မြန်မာ့ ကျောက်မျက် ရတနာများအား အောက်ဈေးဖြင့်သာ ထုတ်ရောင်း နေရ၍ အချောထည် ကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ရန် ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောသည်။
ဒု ဝန်ကြီးက“ကျောက်မျက် အချောထည် ကဏ္ဍမှာ နည်းပညာကို အခြေခံပြီး ထုတ်လုပ်နိုင်ဖို့ လိုအပ်တယ်။ အဲဒီလို မဟုတ်ရင်တော့ အောက်ဈေးနဲ့ ထုတ်ရောင်းရပြီး သယံဇာတတွေ ကုန်သွားမှာ ဖြစ်သလို ထိုက်တန်တဲ့ စီးပွား ဖွံ့ဖြိုးမှု ကိုလည်း ခံစားရမှာ မဟုတ်ပါဘူး”ဟု ဆိုသည်။
ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ မန္တလေး ရတနာမောလ်၌ ကျင်းပသည့် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ကျောက် မျက်နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ၂၀၁၉ ဖွင့်ပွဲ အခမ်းအနား၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။
ဒေါက်တာ ရဲမြင့်ဆွေက“ကျနော်တို့ နိုင်ငံမှာ ကမ္ဘာ့ဈေးတန်းဝင် ကျောက်မျက်တွေ ထွက်ပါတယ်။ အခုလို ပြပွဲကနေ သဘာဝ အရိုင်းကနေ ရတနာအဖြစ် တန်ဖိုးမြင့် ထုတ်ကုန်ကနေတဆင့် နိုင်ငံသားများ အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ပေါ်လာစေရုံသာမက ကျောက်မျက် ရတနာ ဈေးကွက်လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ပြည်တွင်း ဈေးကွက် ဖြစ်မြောက်လာရန် ကျောက်မျက် ရတနာနှင့် ပတ်သက်သည့် အသင်းအဖွဲ့များ အားလုံး ညီညီ ညွတ်ညွတ်ဖြင့် ကြိုးစား ဖော်ဆောင်ရန် လိုအပ်ပြီး ထိုမှသာ ထိုက်တန်သော အကျိုး ခံစားခွင့် ရရှိကြမည်ဟု မြန်မာ နိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက ဆိုသည်။
“ကျနော်တို့ နိုင်ငံက ကမ္ဘာမှာ ပြိုင်ဘက် ကင်းတဲ့ ရတနာတွေ ထွက်ပေမယ့် တန်ဖိုးမြင့် ထုတ်နိုင်တဲ့ နေရာမှာ အား နည်း နေပါသေးတယ်။ ဒါတွေကို ကျနော် တို့လို ဈေးကွက်မှာ လက်တွေ့ လုပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ မူဝါဒပိုင်း ချမှတ် ပေးတဲ့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မှသာ အောင်မြင်မှာပါ”ဟု ၎င်းက ပြောသည်။
မန္တလေး ကျောက်မျက် ရတနာပြပွဲကို ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပယင်း စသည့် ကျောက်မျက် လက်ဝတ်ရတနာ အချောထည် ပေါင်းများစွာကို မန္တလေး အပါအဝင် စစ်ကိုင်းတိုင်းနှင့် အထက် မြန်မာပြည်တို့မှ ကျောက်မျက် လုပ်ငန်း ရှင်များက ဆိုင်ခန်း ၃၆၀ ကျော်ဖြင့် ပြည်တွင်းပြည်ပကုန်သည် များအား ပြသ ရောင်းချသွားမည်ဟု ပြပွဲ ကျင်းပရေး ကော်မတီက သိရသည်။
မန္တလေးမြို့မှ ကျောက်မျက် ရတနာ လုပ်ငန်းရှင် ဦးမြင့်ဟန်က“ကျောက်စိမ်းက တရုတ်လူမျိုး ရဲ့ရိုးရာ အဆင်တန်ဆာ တခုလို ဖြစ်တဲ့အတွက် အချောထည် ဈေးကွက်ကအစ သူတို့ဆီမှာ ပိုထွန်းကားတယ်။ တချို့ ကျောက်စိမ်း ပန်းပု တွေ ဆို နှစ်ချီကြာအောင် ထုပြီး မှ ရောင်းတယ်။ ကိုယ့်ဆီမှာကျတော့ အချော ထည်လုပ်ပေးတဲ့ သူတွေကလည်း နေ့စား လက်ခယူကြတော့ တွက်ခြေကိုက် လုပ်ကြတာ များတယ်။ အစိုးရဘက်ကလည်း ဒီကဏ္ဍနဲ့ ပတ်သက်ရင် လေပဲ များ တယ်။ အရေးအကြောင်း သွားပြောရင် စာတင်ပါဆိုတာနဲ့ပဲ ပြီးသွားတာ များတယ်”ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် ပြပွဲ၌ ကျောက်စိမ်း ကျောက်မျက်နှင့် လက်ဝတ် ရတနာ ဒီဇိုင်းပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ရာ ကျောက်စိမ်း ပန်းပုများ၊ ကျောက်မျက် လက်ဝတ်ရတနာများ၊ ကျောက်မျက် ပန်းချီများ စသည့် ဒီဇိုင်းအစုံ ယှဉ်ပြိုင်စေကာ ဝါရင့် အကဲဖြတ် ဒိုင်များမှ စိစစ် အကဲဖြတ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ သတ်မှတ်၍ ဆုကြေးငွေပေါင်း ကျပ်သိန်း နှစ်ရာကျော်အား ချီးမြှင့်ပေးသွားမည် ဟု သိရသည်။
ပြိုင်ပွဲကို ကျောက်မျက်ရတနာ အချောထည် ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး၊ နည်းပညာ အဆင့်မြင့်တင်နိုင်ရေး၊ စက် မှုနှင့် လက်မှု ပေါင်းစပ်၍ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရေး တို့ကိုရည်ရွယ်၍ ကျောက်စိမ်း ကျောက်မျက် နှင့် လက်ဝတ်ရတနာ ဒီဇိုင်း ပြိုင်ပွဲကို ထည့်သွင်း ကျင်းပရခြင်း ဖြစ်သည်ဟု ဆိုသည်။
မန္တလေး ရတနာမောလ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူရက “ပြိုင်ပွဲမှာက ကျောက်စိမ်းပန်းပု ကျောက်မျက်ပန်းချီ လက်ဝတ် ရတနာဒီဇိုင်းတွေကို ခေါ်ယူထားတာပါ။ ပြည်ပ ပညာ ရှင် တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ယှဉ်ပြိုင်လာတဲ့ ဒီဇိုင်းတွေကို ဝါရင့်ပညာရှင်ကြီးတွေကနေ အကဲဖြတ်ပြီး ဆုရွေးချယ် ပေးသွားမှာပါ”ဟု ပြောသည်။
ပြိုင်ပွဲမှ ဆုရရှိသော ပစ္စည်းများအား ပြပွဲအတွင်း လေလံတင် ရောင်းချပေးသွားမည်ဟု သိရသည်။
ထို့ပြင် ပြပွဲမှ ဝယ်ယူသည့် ကျောက်မျက် အချောထည်များနှင့် ပတ်သက်၍ နိုင်ငံခြားငွေ ပေးချေမှုများနှင့် အခွန် ကိစ္စ ရပ်များကိုလည်း One stop service ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။
လက်ရှိ ကျောက်မျက်ပွဲတွင် ကျပ်ငွေ၊ နိုင်ငံခြားငွေ တို့ဖြင့် ဝယ်ယူနိုင်ပြီး ရောင်းချသည့် တန်ဖိုးများ အနေဖြင့် အကြမ်း ဖျင်း အနိမ့်ဆုံးဈေး အမေရိကန် ဒေါ်လာ ဆယ်ဂဏန်းမှ ဒေါ်လာ သောင်းချီ တန်ကြေးရှိသည့် ကျောက်မျက် ရတနာ များအား ပြသ ရောင်းချလျက် ရှိသည်။
နိုင်ငံတကာ ကျောက်မျက် ရတနာ ပြပွဲများကို ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဦးစီး၍ နေပြည်တော်တွင် နှစ်စဉ် ကျင်းပခဲ့သော်လည်း ယခု အစိုးရ လက်ထက်တွင် ရန်ကုန်၊ မန္တလေး မြို့များတွင် ကျင်းပခွင့်ပြုခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်က နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း ကျောက် မျက် ရတနာများ ရောင်းရငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၄၉,၀၀၀ ကျော် ရရှိခဲ့ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြတ်ပြည့်ဖြိုး နှင့် ဒီလှိုင်းဝင်း ပူးပေါင်း ရေးသားသည်။