မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ရွှေ အပါအဝင် ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက် ချထားပေး ရာတွင် ဒေသခံများအား ဦးစားပေး သွားမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း လုပ်ကွက် စိစစ် ချထားပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသစ်က“ဒီလို အသေးစား၊ လက်လုပ်လက်စား လုပ်ကွက် ချထားပေးခြင်းဟာ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့် တခု ဖြစ်သလို အဲဒီ ဒေသတွေမှာ နေထိုင်တဲ့ ဒေသခံတွေ အဆင်ပြေဖို့ အတွက် အဓိက ရည်ရွယ်တာ ဖြစ်တယ်”ဟု ဧရာဝတီ ကို ပြောသည်။
တိုင်းအတွင်း ထိုသို့ လုပ်ကိုင်ခွင့်များ ချထားပေးခြင်းဖြင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမဝင် သတ္တုတူးဖော်ခြင်းများ လျော့နည်း ပပျောက်စေရေး တို့အတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး လုပ်ကွက် လျှောက်လွှာများအား ယခုလ ၁၄ ရက်မှ စတင်၍ လျှောက်ထားနိုင်မည်ဟု တိုင်းလုပ်ကွက် စိစစ်ချထား ပေးရေး အဖွဲ့က အသိပေး ကြေညာ ထားသည်။
လျှောက်ထားရာတွင် အသေးစား လုပ်ကွက် ဆိုပါက မန္တလေးတိုင်း အတွင်း မှတ်ပုံတင်ထားသော ကုမ္ပဏီ/ အများပိုင် ကုမ္ပဏီဖြစ်ရန်နှင့် ကုမ္ပဏီ တခုလျှင် ဓာတ်သတ္တု အမျိုးအစား တမျိုး အတွက် အသေးစား လုပ်ကွက် တကွက်သာ လျှောက်ထားခွင့် ပြုမည်ဟု ကြေညာထားသည်။
ထို့အတူ လက်လုပ်လက်စား လုပ်ကွက် ဆိုပါက ဒေသခံဖြစ်ကြောင်း အိမ်ထောင်စု ဇယား ပါရှိရမည် ဖြစ်ကာ ဒေသခံ နိုင်ငံသား အိမ်ထောင်စု တစုလျှင် လုပ်ကွက် တကွက် လျှောက်ထားနိုင်ပြီး အဆိုပါ လုပ်ကွက်များ အတွက် ကုမ္ပဏီနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ၊ အဖွဲ့အစည်းများ၊ လုပ်ကွက်လက်ဝယ် ရှိပြီးသူများ လျှောက်ထားခွင့် မပြုဟု ပါရှိသည်။
တိုင်းသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးလည်း ဖြစ်သည့် ဦးမျိုးသစ်က“လျှောက်လွှာ လက်ခံရ တာ များရင်များ သလို လုပ်ကွက်ချထားမှု မြန်ဆန်အောင် အပတ်စဉ် ဘုတ်အဖွဲ့ ထိုင်ပြီး မြို့နယ် အဖွဲ့တွေနဲ့ ကွင်းဆင်း စစ်ပြီးမှ ချထား ပေးမှာပါ။ အဲဒီအတွက် အောက်ခြေမှာ ပြဿနာတွေ မရှိအောင်၊ လာဘ်စားမှုတွေ မရှိအောင် စိစစ်ရတာမို့ စောင့်ဆိုင်းရ တာ သည်းခံ ပေးကြဖို့ပါပဲ။ အဲဒါကြောင့် လျှောက် လွှာတင်ပြီး ဘယ်နှစ်ရက် အတွင်း ပါမစ်ကျမယ်လို့ အတိ အကျ မပြော နိုင်တာပါ”ဟု ပြောသည်။
မန္တလေးတိုင်း အတွင်းရှိ စဉ့်ကူး၊ သပိတ်ကျင်း၊ ရမည်းသင်း၊ မတ္တရာ၊ ကျောက်ဆည် စသည့် မြို့များတွင် ရွှေ၊ ကျောက် မီးသွေး၊ ထုံးကျောက်၊ စက်မှုတွင်းထွက် ကုန်ကြမ်း၊ မာဘယ်၊ ခဲ၊ ကြေးနီ စသည့် (ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကန့်သတ် ဓာတ်သတ္တုများမှ အပ) တူးဖော် လုပ်ကိုင်ခွင့် အသေးစား၊ လက်လုပ် လက်စား လုပ်ကွက်များ လျှောက်ထား နိုင်မည်ဟု တိုင်း သတ္တုတွင်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အသေးစား လုပ်ကွက်၏ သက်တမ်းမှာ ၅ နှစ်မှ ၁၀ နှစ် အတွင်းနှင့် လုပ်ကွက် တကွက်လျှင် ၄ ဧက နှင့် လက်လုပ် လက် စား ဆိုပါက သက်တမ်း ၁ နှစ်နှင့် အကျယ်အဝန်း ၁ ဧက သတ်မှတ်ထားပြီး လုပ်ကွက် လျှောက်လွှာများ ပိတ်ရက်ကို သတ်မှတ်ထားခြင်း မရှိဟု အထက်ပါ ဌာနက သိရသည်။
မန္တလေးတိုင်း အသေးစား ရွှေလုပ်ကွက် လျှောက်ထားရန် စီစဉ်နေသူ ကိုတင်ဇော်ဦးက“တချို့ ကုမ္ပဏီတွေက သူတို့ ဆီ က အလုပ်လုပ်တဲ့ ဒေသခံ အလုပ်သမားတွေရဲ့ လက်မှတ်တွေနဲ့ မလိမ့်တပတ် လျှောက်ကြတာတွေ ရှိတယ်။ ဒါတွေကို အစိုးရက သေချာ စိစစ်နိုင်ဖို့ လိုသလို တိုင်းမှာ ကွဲလွဲမှု ဖြစ်သွားတာနဲ့ အောက်ခြေမှာ ပြဿနာ တက်မှာလေ။ အဲဒီတော့ ကုမ္ပဏီရော၊ ဒေသခံရော၊ အစိုးရပါ ၃ ဦး အဆင်ပြေမှသာ ဒီစနစ်က ချောမွေ့မှာပါ”ဟု ဧရာဝတီကို ပြောသည်။
ဒေသခံများ တရားဝင် လုပ်ကိုင်နိုင်မည့် လက်လုပ်လက်စား လုပ်ကွက်များကို ယခင်က ချထား ပေးနိုင်ခြင်း မရှိသည့် အတွက် ယခင်က အဆိုပါ ဓာတ်သတ္တုထွက်ရာ ဒေသများတွင် နေထိုင်သော ဒေသခံများသည် တရားမဝင် ရွှေလုပ် ကွက်များတွင် ရွှေတူးဖော်ခြင်း၊ တရားဝင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများတွင် ဝန်ထမ်း အဖြစ် လုပ်ကိုင်ခြင်း တို့ဖြင့် အသက် မွေးကြကြောင်း ၎င်းက ဆိုသည်။
မန္တလေးတိုင်း အတွင်း အသေးစားနှင့် လက်လုပ်လက်စား ဓာတ်သတ္တု လုပ်ကွက် ချထားပေးခြင်းကို ယခုနှစ်မှ စတင် ဆောင်ရွက်ခြင်း ဖြစ်ပြီး အလတ်စားနှင့် အကြီးစား လုပ်ကွက်များကိုမူ ပြည်ထောင်စုက စိစစ် ချထားပေးလျက် ရှိကြောင်း သိရသည်။