တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်ရှိ ကျင်စန်းကျော့ ဂိတ်ကို တရားဝင် ပြန်ဖွင့်ရန် အတွက် လုံခြုံရေး အရ နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်သွားရန် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီး ပွား/ကူးသန်း) ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။
ပြည်ထောင်စု ဝန်ကြီးက“နယ်စပ် လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး တိုးတက်အောင် လုပ်မယ်။ အထူးသဖြင့် ဂိတ်တွေ ဖွင့်တဲ့နေရာမှာ အရင်က သဘောတူညီချက်တွေ ရှိတယ်။ ဒါကို ပြန်လည် ပြင်ဆင်ပြီးတော့ ပိုမို ကောင်းမွန်လာအောင် လုပ်ဖို့တော့ ရှိတယ်။ ဒါကတော့ ရေရှည်ပေါ့။ ရေတိုမှာတော့ ဂိတ်တွေကို ဘယ်လို မြန်မြန်ဆန်ဆန် ဖြစ်အောင် ဖွင့်ကြမလဲ ဆိုတဲ့ မူအားဖြင့် သဘောတူညီမှု ရတယ်”ဟု ပြောသည်။
ယင်းကို ဇန်နဝါရီလ ၇ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်သော မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေး အတွက် ကျင်စန်းကျော့ နယ်စပ် ဂိတ် ပေါက် ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက“ဒါကို သူတို့ဘက်ကလည်း ဆောင်ရွက်မယ်။ တို့ဘက်ကလည်း ကာကွယ်ရေး ဝန် ကြီး ဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့နဲ့ တိုင်ပင်ပြီး အမြန်ဆုံး ဖြစ်အောင် လုပ်ပေးရမှာပေါ့။ ကျင်စန်းကျော့ ဂိတ်ကတော့ ဖွင့်ဖို့က လုံခြုံရေး အခြေအနေ အရ ထည့်သွင်း စဉ်းစားရမယ့် ကိစ္စ ဖြစ်နေတယ်။ ဖွင့်ဖို့ အသေးစိတ် ထပ်ဆွေးနွေးမယ်။ သူတို့ဘက်ကလည်း ဖွင့်ဖို့ လိုလားတဲ့ သဘောရှိတယ်”ဟု ရှင်းပြသည်။
လက်ရှိ၌ သဘောတူညီချက် အနေနှင့် ယာယီ ဖွင့်လှစ်ထားသော ပန့်ဆိုင်း-ကြူကုတ် လမ်းပိုင်းရှိ ပန်ဆိုင်း ဂိတ်ကို ယခင် ၆ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်လှစ်ထားရာမှ ည ၁၀ နာရီ အထိ တိုးမြှင့် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ သန်းမြင့်က“လက်ဗွေ နှိပ်တာတို့၊ ဓာတ်ပုံ ရိုက်တာတို့ လုပ်တော့ အချိန်က ကြာတာပေါ့။ အခုက အဆင့်ဆင့် ဖြေလျှော့မှုတော့ ရှိမယ်။ သဘောတူညီချက်က ဒါကို အမြန်ဆုံး ပြေလည်အောင်တော့ လုပ်ကြမယ် ဆိုတဲ့ သဘောတူညီ ချက်ရတယ်။ နောင် ရေရှည်မှာလည်း လုပ်ရမယ့် ဟာတွေကို မူအားဖြင့် သဘောတူညီထားတယ်။ အချိန်တော့ ယူရမှာ ပေါ့”ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်က မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းမှ လတ်တ လော ဖွင့်လှစ်ထားသည့် ပန်ဆိုင်း ဂိတ်သည် လမ်း ကျဉ်းခြင်း၊ တရက်လျှင် ကုန်စည်ဒိုင် (သစ်သီးကွင်း)သို့ ကားအစီးရေ ၅၀၀ မှ ၈၀၀ ကြား အဝင်ရှိသော်လည်း ကားအစီးရေ ၂၀၀ ခန့်သာ တရုတ်ဘက်သို့ ရောင်းချရသောကြောင့် ဝန်နှင့် အား မမျှသဖြင့် ကျင်စန်းကျော့ဂိတ်အား တရားဝင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးလျှင်ပင် ယာယီ ဖွင့်လှစ်ပေးရန် တင်ပြ တောင်းဆို ထားသည်။
