စီးပွားရေး

နှစ်ပတ်ကျော် ပိတ်ခဲ့သည့် ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ တပ်မတော်က လုံခြုံရေး အခြေအနေ အရဟု ဆိုကာ နှစ်ပတ်ကျော် ပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ ဂိတ်အား ယနေ့ နံနက်မှ စ၍ ပြန်လည် ဖွင့်ပေးလိုက်ကြောင်း နယ်စပ် ကုန်သွယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

မူဆယ် ၁၀၅ မိုင်ရှိ ခွာညို သစ်သီးပွဲရုံ ပိုင်ရှင် ဦးစိုင်းခင်မောင်က“မနက် ၈ နာရီလောက်ကမှ နယ်စပ် ကုန်သွယ်ရေးက ကျနော်တို့ဆီကို အကြောင်းကြားလာတယ်။ ၉ နာရီလောက်မှာ ဂိတ်ပြန် စဖွင့်တယ်”ဟု ဧရာဝတီကို ပြောသည်။

ကျင်စန်းကျော့ဂိတ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းမှ စတင် ပိတ်ခဲ့ပြီးနောက် အဆိုပါ ဂိတ်မှ အများဆုံး ဖြတ်သန်း သွားလာသည့် ဖရဲသခွား သစ်သီးတင် ကုန်တင်ယာဉ် ထောင်နှင့်ချီ ပိတ်မိကာ ဂိတ်မဖွင့်ခင် အထိ ကုန် သွယ်ရေးပိုင်း၌ ကြန့်ကြာမှုများ ရှိသဖြင့် ဖရဲသခွား စိုက် တောင်သူများ ငွေကြေး အမြောက်အမြား ဆုံးရှုံးမှု ကြုံတွေ့ ခဲ့ ရကြောင်း သိရသည်။

ယင်းသို့ ဆုံးရှုံး နစ်နာမှုများကြောင့် ဖရဲသခွားစိုက် တောင်သူများ အပါအဝင် သစ်သီး ဝလံ ဒိုင်များက ယင်းဂိတ်အား အမြန်ဆုံး ပြန်လည် ဖွင့်ပေးရန်နှင့် ဖြစ်ပေါ်နေသော အခက်အခဲများအား အစိုးရက ဝင်ရောက် ဖြေရှင်းပေးရန် ဒီဇင်ဘာ လကုန်ပိုင်း၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) သို့ စာတင် တောင်းဆိုခဲ့ကြသည်။

ထို့ပြင် ကျင်စန်းကျော့ဂိတ် ပိတ်ပြီး ၁ ရက် အကြာတွင် မူဆယ် ဒေသခံကုန်သည်များက ယူနန်ပြည်နယ်မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် တရုတ်ဘက်မှ ပိတ်ထားသည့် ပန်ဆိုင်းဂိတ်အား ပြန်လည် ဖွင့်လှစ်ပေးကာ ယင်း ဂိတ်မှ ဖရဲသခွား ကားများ တင်ပို့ခဲ့ရကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီ ၇ ရက်နေ့က တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက် နံနက်တွင် အဆိုပါ ဂိတ်အား ပြန်လည် ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စီးပွား/ကူးသန်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်၏ Facebook စာမျက်နှာ တွင်“အခြေအနေ အရ ပိတ်ထားခဲ့ရသော ကျင်စန်းကျော့ဂိတ်အား ယနေ့ မနက် ပိုင်းမှ စ၍ ပြန်လည် ဖွင့်လှစ်ပေး လိုက်ပြီ ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများ အဆင်ပြေစေရေး၊ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်”ဟု ရေးသား ထားသည်။

နယ်စပ် ကုန်သွယ်ရေး လုပ်ကိုင်နေသည့် ဦးစိုင်းခင်မောင်က“ဒီကိစ္စမှာ တောင်သူတွေ ဆုံးရှုံးနစ်နာမှုတွေ ရှိတာ ငြင်း မရပေမယ့် အကောင်းဘက်က ကြည့်မယ် ဆိုရင် ကျနော်တို့ နိုင်ငံ အတွက် နိုင်ငံရေး အမြတ်တခု ရလိုက်တယ်။ ဒါက မြန်မာကလည်း သူ့ရပ်တည်မှုနဲ့ သူရှိပြီး ကိုယ်တိုင် စီမံ ဖန်တီးနိုင်ခွင့် ရှိတယ် ဆိုတာ ပြလိုက်တာပါပဲ”ဟု ဧရာဝတီကို ပြောသည်။

ဘုတလင် မြို့နယ်ရှိ ဖရဲသခွား စိုက် တောင်သူ ကိုသစ္စာက နှစ်နိုင်ငံ ကုန်သွယ်မှုတွင် အရေးပါသည့် ကျင်စန်းကျော့ ဂိတ်အား တရားဝင် နယ်စပ် ဂိတ် တခု အဖြစ်
နှစ်နိုင်ငံ အစိုးရက ကြိုးပမ်းသင့်ကာ ထိုမှသာ ပြည်သူများက ယခု ဖြစ် ပေါ်ခဲ့သည့် ဆုံးရှုံး နစ်နာမှုမျိုး ကင်းဝေးမည် ဖြစ်သလို နယ်စပ်ဂိတ် အဖွင့်အပိတ် ကိစ္စနှင့် ပတ်သက်၍ နောင်တွင် ကြိုတင် သတင်း ထုတ်ပြန်ပေးပါက နယ်စပ် ကုန်သွယ်ရေး လုပ်ကိုင်သူများ အနေဖြင့် ကြိုတင် စီမံခန့်ခွဲနိုင်မည် ဖြစ်ကာ ဆုံးရှုံး နစ်နာမှုများ လျှော့ချနိုင်မည် ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ ကျင်စန်းကျော့ဂိတ် ပြန်လည် ဖွင့်လိုက်သော်လည်း ယနေ့သည် မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးရောင်းကွင်း ပိတ် ထားသည့် အတွက် ဖရဲသခွားကားများ တရုတ်ပြည်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးကြောင်းနှင့် တရုတ်ဘက်မှ ခါလီ ကုန်ကားများ (ကား အလွတ်) မူဆယ်ဘက်သို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးဒိုင်များက ပြောသည်။

ဇန်နဝါရီ ၁၁ ရက်တွင် မူဆယ်ရှိ သစ်သီး အရောင်းကွင်းကို ပြန်လည် ဖွင့်လှစ်မည် ဖြစ်ပြီး ယာဉ်ကြောကြပ်တည်းမှု မဖြစ်စေရန် ဇန်နဝါရီ ၁၂ ရက်တွင် အရောင်းကွင်း ပြန်ပိတ်ကာ ယင်းနောက်တရက်၌ တောက်လျှောက် ပြန်လည် ဖွင့်လှစ် သွားမည်ဟုလည်း ကုန်သည်များက ပြောဆိုကြသည်။

ဆက်စပ် ဖတ်ရှုရန် – ကျင်စန်းကျော့ ဂိတ် တရားဝင် ပြန်ဖွင့်ရန် ညှိနှိုင်းမည်

တရုတ်နယ်စပ် ကျင်စန်းကျော့ ဂိတ် တပတ်ကြာသည့်တိုင် ပြန်မဖွင့်သေး

တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ် ပိတ်၍ ကုန်ကား ၁၆၀၀ကျော် ပိတ်မိနေ

Did you find apk for android? You can find new Free Android Games and apps.
Loading