ယခုလ နောက်ဆုံးထား၍ ကုမ္ပဏီများ အားလုံး အွန်လိုင်း မှတ်ပုံတင် စနစ် (MYCO) နှင့် မှတ်ပုံတင်ရမည် ဖြစ်ကာ နောက် ကျသည့် ကုမ္ပဏီများ အနေနှင့် ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန (DICA) ရုံးက သိရသည်။
DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက“ကျနော်တို့က ကုမ္ပဏီ ဥပဒေ အရ ကန့်သတ်တဲ့ ရက်မှာ မှတ်ပုံ မတင်ဘူး ဆိုရင် စာရင်းက ဖျက်သွားမှာ ဖြစ်တယ်။ အခုက အခမဲ့ မှတ်ပုံတင် ပေးတာ ဖြစ်တယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် ဒီကုမ္ပဏီက နောက်ကျပြီးတော့ ပြန်ပြီး မှတ်ပုံတင်ချင်တယ် ဆိုပြီး သတင်း ပို့လာရင် သူ့ အခွင့်အရေး မဆုံးရှုံး အောင် ကျနော်တို့က ဒဏ်ကြေးဆောင်ပြီးမှ လုပ်ဆောင်ရမှာ ဖြစ်တယ်”ဟု ပြောသည်။
ဇန်နဝါရီလ ၁၅ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနရုံးတွင် ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) အစည်းဝေး (၁/၂၀၁၉)နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြော ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် ကုမ္ပဏီ ဥပဒေသစ် အရ မြန်မာ တနိုင်ငံလုံးရှိ မှတ်ပုံတင်ပြီးသား ကုမ္ပဏီ များ သည် DICA ရုံး၌ MYCO စနစ်ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အတွင်း ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်သည်။
DICA ညွှန်ကြားရေးမှူး ဦးမျိုးမင်းက“ဒဏ်ကြေးကို ကျနော်တို့ အခု လတ်တလော စဉ်းစားထားတာတော့ မှတ်ပုံတင်ကြေး အတိုင်းပဲပေ့ါ။ ဥပမာ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်ရင်လည်း မှတ်ပုံတင်ကြေး ၂ သိန်း ၅ သောင်း ပေးရမယ်။ အများပိုင် ကုမ္ပဏီ ဖြစ်ရင် ကျပ် ၂၅ သိန်း ပေးရမယ်။ အဲဒါဆို ကျနော်တို့က စာရင်း ပြန်သွင်းပေးမယ်”ဟု ပြောသည်။
သတ်မှတ် ကာလ အတွင်း မှတ်ပုံတင်ခြင်း မရှိသည့် ကုမ္ပဏီများ၊ အသင်းအဖွဲ့ ကုမ္ပဏီများကို စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် MYCO စနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ အသစ် ၉၃၀၀ ကျော်၊ ကုမ္ပဏီ အဟောင်းကို ပြန်လည် မှတ်ပုံ တင်ထားသည်မှာ ၄၅၇၀၀ ကျော် ရှိနေပြီး တရက်လျှင် ပျမ်းမျှ ကုမ္ပဏီ ၅၀၀ ခန့် မှတ်ပုံတင်လျက် ရှိကြောင်း DICA စာရင်း များ အရ သိရသည်။
မှတ်ပုံတင်ရန် ကျန်ရှိသော ကုမ္ပဏီ အရေအတွက်မှာ ၁ သောင်းခွဲမှ ၂ သောင်း နီးပါး အထိ ရှိနေသေးကြောင်း ဦးမျိုးမင်း က ပြောပြသည်။
ပြည်တွင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက“အွန်လိုင်းနဲ့ မှတ်ပုံတင်ရတာတော့ လွယ်ပါတယ်။ ဒါပေမယ့် တချို့ ကုမ္ပဏီတွေ ဒီစနစ်ကို အကျွမ်းတဝင် မရှိသေးတာတို့ စနစ်ထဲ ဝင်ရောက်ဖို့ ခက်ခဲတာတို့ အလုပ်မအားတာ တို့ကြောင့် လည်း မှတ်ပုံတင်ဖို့ ကြာနေတာ ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီ ဥပဒေ အဟောင်းဖြင့် မှတ်ပုံတင်ထားသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီ စုစုပေါင်း ၆ သောင်း ကျော် ရှိကြောင်း DICA က သိရသည်။
ဆက်စပ် ဖတ်ရှုရန် – ကုမ္ပဏီများ အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရမည်