စီးပွားရေး

ရန်ကုန်တွင် တံတားတွေ ဆောက်နေသည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ပထမဆုံး မဟာမြို့ကြီး (Megacity) ဖြစ်လာရန် ရန်ကုန်သည် အရပ်မျက်နှာအားလုံးသို့ တိုးချဲ့နေစဉ် အရှေ့အာရှနိုင်ငံများသည် ယခင်က ကာလကြာမြင့်စွာ လျှစ်လျှူရှုထားသော ရန်ကုန်ပတ်ဝန်းကျင်တွင် တံတားများ၊ စက်မှုဇုန်များနှင့် တခြား အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အခွင့်အရေးများကို အမိအရ ဖမ်းယူနေကြသည်။

“မြန်မာနိုင်ငံဟာ ကျနော်တို့ အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်အောင် လုပ်ဆောင် နေတယ်။ တောင်ကိုရီးယားနိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ ဥပမာတခုကတော ဒလ တံတားပါပဲ” ဟု ဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်က ရည်မှန်းချက် ကြီးမားလှသော ထိုတံတားစီမံကိန်း ဖွင့်ပွဲတွင်ပြောသည်။

ထိုအခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး စက်ယန္တယားများ စတင် လည်ပတ်သည့် ခလုတ်ကို ဖွင့်လှစ်ပေးသည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား ဟုလည်း ခေါ်သော ၁.၈ ကီလိုမီတာရှည်ပြီး ၄၉ မီတာမြင့်သော တံတားသည် ရန်ကုန်မြစ်ကို ဖြတ်ကျော်ပြီး ရန်ကုန်မြို့လယ်နှင့် တောင်ဘက်ရှိ ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည် ဖြစ်သည်။ ၃၊ ၄ နှစ်အတွင်း တည်ဆောက်ပြီးစီးမည်ဟု မျှော်လင့်ရသည်။ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းစုကြီးဖြစ်သော GS အုပ်စုသည် ပင်မကန်ထရိုက်တာ ဖြစ်ပြီး ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်း ရွှေတောင်အုပ်စုက လက်ခွဲ ကန်ထရိုက်တာအဖြစ် ဆောင်ရွက်သည်။

မီးများတပ်ဆင်ခြင်းနှင့် အနီးရှိလမ်းများ ပြုပြင်သည့် စရိတ်များ အပါအဝင် စီမံကိန်း ကုန်ကျငွေ ဒေါ်လာ ၁၆၈ သန်း၏ ၈၀ ရာခိုင်နှုန်းကို တောင်ကိုရီးယား အစိုးရက တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အကူအညီချေးငွေဖြင့် ငွေကြေး စိုက်ထုတ်မည် ဖြစ်သည်။ သို့သော် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ထိုစီမံကိန်းတွင် အပြောင်းအလဲတချို့ကို တောင်းဆိုနေပြီး စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ သန်း ၂၀၀ အထိ ရှိနိုင်သည်။

“ကျမတို့က ဒီတံတားကို စိတ်ကူးယဉ်အိပ်မက် မက်နေတာကြာလှပြီ” ဟု တံတားလုပ်ငန်းခွင် အနီးတွင် စားသောက်ဆိုင် ဖွင့်ထားသော အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတဦးက ပြောသည်။

စစ်အစိုးရက အရပ်သားအစိုးရထံ အာဏာ လွှဲပြောင်းပေးသည့် ၂၀၁၁ ခုနှစ်မှစတင်ပြီး ရန်ကုန်တမြို့လုံးတွင် ခေတ်မီ ရုံးခန်းကြီးများနှင့် စတိုးဆိုင်ကြီးများ ပေါ်လာနေသော်လည်း ရန်ကုန်နှင့် မြစ်တစင်း ခြားနေသော ဒလမှာမူ ခေတ် နောက်ကျ ကျန်ရစ်နေသည်။ ဒလတွင် နေထိုင်သူများသည် နေ့စား လုပ်သားများအဖြစ် လုပ်ကိုင်ရန် ရန်ကုန်သို့ သစ်သားလှေ များဖြင့် ၁၀ မိနစ်ခန့် စီးလာကြရသည်။ မြစ်အထက်ပိုင်းတွင် တံတားတစင်း ရှိသော်လည်း ထိုလမ်းကြောင်းသည် အနည်းဆုံး ၁ နာရီခွဲကြာသည်။

“ကျမရဲ့ တပည့်တချို့ ရန်ကုန်မှာ အလုပ်သွားလုပ်ကြတယ်” ဟု အသက် ၅၉ နှစ်အရွယ်ရှိ ကျောင်းဆရာမ တဦးက ပြောသည်။ “တချို့ဆိုရင် ရာသီဥတုမကောင်းလို့ လှေမှောက်ပြီး သေဆုံးကုန်ကြတယ်။ တံတားရှိရင်တော့ မြစ်ကိုကူးရတာ ပိုအန္တရာယ် ကင်းတာပေါ့” ဟု သူက ပြောသည်။

တံတားအနီးရှိ ဒေသများ တိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် တောင်ကိုရီးယား လုပ်ငန်းများသည် အဓိက အခန်းမှ ပါဝင်ဖွယ်ရှိသည်။ ကုမ္ပဏီတခုသည် ဒလတွင် စက်မှုဇုန် တည်ထောင်ရန်အတွက် ရန်ကုန်တိုင်းအစိုးရနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့တွင် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး တောင်ပိုင်းမူဝါဒ သစ်အရ ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန် တည်ဆောက်ရေးကိုလည်း နိုင်ငံမြောက်ပိုင်းတွင် လုပ်ကိုင်နေသည်။

