အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် တရုတ်၏ ဦးစားပေးစီမံကိန်း ရပ်ဝန်းတခု၊ လမ်းတခု အစီ အစဉ် (BRI)၌ ပါဝင်ရေး ညှိနှိုင်းရာတွင် ကြွေးမြီမနိုင်မနင်းဖြစ်၍ ချောင်ပိတ်မမိစေရန် သတိကြီးကြီး ဖြင့် ညှိနှိုင်းသင့်ကြောင်း တနင်္လာနေ့၌ ထုတ်ပြန် သည့် မူဝါဒ စစ်တမ်းတစောင်တွင် တုံ့ပြန်ဖြေဆို သူ ၇၀ ရာခိုင်နှုန်းက မှတ်ချက် ပေးထားသည်။
အရှေ့တောင်အာရှသည် မဟာဗျူဟာ မိတ်ဖက်နှင့် လုံခြုံရေးရင်းမြစ် တခုဖြစ်ကြောင်း အမေရိကန်၏ ကတိကဝတ် အပေါ် သံသယများ တိုးပွားနေလာချိန် တရုတ်ကလည်း နိုင်ငံရေးနှင့် စီးပွားရေး နှစ်ဖက် စလုံးတွင် နေရာယူမှု ပိုများပြား လာသည်ဟု ရှုမြင်ကြကြောင်း အဆိုပါ သုတေသန စစ်တမ်းက ဆို သည်။
သမားရိုးကျ အမြော်အမြင်အနေဖြင့် တရုတ်သည် စီးပွားရေးနယ်ပယ်ကို လွှမ်းမိုးထားသကဲ့သို့ အမေရိကန် ကလည်း နိုင်ငံ ရေးမဟာဗျူဟာ နယ်ပယ်တွင် သြဇာဖြန့်ကြက်ထားရာ ဒေသတွင်းရေးရာ ကို ပြန်လည် သုံးသပ်ရန် လိုအပ်နေပြီဖြစ် ကြောင်း အဆိုပါသုတေသန စစ်တမ်း၏ ရလဒ်က မီးမောင်းထိုးပြထားသည်။
အဆိုပါ သုတေသနစစ်တမ်းကို စင်ကာပူအစိုးရနှင့် ဆက်နွှယ်နေသည့် ISEAS-Yusof Ishak Institute က စုဆောင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး အာဆီယံအုပ်စု ၁၀ နိုင်ငံမှ ဖြေဆိုသူ ၁၀၀၈ ဦး၏ တုံ့ပြန်ချက်များအပေါ် အခြေခံထားသည်။ ဖြေဆိုသူများထဲတွင် အစိုးရဌာနများ၊ ပညာရေးနှင့် စီးပွားရေး အသိုင်းအဝိုင်းများ၊ လူမှုအဖွဲ့များနှင့် သတင်းမီဒီယာသမား များ ပါဝင်ကြသည်။
သမ္မတရှီကျင့်ဖျင် အဆိုပြုထားသည့် BRI သည် အာဆီယံကို တရုတ်စက်ကွင်းထဲသို့ ဆွဲခေါ်ခြင်းသာ ဖြစ်ကြောင်း အဆိုပါ စစ်တမ်းတွင် ဖြေဆိုသူတဝက်နီးပါးက ထောက်ပြကြပြီး တရုတ်စီမံကိန်းသည် ပွင့်လင်း မြင်သာမှုမရှိကြောင်း ဖြေဆိုသူ သုံးပုံတပုံက ဆိုထားသည်။ စီမံကိန်းသည် ပျက်သုဉ်းနိုင် သည်ဟုလည်း ဖြေဆိုသူ ၁၆ ရာခိုင်နှုန်းက မှတ်ချက်ပေးကြသည်။
ဖြေဆိုသူအများစု (သို့မဟုတ်) ၇၀ ရာခိုင်နှုန်းတို့က ၎င်းတို့၏ အစိုးရအသီးသီးသည် “BRI စီမံကိန်း များ ညှိနှိုင်းရာတွင် တရုတ်ကြွေးမြီ ဝန်ထုပ်ဝန်ပိုး မနိုင်မနင်းဖြစ်ခြင်းမှ ရှောင်ရှားနိုင်ရန် သတိကြီး ကြီး ထားရမည် ဖြစ်ကြောင်း” မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ကို အလေးပေးထောက်ပြ ပြောဆိုကြသည်။
တရုတ်သည် ၎င်းစီမံကိန်း အစပျိုးခြင်းနှင့်အတူ နိုင်ငံများသို့ ကြွေးမြီအနှောင်အဖွဲ့ထဲ ဆွဲခေါ်နေ သည်ဟု အနောက်နိုင်ငံ အစိုးရတချို့က စွပ်စွဲထားသော်လည်း ယင်းစွပ်စွဲချက်ကို တရုတ်က ငြင်း ဆိုထားသည်။
ဖြေဆိုသူ ၇၃ ရာခိုင်နှုန်းတို့က တရုတ်သည် ဒေသတွင်း၌ အကြီးမားဆုံး စီးပွားရေးလွှမ်းမိုးနေသည်ဟု ရှုမြင်ကြပြီး နိုင်ငံရေး နှင့် မဟာဗျူဟာအရ အမေရိကန်ထက် တရုတ်က ပိုမို အုပ်စီးနေကြောင်းလည်း ယုံကြည် ထားကြသည်။
ဖြေဆိုသူ ၁၀ ဦး အနက် ၆ ဦးက အမေရိကန်၏ တကမ္ဘာလုံး အတိုင်းအတာ လွှမ်းမိုးမှုသည် ပြီးခဲ့ သည့် တနှစ်အတွင်း ယိုယွင်းလာခဲ့ကြောင်း ဆိုကြပြီး ဖြေဆိုသူ သုံးပုံနှစ်ပုံတို့က အမေရိကန်နှင့် အရှေ့ တောင်အာရှ ထိတွေ့ဆက်ဆံမှု ကျဆင်း လာကြောင်း ယုံကြည်ထားကြသည်။
ဖြေဆိုသူ သုံးပုံတပုံက အမေရိကန်အပေါ် မဟာဗျူဟာ မိတ်ဖက်တဦးအဖြစ်နှင့် ဒေသတွင်း လုံခြုံရေး ပံ့ပိုးသူအဖြစ် အယုံအကြည် မရှိကြောင်း (သို့မဟုတ်) အနည်းငယ်သာ ယုံစားရကြောင်း တုံ့ပြန်ထား ကြသည်။
ဖြေဆိုသူ ၁၀ ဦးတွင် ၁ ဦးက တရုတ်ကို သဘောထား ပျော့ပျောင်းပြီး အကျိုးပြု စေတနာရှိကြောင်း ရှုမြင်ထားပြီး ဖြေဆိုသူ တဝက်နီးပါးက ဘေဂျင်းသည် ၎င်းလွှမ်းမိုးမှု စက်ကွင်းထဲသို့ အရှေ့တောင် အာရှကို ဆွဲထည့်ရန် ရည်ရွယ်ချက်ရှိကြောင်း ဆိုကြသည်။
ယခု သုတေသနစစ်တမ်း ကောက်ယူသူက “ဤရလဒ်သည် တရုတ်က သဘောထား ပျော့ပျောင်း ကြောင်းနှင့် ငြိမ်းချမ်းရေး ပေါ်ထွက်ရန်ဖြစ်ကြောင်း ကျိန်းသေပေါက် အကြိမ်ကြိမ် ပြောကြားနေလင့် ကစား အရှေ့တောင် အာရှကို တရုတ်အရောင် ဆိုးမည့် အနုတ်လက္ခဏာ ပုံရိပ်အတွက် နှိုးဆော်ချက် တခု” ဖြစ်ကြောင်း ရေးသားထားသည်။
ဖြေဆိုသူ အများစုတို့က သံတမန်ဖိအားထက် စေ့စပ်ဆွေးနွေးရေးကို အလေးပေးထား သော်လည်း မြန်မာနိုင်ငံ အနောက် ပိုင်း အကျပ်အတည်းတွင်လည်း အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် ပိုမိုတက်ကြွစွာ လုပ်ဆောင် ရန် လည်း အဆိုပါစစ်တမ်းတွင် တိုက်တွန်းထား သည်။
စစ်တပ်က အကြမ်းဖက် သောင်းကျန်းသူများ တိုက်ခိုက်မှုကို နှိမ်နင်းမှုကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည် နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ မွတ်စလင် ၇၃၀၀၀၀ ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂက ဆိုထားသည်။