တရုတ်- မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ ဂိတ်ပေါက် ပိတ်ထားသည်မှာ တပတ် ကြာပြီ ဖြစ်သော်လည်း ပြန်လည် မဖွင့်သေးကြောင်း သတင်းရရှိသည်။
ယင်းဂိတ်အား အမြန်ဆုံး ပြန်လည် ဖြတ်သန်းခွင့်ရရန် အစိုးရ တာဝန်ရှိသူများထံသို့ စာတင်ထားပြီး တုံ့ပြန် ဖြေရှင်း ချက်အား တပတ် ကြာသည့်တိုင် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း နယ်စပ် ကုန်သွယ်ရေး လုပ်ကိုင်သူများက ဧရာဝတီ ကို ပြောသည်။
မူဆယ်ရှိ ခွာညို သစ်သီးပွဲရုံမှ ဒါရိုက်တာ ကိုစိုင်းမင်းသူနိုင်က“အခုချိန်ထိ အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်တာလည်း မတွေ့ရ သေးသလို အပြင်ကနေ ကြားရတာမျိုးလည်း မရှိသေးဘူး။ ကျနော်တို့ သစ်သီးဒိုင်က ဝန် ကြီး ဌာနကို စာတင်ထားတာ ခရီးမရောက်တာလား အနာနဲ့ ဆေးမတည့်တာလားကို မပြောတတ်တော့ပါဘူး”ဟု ဧရာဝတီကို ပြောသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းမှ စတင်၍ လုံခြုံရေး အကြောင်းပြု၍ မြန်မာ့ တပ်မတော်မှ တရုတ်-မြန်မာ နယ်စပ်ရှိ သစ်သီး ကုန်စိမ်းများ အဓိက ဖြတ်သန်း သွားလာနေသော ကျင်စန်းကျော့ ဂိတ်ပေါက်အား ပိတ်ခဲ့ပြီးနောက် ယနေ့ အထိ တိကျသည့် အကြောင်းအရင်း တစုံတရာ မသိရသေးကာ ဂိတ်ပြန်လည် ဖွင့်ပြီး ယခင်လို နှစ်နိုင်ငံ ကုန် သွယ် သွားလာခွင့် ရရှိရန် မျှော်လင့်လျက် ရှိသည်ဟု နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။
ယခုအချိန်သည် ဖရဲသခွား ရောင်းအား အကောင်းဆုံး ကာလ ဖြစ်ကာ ဖေဖော် ဝါရီ၊ မတ်လ အတွင်း ရှမ်းပြည် တဝိုက် မှ ထွက်မည့် ဖရဲသခွားများ အတွက်လည်း တောင်သူများ အနေဖြင့် စိုးရိမ်မှုများ ရှိနေပြီး အစိုးရ တာဝန်ရှိသူများက ယခု ကိစ္စအား အမြန်ဆုံး အဆင်ပြေရန် ဆောင်ရွက်ပေးစေလိုကြောင်း ဒီဇင်ဘာလ ကုန်ပိုင်းက သစ်သီးဒိုင်များ၊ တောင် သူ များ စုပေါင်း လက်မှတ်ထိုး၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သို့ စာတင်ထားသော် လည်း ယနေ့ အထိ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးဟု တောင်သူများထံမှ သိရသည်။
အဆိုပါ ဂိတ်ပေါက် ပိတ်ပြီးနောက် မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ တင်ပို့လာသော ဖရဲ၊ သခွားကား အစီးရေ ၁ ထောင်ကျော်သည် မူဆယ်ဘက် အခြမ်းတွင် ပိတ်မိနေကြကာ ဒီဇင်ဘာ ၂၈ ရက်တွင် တရုတ်ပြည်ဘက်မှ ဖြတ်သန်း ခွင့်ပိတ်ထားသော ပန်ဆိုင်း ဂိတ်အား ပြန်လည် ဖွင့်ပေးခဲ့သဖြင့် ယင်းဂိတ်မှ တဆင့် ဖရဲ၊ သခွားကားများ တရုတ်သို့ တင်ပို့နေသည်မှာ ယနေ့ အထိ ဖြစ်သည်။
