စီးပွားရေး

ထူးဆန်းသောအကောင်များနှင့်အတူ ကော်ဖီဆိုင် ထိုင်ခြင်း

Pet café ခေါ် အိမ်မွေးတိရိစ္ဆာန်များ ထားရှိပေးသည့် ကော်ဖီဆိုင် ယဉ်ကျေးမှုက ရန်ကုန်မြို့တွင် ပြီးခဲ့သည့်နှစ်များအတွင်း လူကြိုက် ပိုများလာခဲ့သော်လည်း ယခုချိန်အထိ ကြောင်နှင့် ခွေးများထားသည့် ကော်ဖီဆိုင် အနည်းငယ်သာ ရှိသေးသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့်က စပါးအုံးမြွေများ၊ဖားများ၊ ပုတက်များနှင့် အခြားသော ထူးခြားသည့် သတ္တဝါ များကဲ့သို့သော ပုံမှန်တွေ့နေကျမဟုတ်သည့် အိမ်မွေး တိရိစ္ဆာန်များထားသော Pet café အသစ်တခု ရှိကြောင်း ကျမ၏ သူငယ်ချင်းများထံမှ ကြားသိရပါသည်။ သို့သော်လည်း ချစ်စရာ အကောင်းဆုံး သတ္တဝါငယ်လေးများ ဖြစ်သည့် fennec foxes (အာဖရိကမှ နားရွက်ရှည် မြေခွေးငယ်လေးများ) က အဆိုပါ ကော်ဖီဆိုင်သို့ ချက်ချင်းသွားချင်လာရသည့် အဓိက အကြောင်းရင်းဖြစ်ပါသည်။

ရှားပါး ခေါင်းကြီး စပါးအုံး/ အောင်ကျော်ထက်

Lizzo and Mammo ဟုခေါ်သည့် ထူးဆန်းသတ္တဝါများရှိသော Pet café က ကန်တော်ကြီး ဥယျာဉ်၊ ကရဝိတ်ဝင်ပေါက် အနီး ကန်တော်ကြီး မျှော်စင်ကျွန်းပေါ်တွင် တည်ရှိပါသည်။ ကော်ဖီဆိုင်ငယ်လေးကို သစ်ရိပ်ဝါးရိပ်များဖြင့် ဝိုင်းရံထားပြီး ဆိုင်အပြင်ဘက်တွင် ကော်ဖီ စားပွဲအချို့ ရှိသည်။ အတွင်းဘက်တွင် မိန်းကလေးငယ်အချို့က မြန်မာစပါးအုံးမြွေများ၊ ဖွတ် များနှင့် ဆိုင်တွင် ချစ်စရာအကောင်းဆုံး ကြောင်တို့ကို ပွေ့ပိုက်ရင်း အလုပ်များနေကြသည်။

ရှည်လျားသည့် အဝါရောင် မြန်မာ စပါးအုံးမြွေကို သူ၏ လည်တိုင်ပတ်လည်တွင် ရစ်ပတ်ထားရင်း Sarah ဟု အမည်ရ သည့် အဆိုပါမြွေကို ပွေ့ပိုက်ထားသည့် မိန်းကလေးငယ်က ပြုံးနေ၏။ သူ၏ လက်များ၏ နူးညံ့သော ထိတွေ့မှုမှတဆင့် သူ၏ အချစ်ကို မြွေက ခံစား၍ ရနေသည့် အသွင်ရှိသည်။ မိန်းကလေး၏ ပုခုံးနှင့် လက်များပေါ်တွင် ကနေသလို ထင်ရသည်။

အဝါရောင် စပါးအုံး ဆာရာနှင့် တွဲဖက် ဓာတ်ပုံရိုက်သူ/ အောင်ကျော်ထက်

Lizzo and Mammo ကို ဒီဇင်ဘာလကုန်ပိုင်းတွင်မှ စတင် ဖွင့်လှစ်ခဲ့ပါသည်။ ဆိုင်ကို ပူးတွဲ တည်ထောင်သူ ကိုမြတ်စည်သူအောင်က တိရိစ္ဆာန်များ အားလုံးကို ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။

“ဒီဆိုင်ကို မဖွင့်ခင်က ကျနော့်သူငယ်ချင်းနဲ့ ကျနော့်မှာ ထူးဆန်းတဲ့ အကောင်တချို့ ရှိခဲ့တယ်။ တချို့ လူ တွေက သူတို့ကို ကြောက်ကြတယ်။ မထိရဲကြဘူး။ တကယ်တော့ သူတို့က ချစ်ဖို့ ကောင်းပါတယ်။ လူတွေကို တိုက်ခိုက်ဖို့ သူတို့မှာ ရည်ရွယ်ချက်မရှိပါဘူး။ တချို့ကတော့ သိကြပါတယ်။ ဒါကြောင့် ကျနော်က ဒီအသိပညာနဲ့ အတွေ့အကြုံကို လူအများအပြားအတွက် ဝေမျှချင်ပါတယ်” ဟု သူက ပြောသည်။

ရွှေထူး အမည်ပေး ဝဝကစ်ကစ် ချစ်စရာ ရှဉ့်ကလေး/ အောင်ကျော်ထက်

“ဒါကြောင့် Lizzo and Mammo က ထူးခြားတဲ့ အိမ်မွေးတိရိစ္ဆာန်မျိုးစိတ် အမျိုးမျိုးနဲ့ အတူ အခု ဒီမှာ ရှိနေတာ ဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။

“Lizzo ဆိုတာက ပုတက်တွေကို ကိုယ်စားပါတယ်။ Mammo ကတော့ နို့တိုက် သတ္တဝါတိုင်းကို ရည်ညွှန်းပါတယ်။ ဆိုင်မှာ ၂ မျိုးလုံး ရှိပါတယ်။ Lizzo and Mammo က ခင်ဗျား ကော်ဖီ သို့ မဟုတ် အအေးတခွက် သောက်နိုင်တဲ့၊ အားလပ်ချိန်တွေကို အသုံးချနိုင်တဲ့၊ ကွဲပြားခြားနားတဲ့ တိရိစ္ဆာန် မျိုးစိတ် ၂၀ နီးပါးနဲ့ ကစားနိုင်တဲ့ နေရာတခု ဖြစ်ပါတယ်။”

ရှားပါး ဖွတ်များ၊ ပုတတ်များကိုလည်း တွေ့ရသည်/ အောင်ကျော်ထက်

ဆိုင်တွင် ရှိသော တိရိစ္ဆာန်များမှာ ဖွတ်များ၊ လိပ်များ၊ bearded dragon(ပုတ်သင် မျိုးစိတ်တမျိုး)၊ မြွေများ၊ ပုတက်များနှင့် တောက်တဲ့များ အပါအဝင် တွားသွားသတ္တဝါများ ဖြစ်ကြသည်။ သူတို့တွင် ဖားများ၊ ဝဝဖောင်းဖောင်းနှင့် တက်ကြွလှုပ်ရှား နေသော ရှဉ့်တကောင်၊ အမွှေးဖွားဖွားနှင့် ကြောင်များ၊ ကြက်တူရွေးကဲ့သို့သော အရောင်စုံသည့် ငှက်များလည်း ရှိသည်။

ရှားပါး ဖွတ်များ၊ ပုတတ်များကိုလည်း တွေ့ရသည်/ အောင်ကျော်ထက်

Lizzo and Mammo ကော်ဖီဆိုင်က ကျင့်ဝတ်နှင့် ကိုက်ညီခြင်း ရှိ/မရှိ မေးခွန်းများ မြင့်တက်လာခြင်းက အံ့အားသင့်စရာ တခု မဟုတ်ပါ။

“ကျနော်တို့က ဒီဆိုင်ကို ဖွင့်မယ်လို့ ကြေညာတော့ လူအများစုက ကျနော်တို့ကို နားလည်မှု လွဲကြတယ်။ ကျနော်တို့က ဒီ တိရိစ္ဆာန်လေးတွေကို အသုံးပြုပြီးတော့ ကော်ဖီတွေ ကိတ်မုန့်တွေ ရောင်းချင်တယ်လို့ သူတို့က ထင်ခဲ့ကြတယ်။ အဲဒါက လုံးဝကို မှားယွင်းပါတယ်။ ကျနော်တို့က ဒီ ထူးခြားတဲ့ အကောင်လေးတွေကလည်း ကြောင်တွေ ခွေးတွေလိုပဲ ချစ်စရာ ကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေပါ ဆိုတဲ့ အသိကို ဝေမျှချင်တာ သက်သက်ပါ။ ကော်ဖီဆိုင်ကို ပြည့်စုံစေဖို့ အတွက် ကျနော်တို့က ကော်ဖီနဲ့ တခြားမုန့်တွေ ထပ်ဖြည့်ခဲ့ပါတယ်” ဟု ကိုမြတ်စည်သူအောင်က ပြောသည်။

