မြန်မာနိုင်ငံ၏ စီးပွားရေးကို ပိုမိုထိုးဖောက်ရန်ကြိုးပမ်းမှုအသစ်အနေဖြင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံရင်းနှီးမြှပ်နှံမည့် မိုးပျံရထားလမ်းစီမံကိန်းတစ်ခုကို စီးပွားရေးမြို့တော်ရန်ကုန်တွင် အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက ကမ်းလှမ်းထားသည်။
China Railway Eryuan Engineering Group Co., Ltd (CREEC) သည် ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းလွှတ်တော် မီဒီယာခန်းမ၌ ဇန်နဝါရီလ ၁၄ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံ၍ ထိုစီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပြုစီမံကိန်းအရ CREEC သည် ၃၇.၉ ကီလိုမီတာရှည်ပြီး ဘူတာ ၂၄ ခုပါဝင်သော မိုးပျံရထားလမ်းကို ၂ နှစ်မှ ၃ နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်သည်။
ဒေါ်လာ ၁.၅ ဘီလီယံကုန်ကျမည်ဟု ခန့်မှန်းရသော ထိုစီမံကိန်းအတွက် CREEC က ငွေကြေးစိုက်ထုတ်မည် ဖြစ်သော်လည်း နှစ် ၅၀ လုပ်ပိုင်ခွင့် ရရှိရန် တောင်းဆိုသည်ဟု ထိုရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များက တိုင်းအတွင်း မဖြေရှင်းနိုင်သေးသည့် မြေယာသိမ်းဆည်းမှုပြဿနာများကို ထောက်ပြပြီး CREEC၏ လက်ရှိ ရှိပြီးသားမြို့ပတ်ရထားလမ်းအတိုင်း မသွားဘဲ သီးခြားလမ်းကြောင်းကို အပြင်ဘက်မှ ချဲ့ပြီးတည်ဆောက်မည့် အစီအစဉ်ကို သဘောမတူကြောင်း ပြောခဲ့သည်ဟု ပန်းဘဲတန်းမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ရန်ကုန်မြို့ပတ်ရထားလမ်းကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ အကူအညီဖြင့် အဆင့်မြှင့်တင်လျက် ရှိသည်။ ထိုသို့အဆင့်မြှင့်တင်ရာတွင် လမ်းတလျှောက်ရှိ ဘူတာရုံများ၊ ရထားလမ်းများနှင့် ရထားများကို အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်သည်။ ထိုစီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု တာဝန်ရှိသူများကမျှော်လင့်ကြသည်။ မြို့ပတ်ရထားလမ်းတွင် ခရီးသည် ၇၃၀၀၀ ခန့် နေ့စဉ်သွားလာနေသည်။
CREEC က၎င်းတို့အဆိုပြုသည့် မိုးပျံရထားလမ်းတည်ဆောက်မှုပြီးစီးပါက နေ့စဉ် လူ ၄ သိန်း ခန့် သယ်ယူပို့ဆောင်ပေးနိုင်မည်ဟု ဆိုသည်။ အဆိုပြုထားသည့် လမ်းကြောင်းတခုသည် ကြည့်မြင်တိုင်မှ မင်္ဂလာဒုံထိဖြစ်ပြီး အခြားလမ်းကြောင်းတခုသည် မြောက်ဥက္ကလာရှိ ကျောက်ရေတွင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖြစ်သည်ဟု ဦးသန်းနိုင်ဦးက ပြောသည်။
လွှတ်တော်သည် ယခင်ကလုပ်ကိုင်ခဲ့သည့် ရေရှည် စီမံကိန်းများကိုပင် ပြန်လည်သုံးသပ်နေသောကြောင့် လုပ်ကိုင်ခွင့် နှစ် ၅၀ ဟူသောအချက်ကို စဉ်းစားရမည်ဖြစ်ကြောင်း သူပြောသည်။
ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်လေ့လာရေးအဖွဲ ဥက္ကဌ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့် ရန်ကုန်တိုင်းလွှတ်တော် ဒုဥက္ကဌ ဦးလင်းနိုင်မြင့်တို့လည်း ထိုရှင်းလင်းပွဲသို့ တက်ရောက်သည်။
တိုင်းအစိုးရအနေဖြင့် ငွေကြေးစိုက်ထုတ်ရန် သို့မဟုတ် အကြွေးလည်း ရယူရန် မလိုသောကြောင့် အကြမ်းအားဖြင့် သဘောတူသည်ဟု ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောသည်။ သို့သော် စီမံကိန်းကို ခွင့်မပြုရသေးဘဲ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီနှင့် ပြည်ထောင်စုအစိုးရတို့သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဇန်နဝါရီလ ၁၄ ရက်နေ့က ရှင်းလင်းပွဲမပြုလုပ်မီ CREEC သည် ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းအတွင်း တိုင်းအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့သည်။
အခြားနိုင်ငံများမှ ကုမ္ပဏီများသည်လည်း မိုးပျံရထားလမ်းတည်ဆောက်ရေးကို စိတ်ဝင်စားကြကြောင်းနှင့် ၎င်းတို့၏ စီမံကိန်းများကို တိုင်းဝန်ကြီးချုပ်ထံ တင်ပြရန် ပြင်ဆင်နေကြောင်း သိရသည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကပြောသည်။
“ကျနော်တို့က ယှဉ်ပြိုင်မှုကိုကြိုဆိုတယ်။ တာဝန်ရှိသူတွေရော ကျနော်တို့အပါအဝင် ပြည်သူတွေအတွက် ဘယ်ဟာက အကောင်းဆုံးဖြစ်တယ်ဆိုတာ ရွေးချယ်လို့ရတာပေါ့” ဟုလည်း သူပြောသည်။
ပြီးခဲသည့် ၂၀၁၈ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဟောင်ကောင်စတော့အိတ်ချိန်း စာရင်းဝင် China Communications Construction Co. Ltd (CCCC) သည် ရန်ကုန်မြစ်အနောက်ဖက်ခြမ်းရှိ ရင်းနှီးမြှပ်နှံမှုကြီးသည့် ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်အတွက် အကြိုအဆိုပြုလွှာကို အပြီးသတ်တင်ပြထားသည်။