ယခုလ အတွင်း ပျောက်ဆုံး သွားသည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီ စာအုပ် ၁၂၈၅ အုပ် (အစောင်ရေ ၁၄၁၃၅) မှ ထီဆုများ ထွက်ရှိပါက ဆုကြေးငွေ ပေးမည်မဟုတ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆု ဌာနခွဲက သိရသည်။
အဆိုပါ ထီစာအုပ်များမှာ အောင်ဘာလေ သိန်းဆု ဌာနခွဲ (မန္တလေး ရုံးခွဲ) မှ မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်သို့ စာတိုက်မှ အမြန် အချောပို့ဖြင့် ပို့ဆောင်ရာတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းထီလက်မှတ်များမှာ ရောင်းချရခြင်း မပြုရသေးကြောင်း၊ ပြည်သူများ အနေနှင့် သတိပြု ဝယ်ယူကြရန်နှင့် ပျောက်ဆုံး ထီလက်မှတ် အက္ခရာ၊ ကိန်းဂဏန်းများကိုပါ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ကြေညာထားသည်။
ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ကျနော်တို့က ပြည်သူတွေကို သတင်းစာထဲကနေ အသိပေး လိုက်ပြီ။ ဒီထီလက်မှတ်တွေက တရားမဝင်တော့ဘူးလို့။ ထီကတော့ ၁၉၃၈ ခုနှစ်ထဲက ပေါ်ခဲ့တာ ဆိုတော့ ဒီလိုမျိုး ဖြစ်တာ တခါတရံတော့ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အမြဲတမ်းတော့မဟုတ်ပါဘူး။ ကြေညာထားတဲ့ အတိုင်း ဒီထီ လက်မှတ်တွေထဲက ဆုမဲတွေ ထွက်လာရင် လျော်ပေးမှာ မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယင်း ပျောက်ဆုံး ထီအက္ခရာများမှ ထီဆု ထွက်ရှိလာပါက ဆုကြေးငွေကို ပေးလျော်မည် မဟုတ်ကြောင်း အစားထိုး ပြန်လည် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပျောက်ဆုံးသွားသည့် ကျပ် ၅၀၀ တန် ထီလတ်မှတ် နံပါတ်များမှ အထူးဆုကြီး စနစ်နှင့် ဆု တဆုချင်း စနစ် ဖြစ်လျှင် ရောင်းချရသည့် ထီလက်မှတ်များထဲမှ ဆုမဲ ဂဏန်းများ ထွက်ပေါ်လာသည် အထိ ဆုမဲ ကြေညာ၍ အစားထိုး ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း ဦးမင်းထွဋ်က ပြောဆိုသည်။
အောင်ဘာလေ သိန်းဆုဌာနခွဲသည် လာမည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၃ ကြိမ် မြောက်ကျပ် ၅၀၀ တန်အောင်ဘာလေ ထီဖွင့်ပွဲ အတွက် ထီအက္ခရာ အလုံးရေ ၅၂ လုံးကို မြန်မာ တနိုင်ငံလုံးသို့ ဖြန့်ဖြူး ရောင်းချခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပျောက်ဆုံးသွားသည့် ထီလက်မှတ်များ ဈေးကွက်ထဲသို့ ပျံ့နှံ့ ရောင်းချလာမည်ကို ပြည်သူများက စိုးရိမ်မှုများ လည်း ရှိနေကြောင်း သိရသည်။
ယင်းကြေညာချက်နှင့် ပတ်သက်၍ လိူင်သာယာ မြို့နယ်နေ မဇင်မာက “ထီကတော့ ထိုးမှာပဲ။ သူတို့ဘာသာ ပျောက်လို့ ကြေညာလည်း တော်ရုံ လူကတော့ တိုက်ဖြစ်မှာ မဟုတ်ဘူး။ ဒါက အစိုးရဘက်က လိုတာ။ ဒီလို ပျောက်တဲ့ အထဲ ဂဏန်း ကို မလျော်တဲ့စနစ်ကို မဖြစ်သင့်တဲ့ ကိစ္စကြီးပါ။ ဆုငွေ ပမာဏ နည်းတယ် ဆိုရင် တော်သေးတယ်။ များတယ် ဆိုရင် လက်မခံနိုင်ဘူး။ ဒါက ကုသိုလ်ကံနဲ့ လည်း ဆိုင်တယ်။ လူတိုင်းကတော့ နှမြောမှာပဲ။ ကျပ်သိန်းထောင်နဲ့ ချီရင် ပိုဆိုးမယ်” ဟု ပြောသည်။