝယ်လုပ်တဲ့ မြန်မာကုန်သည်တွေကလည်း တရုတ်မှာပဲ ငွေသွားထားတယ်။ ငွေပေးငွေယူကို လည်း တရုတ်ဘဏ် အကောင့်ဖွင့်ပြီး လုပ်ကြတော့ အခွန်ရှောင်တာတွေ ရှိနိုင်သလို၊ တရုတ်က စစ်ဆေးဖို့ကိစ္စတွေ ရှိလို့ ဘဏ်အကောင့်တွေ ပိတ်တဲ့အခါ ကုန်သွယ်မှုမှာပါ ပြဿနာ ဖြစ်ရတယ်လေ။ ဒါကြောင့် ဒီစနစ်ပေါ်လာဖို့ ဆွေးနွေး ကြတာ ဖြစ်တယ်”ဟု ပြောပြသည်။

မည်သည့်ကာလတွင် အကောင်အထည် ဖော်နိုင်မည်ဆိုသည်ကိုမူ နှစ်နိုင်ငံ ဆွေးနွေးမှုအပေါ် မူတည်သည့် အတွက် အတိအကျ မပြောနိုင်သေးကြောင်းနှင့် အသေးစိတ်ကိုမူ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံမှ ဆန်၊ သကြား၊ ပဲ၊ ပြောင်း စသည်တို့ကို နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် ကုန်သွယ်ရေးစခန်းများမှ တရုတ်သို့ တင်ပို့လျက်ရှိရာ ငွေပေးချေမှုကို တရုတ်ကုန်သည်များဘက်မှ တရုတ်ယွမ်ငွေဖြင့်သာ ပြုလုပ်သည့်အတွက် မြန်မာ လုပ်ငန်းရှင်များဘက်က တရုတ်ဘဏ်များတွင် ကိုယ်ပိုင်အကောင့်များ ဖွင့်ကာ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ယင်းသို့ လုပ်ကိုင်ရာတွင် တရုတ်ဗဟိုအစိုးရ မူဝါဒအရ သံသယရှိသည့် ငွေဝင်ငွေထွက်မှုများရှိပါက ဘဏ်အကောင့်များကို အချိန်မရွေး ပိတ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် မြန်မာနိုင်ငံသား ကုန်သည်များ၏ အကောင့်များလည်း ခေတ္တပိတ်ခံရမှုများ ရှိသည်။

ဘဏ်အကောင့် ပိတ်ခံရမှုကြောင့် ကုန်သွယ်မှု အခက်အခဲရှိကြောင်း မြန်မာလုပ်ငန်းရှင်များဘက်မှ အစိုးရထံ တင်ပြလာသည့်အတွက် ယခုအစီအစဉ်အား အကောင်အထည်ဖော်ရန် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးမျိုးသူက “မြန်မာက ရောင်းတဲ့ကုန်စည်တွေရဲ့ ပိုက်ဆံတွေ ကိုယ့်နိုင်ငံထဲကို ပြန်ဝင်လာမယ်ဆိုရင် ပြည်တွင်းမှာ ငွေကြေးလည်ပတ်မှုက ပိုအားကောင်းလာမယ်။ ကုန်သွယ်ရေးမှာ ပိုမြန်လာမှာ ဖြစ်သလို တရားမဝင် လုပ်ငန်းတွေ၊ အခွန်ကိစ္စတွေကိုလည်း စိစစ်နိုင်မယ်” ဟု ပြောသည်။

လက်ရှိတွင် ကုန်သွယ်မှုလုပ်ငန်းများအတွက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာတို့ကို တရားဝင် ဘဏ်အကောင့် ဖွင့်လှစ်ခွင့်ပြုထားသည်။

တရုတ်-မြန်မာနယ်စပ် ဒေသများအတွင်း ကုန်သွယ်မှုစနစ်အတွက် ယွမ်ငွေကို တရားဝင် အသုံးပြုနိုင်ရန် အတွက် တရုတ်ဘဏ်တခု ဖြစ်သည့် Industrial and Commercial Bank of China(ICBC) နှင့် ဆွေးနွေးနေသည်ဟု စီးပွား/ကူးသန်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်ကလည်း ပြီးခဲ့သည့် ဒီဇင်ဘာ၁၇ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ ထည့်သွင်း ပြောဆိုထားသည်။

မန္တလေးမြို့မှ ပို့ကုန်လုပ်ငန်းရှင်တဦးဖြစ်သူ ဦးဝင်းဌေးကမူ“လက်ရှိလည်း တရုတ်နဲ့ အများဆုံး ကုန်သွယ်နေတာဆို တော့ ဒီစနစ်က တကယ်ဖြစ်လာမယ်ဆိုရင် နှစ်ဘက်အကျိုးရှိမှာပါ။ ဒါပေမယ် ဆန်၊ သကြားတို့ကျ ဒီဘက်မှာ တရားဝင် ပေမယ့် ဟိုဘက် (တရုတ်) မှာ မှောင်ခိုဖြစ်တဲ့အတွက် သူတို့ဘက်က ကုန်ဖိုးငွေကို ဘဏ်ကနေ တရားဝင် အကောင့် ဖွင့်လွှဲမလား၊ မလွှဲဘူးလားဆိုတဲ့ ပြဿနာက ရှိတယ်။ ဒါကြောင့် ဒီစနစ်ကလည်း နှစ်နိုင်ငံ တရားဝင် နယ်စပ် ကုန်သွယ်ရေး ဖြစ်မှသာ ရာနှုန်းပြည့် အသက်ဝင်နိုင်မယ်လို့ ပြောရမယ်”ဟု ပြောသည်။

တရုတ်-မြန်မာ နယ်စပ်တွင် မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်အပြင် ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီး ကုန်သွယ် ရေး စခန်းများလည်း ရှိကာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၆၇၀၀ ကျော်ရှိကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ ကုန်သွယ်မှုပမာဏမှာ တရားဝင် ကုန်သွယ်မှုအပေါ် တွက်ချက်ထားသည့် ကိန်းဂဏန်းများဖြစ်ပြီး မှောင်ခို လမ်းကြောင်းမှ တဆင့် ကုန်သွယ်မှု ကိန်းဂဏန်းများ ပါဝင်ခြင်း မရှိသေးပေ။

ဦးဝင်းဌေးက“အခု မြန်မာကနေ ပို့တဲ့ဆန်၊ သကြားက ဒီဘက်မှာ တရားဝင်ဆိုပေမယ့် သူတို့ဘက်မှာကျ မှောင်ခိုလု့ိ သတ်မှတ် ထားတယ်လေ။ အဲဒီလိုပဲ သူတို့ဘက်ကလည်း လူသုံးကုန်တို့၊ လျှပ်စစ်ပစ္စည်းတွေဆို တရားမဝင်လမ်း ကြောင်း ကနေ ဒီဘက်ကို ဝင်နေတာပဲ။ အဲဒီတော့ ခြုံပြောရမယ်ဆိုရင် တရားမဝင်က ပိုများတယ်လို့ ပြောရမှာ”ဟု ပြောဆိုသည်။

ဆက်စပ် ဖတ်ရှုရန်တရုတ် နယ်စပ် ကုန်သည်များ ဘဏ်စာရင်း ပြန်ဖွင့်နိုင်ရေး ညှိနှိုင်းနေ

Did you find apk for android? You can find new Free Android Games and apps.
Loading