ပြည်တွင်းသို့ ဝင်ရောက်လာသည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံများမှ သကြားများ၏ အရည်အသွေးနှင့် ဈေးနှုန်းကို မယှဉ်နိုင်သဖြင့် မန္တလေးရှိ သကြားစက်ရုံ တချို့ ရပ်ဆိုင်းထားကြောင်း မန္တလေး သကြား ကုန်စည်ဒိုင်က သိရသည်။
မန္တလေး သကြားကုန်စည်ဒိုင်မှ ကုန်သည် ဦးစိုးနိုင် က “ပြည်တွင်း သကြားစက်တွေကလည်း ပွက်ရည် (သကာရည်) ကို ဈေးကောင်းပေး မဝယ်နိုင်ကြတော့ဘူး။ ဈေးကောင်းပေး မဝယ်နိုင်တော့ ကြံစိုက် တောင်သူတွေက ပွက်ရည် ချက် လုပ်ခြင်း မရှိတော့ဘဲ ကြံကို အပင်လိုက်၊ အခင်းလိုက် ရောင်းချနေရတယ်။ အဲဒီတော့ ပွက်ရည် ဝင်ရောက်မှုက လျော့ကျ လာရတာပဲ” ဟု ပြော သည်။
မန္တလေးတိုင်း အတွင်း ယခင်က သကြားစက်ပေါင်း ၁၁၀ ကျော်ရှိသည့် အနက် မန္တလေး မြို့ပေါ်၌ စက်ရုံ ၆၀ ခန့်ရှိခဲ့ရာမှ လက်ရှိ မြို့အတွင်း လည်ပတ်နေသည့် စက်ရုံမှာ ၇ ရုံခန့်သာ ရှိတော့ကြောင်း သကြားစက်ရုံ လုပ်ကိုင်သူများက ဆိုသည်။
ယင်းသို့ သကြားစက်ရုံများ ရပ်ဆိုင်းရခြင်းမှာ ပြည်ပ ဈေးကွက်နှင့် မယှဉ်ပြိုင်နိုင်ခြင်း၊ ပြည်တွင်း၌ သကြား ထုတ်လုပ်ရာ တွင် အသုံးပြုသည့် ကုန်ကြမ်းဖြစ်သော ပွက်ရည် ချက်လုပ်မှု လျော့နည်းလာခြင်းနှင့် ပွက်ရည်ကို ဈေးကြီးပေးဝယ်ရခြင်း ကြောင့် ပြည်တွင်းထုတ် သကြားဈေးမှာလည်း မြင့်နေခြင်း စသည့် အချက်တို့ကြောင့် ဖြစ်ကြောင်း သကြားကုန်စည်ဒိုင်မှ သိရသည်။
မန္တလေး သကြား ဈေးကွက် အတွင်း ဝင်ရောက်နေသည့် ပြည်ပ သကြား ဈေးနှုန်းမှာ ၁ ပိဿာလျှင် ကျပ် ၉၀၀ ကျော် ဝန်းကျင်သာရှိပြီး ပြည်တွင်းထုတ် ပေါင်းသကြား ၁ ပိဿာလျှင် ၁၃၀၀ ကျပ်၊ ခါသကြား ၁ ပိဿာလျှင် ၁၀၁၀ ကျပ်၊ ပွက်ရည် ၁ ပိဿာ ၈၂၀ ကျပ် ရှိကြောင်း သိရသည်။
အဆိုပါကဲ့သို့ ပြည်တွင်း သကြားစက်များ ဈေးကွက် ပျက်နေခြင်းကြောင့် ကြံစိုက် တောင်သူများသည် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီ စိမ်း စသည့် အခြားသီးနှံများကို တိုးချဲ့ စိုက်ပျိုးမှုများ ပြုလုပ်လာကြကြောင်း ဦးစိုးနိုင်က ပြောသည်။
ယခုကဲ့သို့ ပြည်ပမှသကြားများ ဆက်လက် ဝင်ရောက်နေလျှင် ပြည်တွင်း လုပ်ငန်းရှင်များအတွက် အခက်အခဲများဖြင့် ရင်ဆိုင်ရမည်ဖြစ်သလို သကြားဈေးကွက်တွင်လည်း အခက်အခဲများဖြင့် ကြုံတွေ့လာနိုင်သဖြင့် သက်ဆိုင်ရာမှ ဝင်ရောက် ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း သကြားစက် လုပ်ကိုင်သူများက ဆိုသည်။
ဇမ္ဗုထွန်း သကြားစက်နှင့် ပွဲရုံ လုပ်ငန်းမှ ဦးမောင်အေးက “အဓိက အကြောင်းရင်းကတော့ ကြံခင်း ဧရိယာနဲ့ နီးတဲ့နေရာမှာ ပေါင်းသကြား စက်ကြီးတွေ ရောက်သွားတာလည်း တပိုင်းပေါ့။ အဲဒီမှာ ကြံတောင်သူတွေက ပွက်ရည် အဖြစ် မချက် တော့ ဘဲနဲ့ ကြံခင်း အလိုက် လက်ညိုးထိုး ရောင်းချတာလည်း ပါတယ်။ ပွက်ရည်ကို ဝယ်ယူတဲ့ အခါမှာလည်း ဈေးနှုန်းက မြင့် လာတယ်။ ကျနော်တို့က ပွက်ရည်ကနေ အဆင့်ဆင့်သွားပြီးမှ သကြား ဖြစ်ရတာ။ နောက်ပြည်ပနေ ဝင်လာတဲ့ သကြား ဈေးက ကျနော်တို့ရဲ့ကုန်ကြမ်း ပွက်ရည်ဈေးလောက်ပဲ ဖြစ်နေတော့ အဲဒီမှာ ဈေးကွက် မယှဉ်နိုင်တော့တာပဲ။ ကျနော်ဆို ရင် သိန်းတထောင်လောက် အထိ အရှုံးပေါ်ခဲ့တယ်” ပြောသည်။
သကြားစက်ရုံများမှာ လွန်ခဲ့သည့် ၄၊ ၅ နှစ် ကတည်းက တဖြည်းဖြည်း ရပ်ဆိုင်းလာခဲ့ကြပြီး ယခု နှစ်ပိုင်း အတွင်း ဈေး ကွက် အခြေအနေ အေးလာခြင်း၊ ကုန်ကြမ်းဈေး မြင့်နေခြင်းတို့ကြောင့်လည်း ဈေးကွက် ပျက်လုနီးပါးဖြစ်လာကာ ယခုနှစ်ပိုင်းတွင် မန္တလေးမြို့၌ စက်ရုံ ဆယ်ဂဏန်းလောက်သာ ကျန်ရှိတော့ကြောင်း သိရသည်။