မြန်မာနိုင်ငံတွင် အသက်နှင့် အခြားအာမခံလုပ်ငန်းများ ဆောင်ရွက်လိုသော ပြည်ပ ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးရန် အသင့်ဖြစ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက်နေ့တွင် ကြေညာသည်။
နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် ဘဏ်လုပ်ငန်း မဟုတ်သော ဘဏ္ဍာရေးလုပ်ငန်းများ တိုးတက်ရေးအတွက် လိုအပ်နေသော ရင်းနှီးမြှုပ်နှံမှုများ စီးဝင်စေရေး အားထုတ်မှုများပြုလုပ်နေစဉ် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်သော ကြေညာချက်အရ သိရှိရသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများထံမှ စိတ်ပါဝင်စားမှု ဖေါ်ပြလွှာများနှင့် အဆိုပြုချက်များကို ဖိတ်ခေါ်ထားပြီး ၎င်းတို့ကို မြန်မာနိုင်ငံ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း ဌာနက စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနက ကြေညာသည်။
အာမခံကုမ္ပဏီများသည် အသက်အာမခံနှင့် အခြားအာမခံ ကဏ္ဍနှစ်ခုအနက် တခုခုတွင် အကျုံးဝင်ရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အပြည့်အဝပိုင် အသက်အာမခံ ကုမ္ပဏီ ၃ ခုအထိ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားသော အသက်အာမခံကုမ္ပဏီများကိုလည်း ပြည်တွင်း အသက်အာမခံ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရန် အားပေးကြောင်း ဝန်ကြီးဌာနက ကြေညာသည်။
မြန်မာနိုင်ငံတွင် အသက်မဟုတ်သော အခြား အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးနေသည့် ကိုယ်စားလှယ်ရုံးရှိသည့် ကုမ္ပဏီများကိုသာ ပြည်တွင်းအာမခံကုမ္ပဏီများနှင့် ဖက်စပ်လုပ်ခွင့်ပြုမည်ဖြစ်သည်။ အသက်မဟုတ်သော အခြားအာမခံလုပ်ငန်းများကို ပြည်ပ အပြည့်အဝပိုင် လုပ်ကိုင်ခွင့်ပေးမည် မဟုတ်ပေ။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ပြည်တွင်းအာမခံ ကုမ္ပဏီများကို အသက်အာမခံနှင့် အခြားအာမခံဟူသော သီးခြားကဏ္ဍနှစ်ခုတွင် ခွဲခြားလုပ်ကိုင်ခွင့်ပေးထားသောကြောင့် ပြည်ပလုပ်ငန်းများအနေဖြင့် ပြည်တွင်းအာမခံလုပ်ငန်းများနှင့် ပူးပေါင်း သို့မဟုတ် ဖက်စပ်လုပ်ကိုင်ရန် လမ်းပွင့်နေကြောင်းလည်း ကြေညာချက်တွင် ဖေါ်ပြထားသည်။
အာမခံထားရှိခြင်းသည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်လှခြင်း မရှိပေ။ ထွန်းသစ်စဈေးကွက်များတွင် ရှေ့တော်ပြေးဖြစ်လေ့ရှိသော မော်တော်ယာဉ်အာမခံသည်ပင် ထိုးဖေါက်မှုနှုန်း ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။
ဈေးကွက်ကို အစိုးရပိုင် အာမခံလုပ်ငန်းက နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားပြီး ပြည်တွင်းအာမခံကုမ္ပဏီ ၁၁ ခုကို ၂၀၁၃ ခုနှစ်ကမှ ဈေးကွက်အတွင်း ခွင့်ပြုခဲ့သည်။ သို့သော် ပြည်တွင်းအာမခံလုပ်ငန်းများသည် လုပ်ငန်းပိုင်းဆိုင်ရာ သိမြင်မှုအားနည်းကြသည်။
အာမခံလုပ်ငန်း ရေပန်းစားလာစေရေး အစိုးရသည် ပြည်ပကျွမ်းကျင်မှုများကို အသုံးချလိုသည်။ ဟောင်ကောင်အခြေစိုက် AIA အသက်အာမခံလုပ်ငန်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အပြည့်အဝပိုင် အာမခံလုပ်ငန်းလုပ်ကိုင်ရန်မျှော်လင့်နေသော လုပ်ငန်းများအနက်တခုဖြစ်သည်။