လက်ရှိတွင် ပန်ဆိုင်းဂိတ် အဝင်၌ ကားအစီးရေ ၁၀၀၀ ကျော်ပိတ်မိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက“တရုတ်ဘက်နဲ့ ဝန်ကြီး ဌာနတို့ တပ်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ အခု ၇ ရက်က ဆွေးနွေးကြတော့ ကျင်စန်းကျော့ ပေါက်က တရားဝင် ဖွင့်ဖို့ အတွက် အဆင့်ဆင့် လုပ်စရာ ရှိတာတွေ လုပ်ပြီးမှ ဖွင့်လို့ရမယ်။ ဒါကြောင့် ပန်ဆိုင်း အပေါက်ကိုတော့ အချိန် တိုးပေး တယ်။ အရင်တုန်းက ကုန်စည် ရောင်းဖို့ တရုတ်ဘက်သွားရင် တုံးထုတာတို့ ဘာတို့ အရင်က ၂ ယောက်တည်း အခု ၄ ယောက် လုပ်ပေးမယ်ပေါ့။ ဒါတွေ တိုးပြီး လုပ်ပေးမယ်လို့ ပြောတယ်။ ဝန်ကြီးဌာနဘက်ကလည်း လုပ်တော့ လုပ်ပေးနေ တယ်”ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက“အခုလို လုပ်ပေးမယ် ဆိုရင် အရင်ထက်တော့ နည်းနည်းတော့ ကားအစီးရေ တိုးဝင်လို့ ရမယ်ထင် တယ်။ ဒါပေမယ့် စိတ်တိုင်းကျတော့ မဖြစ်နိုင်သေးဘူးပေါ့။ ပန်ဆိုင်းလမ်းက ကျဉ်းတယ်။ သွားရလာရ ပင်ပန်းတယ်။ ကျင် စန်းကျော့ ကျတော့ လမ်းက ကျယ်တယ်၊ နီးတယ်၊ ပိုလည်း ကောင်းတယ်”ဟု ပြောဆိုသည်။
ကျင်စန်းကျော့ နယ်စပ် ဂိတ် တရားဝင် ဖွင့်လှစ်နိုင်ရေး အတွက် မြန်မာဘက်မှ နယ်မြေ လုံခြုံရေး အရ ညှိနှိုင်းစရာ ကိစ္စရပ်များ ရှိနေသည်ဟု သတင်းကြားရကြောင်းလည်း ဦးနိုင်ဝင်းက ဧရာဝတီသို့ ပြောသည်။
နယ်စပ် ဂိတ် ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် နှစ်ဖက် ဆွေးနွေး ညှိနှိုင်းမည် ဆိုသည့် အဆင့်သာ ရှိနေပြီး မည်သည့် အချိန် တွင် ပြန်လည် ဖွင့်လှစ်နိုင်မည်ကို လောလောဆယ်တွင် မသိရသေးပေ။
ထို့အပြင် လက်ရှိတွင် တောင်သူများ နစ်နာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်ကို အသိအမှတ်ပြုသော်လည်း နစ်နာမှုများ အတွက် လုပ်ဆောင်ပေးရန် အစီအစဉ်များ မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက မီဒီယာများကို ပြောကြားသည်။
အဆိုပါ ကျင်စန်းကျော့ ဂိတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက် ညနေမှ စ၍ လုံခြုံရေး အခြေအနေအရ ဟုဆိုကာ မြန်မာ့ တပ်မတော်က လက်ရှိ အချိန် အထိ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
မြန်မာ- တရုတ် နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီး စသည့် နယ်စပ် ကုန်သွယ်ရေးဇုန် ၄ ခုကို တရားဝင် ဖွင့်လှစ်ထားပြီး မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော် ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသော ဇုန် ဖြစ်ကြောင်း စီးပွား/ကူးသန်းက သိရသည်။
ဆက်စပ် ဖတ်ရှုရန်
ဖရဲသီး တန်ချိန် ၅၀ အခမဲ့ဝေ၍ ဆန္ဒ ထုတ်ဖော်
တရုတ်နယ်စပ် ကျင်စန်းကျော့ ဂိတ် တပတ်ကြာသည့်တိုင် ပြန်မဖွင့်သေး