မူဆယ် သစ်သီး အရောင်းအဝယ်ကွင်းမှ ပန်ဆိုင်းဂိတ်သွားရာ လမ်းသည် ၁၀ မိုင်ခန့်ရှိပြီး လမ်းအကျယ်မှာ ၈ ပေခန့် ရှိသဖြင့် ဖရဲသခွား တင်သည့် ၁၂ ဘီးကားကြီးများ ဖြတ်သန်း သွားလာရန် အတွက် အခက်အခဲ ရှိခြင်း၊ တရုတ်ပြည် ဘက်က နယ်စပ်ဖြတ်ကျော် စစ်ဆေးမှုများတွင် ယခင်ထက် အချိန်ပိုယူခြင်း တို့ကြောင့် ဖရဲသခွား ကားများသည် တရက်လျှင် ပုံမှန် အစီးရေ ၅၀၀ ခန့် တင်ပို့နေရာ ယခု ဆိုပါက အစီး ၂၀၀ ခန့်သာ တင်ပို့နိုင်ပြီး ယာဉ်ကြော ကြပ် တည်းမှုများလည်း ဖြစ်လျက် ရှိသည်ဟု မန္တလေး-မူဆယ် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများမှ သိရသည်။
စောရန်နိုင် မန္တလေး- မူဆယ် ကုန်စည် ပို့ဆောင်ရေးမှ ဂိတ်မှူး ဦးဇော်မြင့်ဦးက“တကယ်တမ်း နိုင်ငံ စီးပွား တိုးတက်ဖို့ အရေးကြီးတဲ့ စီးပွားရေး ထွက်ပေါက်တွေကို အခုလို လုပ်ပစ်တာ ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်ဖို့ အတွက်ပဲ ဖြစ်နေ တယ်။ ဒီလို နေရာမျိုးတွေမှာ လွယ်ကူ မြန်ဆန် ချောမွေ့ဖို့ အစိုးရကတောင် ပံ့ပိုးပေးရမှာ။ အခုတော့ ဘာကြောင့် ပိတ် တယ် ဆိုတာတောင် တာဝန်ရှိတဲ့သူတွေဆီက ဖြေရှင်းသံလေး တစွန်းတစ မကြားရတော့ ပိုဆိုးပြီပေါ့”ဟု ဧရာဝတီ ကို ပြောသည်။
ယခု ကာလသည် ဖရဲ၊ သခွားကုန်စိမ်း တင်ပို့မှုလှိုင်သည့် ရာသီဖြစ်ပြီး နယ်စပ်ဂိတ် အခြေအနေများကြောင့် အချိန် ကြန့်ကြာသဖြင့် သီးနှံ ပျက်စီးဆုံးရှုံးမှုများလည်း ပိုတိုးလာကြောင်း ဖရဲသခွား စိုက်တောင်သူများက ပြောသည်။
မူဆယ်ရှိ ခွာညို သစ်သီးပွဲရုံမှ ကိုစိုင်းမင်းသူနိုင်က“အစိုးရက ဘာအသံမှ မထွက်တော့ ကိုယ်တိုင်လည်း အဖြေမရှိ သလို အားလည်း ငယ်မိတယ်။ စိုက်ပျိုးရေးကို အားထားတဲ့ နိုင်ငံလို့လဲ ပြောသေးတယ် တခုခုဆို စိုက်ပျိုးရေး သမား တွေကို ပစ်ထားတယ်။ အခုလို ဖြစ်တာ နိုင်ငံအတွက်လည်း အခွန် ဆုံးရှုံးသလို ကျနော်တို့ လုပ်ငန်းရှင် တောင်သူတွေ အတွက်လည်း ရက်ကြာရင် ကြာသလောက် ဆုံးရှုံးမှုက ပိုများလာမှာပဲ”ဟု ဆိုသည်။
လက်ရှိ ဈေးကွက်တွင် ဖရဲသီး (၁၂ ဘီး ကား တစီးစာ) ကျပ်ငွေ သိန်း ၇၀ ဝန်းကျင်၊ သခွားမွှေး (၁၂ ဘီးတစီး စာ) သိန်း ၁၀၀ ကျော်ခန့် တန်ကြေး ရှိပြီး ဂိတ်အခြေအနေ အမျိုးမျိုးကြောင့် စောင့်ဆိုင်းချိန် ကြာမြင့်လာသည့် အတွက် ဖရဲသီး ၁၇ တန်ဝန်းကျင် တင်နိုင်သည့် ၁၂ ဘီးတစီးတွင် ပုပ်ကာ အလေအလွင့် ဖြစ်သွားသော (ပယ်သီး) မှာ ၇၅ ရာခိုင်နှုန်းခန့် အထိ တိုးလာသည်ဟု ဆိုကြသည်။
တံတားဦးမြို့နယ် အတွင်းက ဖရဲသခွားစိုက် တောင်သူ ကိုခိုင်ဇော်က“အချိန်ကြာလာတဲ့အမျှ မတွေးဝံ့စရာပါ။ အခု အချိန်မှာ အများနည်းတူ ဖြစ်နေတဲ့ ပြဿနာမို့ ဘာမှ မတတ်နိုင်ပေမယ့် တချို့စိုက်ကွင်းတွေမှာ ကုမ္ပဏီတွေက ငွေ အရင်းအနှီးတို့၊ မျိုးစေ့ ထုတ်ပေးထားတဲ့ တောင်သူတွေက အဲဒီ ငွေတွေ ပြန်ပေးချိန်ကျ ဒုက္ခ ရောက်ပြီလေ။ နောက် ဆက်တွဲ အကျိုးဆက်တွေကို တောင်သူတွေပဲ ဆက်ခံစားကြရမှာ”ဟု ဧရာဝတီကို ပြောသည်။
ဆက်စပ် ဖတ်ရှုရန် – တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ် ပိတ်၍ ကုန်ကား ၁၆၀၀ကျော် ပိတ်မိနေ