“တောင်ကိုရီးယားနိုင်ငံက တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို လာမယ့် ၅ နှစ်အတွင်းမှာ ၂ ဆတိုးပြီးဒေါ်လာ ၁ ဘီလျံအထိ ပေးသွားဖို့ရှိပါတယ်” ဟု တံတားစီမံကိန်း စတင်ခြင်း အခမ်းအနားသို့ တက်ရောက်လာသော တောင်ပိုင်း မူဝါဒဆိုင်ရာ သမ္မတ၏ကော်မတီ ဥက္ကဋ္ဌနှင့် အဆင့်မြင့် စီးပွားရေးအကြံပေး ကင်ဟန်ချုးကပြောသည်။

ရန်ကုန်မြို့၏ လူဦးရေသည် ၂၀၀၀ ပြည့်နှစ်က ၃. ၅၅ သန်းရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၄.၉ သန်းသို့ တိုးပွားလာသည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရုတ်တရက် ဝင်ရောက်လာသောကြောင့် မြို့သည် ဆက်လက် ကြီးထွားနေပြီး ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ ၁၀ သန်း ရှိလာမည်ဟု အစိုးရက ခန့်မှန်းထားသည်။ မြို့သည် အဓိကအားဖြင့် အတားအဆီးသဖွယ် ဖြစ်စေသော မြစ်ကြောင်းမရှိသည့် မြောက်ဖက်သို့ တိုးချဲ့နေသော်လည်း ယခင်က လျှစ်လျှူရှုထားသော နေရာများကို အလျှင်အမြန် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်နေသည်။

မြို့၏ အရှေ့တောင်ဘက်ရှိ သီလဝါ အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် ၂၀၁၅ ခုနှစ်က ဖွင့်လှစ် ခဲ့သည်။ ယခုအခါ ထိုအထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီပေါင်း ၁၀၀ ကျော် လုပ်ငန်း လည်ပတ်နေကြသည်။ တံတား အသုံးပြုနိုင်စွမ်းကို ၇၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ရန်အတွက် နှစ်လမ်းသွားမှ လေးလမ်းသွား အဆင့်သို့ အနီးရှိ တံတား နှစ်စင်းကို အစားထိုး တည်ဆောက်ရန် ဂျပန်နိုင်ငံက ယန်းငွေဖြင့် ချေးငွေများလည်း ပေးအပ်ခဲ့သည်။

ပထမတံတားကို သြဂုတ်လက စတင်ဖွင့်လှစ်ခဲ့ပြီး ယန်း ၃၅.၅ ဘီလျှံ (ဒေါ်လာ ၃၁၉ သန်း) ကုန်ကျမည့် ဒုတိယ တံတား တည်ဆောက်ခြင်းကို ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ရန်ကုန်မြို့ကို အနောက်ဖက်သို့ တိုးချဲ့ရာတွင် ကူညီနေသည်။ ရန်ကုန်မြစ် တဖက်ကမ်းရှိ စတုရန်း ကီလိုမီတာ ၈၀ ကျယ်သောနေရာကို အစိုးရခြင်း ချေးငွေဖြင့်မဟုတ်ဘဲ၊ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုဖြင့် တိုးချဲ့လိုသည်ဟု တိုင်း အစိုးရက မတ်လတွင်ကြေညာခဲ့သည်။

ဓာတ်အားပေး စက်ရုံတရုံ၊ ရေသန့်စင်စက်ရုံတရုံ၊ စက်မှုဇုန်တခုနှင့် တံတားနှစ်စင်း ပါသော ဒေါ်လာ ၁.၅ ဘီလျံ ကုန်ကျမည့် ထိုစီမံကိန်းကို တရုတ်နိုင်ငံပိုင် တရုတ်ဆက်သွယ်ရေး ဆောက်လုပ်ရေး လုပ်ငန်းသည် ထိုစီမံကိန်းကို စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးသော်လည်း ထိုတရုတ် ကုမ္ပဏီသည် ထိုကန်ထရိုက်ကို ရရှိမည်ဟု မျှော်လင့်ရသည်။ ၎င်းစီမံကိန်းသည် နှစ်နိုင်ငံ အစိုးရများအကြား အခြေခံ အဆောက်အအုံ အစီအစဉ်ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

ညှဉ်းပမ်းနှိပ်စက်မှုမှ လွတ်မြောက်ရန်အတွက် ရိုဟင်ဂျာ မွတ်ဆလင် သိန်းနှင့်ချီ နိုင်ငံမှ ထွက်ပြေးချိန်မှ စတင်ပြီး အနောက်နိုင်ငံ ကုမ္ပဏီ အများအပြားက မြန်မာနိုင်ငံကို ရှောင်ကျဉ်နေကြသည်။ သို့သော် ဂျပန်နှင့် တရုတ်တို့သည် မြန်မာနိုင်ငံကို မတူညီသော အမြင်ဖြင့်ချဉ်းကပ်ကြသည်။

“စီးပွားရေး ပူးပေါင်းဆောင်ရွက်တာ ရပ်လိုက်လို့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ဂျပန် သံတမန်တဦးက ပြောသည်။ ရပ်ဝန်းတခုလမ်းတခု အစီအစဉ်တွင် အဓိကအဖြစ် မြန်မာနိုင်ငံကို သတ်မှတ်ထားသော တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သြဇာတိုးချဲ့နေစဉ် ဂျပန် အစိုးရသည် မြန်မာနိုင်ငံနှင့် သမိုင်းဝင် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်း ထားသည်။

ကိုးကား ။ ။ Nikkei Asian Review မှ Yangon builds bridges to its future as megacity

Did you find apk for android? You can find new Free Android Games and apps.
Loading