ရှားပါး ဖွတ်များ၊ ပုတတ်များကိုလည်း တွေ့ရသည်/ အောင်ကျော်ထက်

မြန်မာ စပါးအုံးမြွေမလေး Sarah က ထိုဆိုင်တွင် ထင်ရှားသည်။ သူ့ကို ကြည့်ရန် အတွက် လူအများအပြားက ထပ်ခါ၊ ထပ်ခါ လာရောက်ခဲ့ကြသည်ဟု သူက ပြောသည်။

“လူတွေက ပျော်တတ်တဲ့ ရွှေထူး(အကောင်ထွားသည့် ရှဉ့်ကလေး) နဲ့ အမွေးပွကြောင် Jack နဲ့ လှပတဲ့ ကြက်တောလေး Amanda တို့ကို ချစ်ကြတယ်။ ကျနော်တို့မှာ တွားသွားသတ္တဝါတွေ ပိုများတယ်။ ဒါကြောင့် ဧည့်သည် အများစုက တွားသွား သတ္တဝါ ချစ်သူတွေ ဖြစ်ကြပါတယ်” ဟု သူက ပြောသည်။

Lizzo and Mammo က လူကြိုက်များတဲ့ ပါရှန်းကြောင်/ အောင်ကျော်ထက်

“သူတို့ကို ကြည့်တဲ့အခါ သူတို့ပုံစံက နည်းနည်း ကြောက်စရာ ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမယ့် သူတို့က အလွန် နူးညံ့တဲ့ သတ္တဝါတွေပါ။”

Lizzo and Mammo က တိရိစ္ဆာန်များကို ထိတွေ့လိုသော၊ ကစားလိုသော ဓာတ်ပုံတွဲရိုက်လိုသူများထံမှ ဝင်ကြေး အဖြစ် ၅၀၀၀ ကျပ် ကောက်ခံပါသည်။

မေရီ အမည်ပေး မီးခိုးရောင် အာဖရိက ကြက်တူရွေး/ အောင်ကျော်ထက်

“တကယ်လို့ ဖောက်သည်တွေက ကော်ဖီသောက်ဖို့ မုန့်စားဖို့ လာတာဆိုရင် သူတို့က ဝင်ကြေးပေးစရာ မလိုပါဘူး။ တချို့ သူငယ်ချင်းအဖွဲ့တွေထဲမှာ တိရိစ္ဆာန်တွေကို ထိတွေ့ရမှာ ကြောက်တဲ့သူတွေ ပါပါတယ်။ အဲဒါဆိုရင် သူတို့အနေနဲ့ ကော်ဖီ ဆိုင်ရဲ့ တခြားဘက်ခြမ်းမှာ တခုခုသောက်ရင်း စောင့်ဆိုင်းနိုင်ပါတယ်” ဟု ကိုမြတ်စည်သူအောင်က ပြောသည်။

“ကျနော်က ဆိုင်ကို ဧည့်သည်တွေ အတွက်ရော ကျနော်တို့ရဲ့ တိရိစ္ဆာန်တွေ အတွက်ရော သဘာဝကျအောင် ပြင်ဆင် ထားပါတယ်။ ဖောက်သည်တွေအနေနဲ့ အနားယူနိုင်ပါတယ်။ စားသောက်နိုင်ပါတယ်။ ကျနော်တို့မှာ ရှိတဲ့ ကွဲပြားတဲ့ မျိုးစိတ်တွေကို လေ့လာနိုင်ပါတယ်” ဟု သူက ပြောသည်။

လက်ကို မြန်မြန်ဆေး၍ ဆိုင်က ထုတ်ပေးသည့် ညှပ်ဖိနပ်များ ပြောင်းစီးပြီးသည့်အခါ ဧည့်သည်များကို ဆိုင်၏ အဓိက အပိုင်းအတွင်းသို့ ဝင်ခွင့် ပြုသည်။ တိရိစ္ဆာန်များနှင့် ကစားရန် အခွင့်အရေး ရသည်။

အစိမ်းရောင် ဖား/ အောင်ကျော်ထက်

ဆိုင်တွင် တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူများ ရှိပြီး သူတို့က ဧည့်သည်များ တောင်းဆိုသည့် တိရိစ္ဆာန်များကို ယူဆောင်ပေးသည်။ တိရိစ္ဆာန်အများစုကို သူတို့ တမျိုးချင်းစီအလိုက် လိုအပ်သည့် ရာသီဥတု ဖြစ်အောင် ပိုင်ရှင်က ဖန် တီးပေးထားသည့် မှန်သားကန် တခုအတွင်းတွင် ထည့်သွင်းထားသည်။

“တိရိစ္ဆာန်တွေလည်း စိတ်ဖိစီးမှု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က သူတို့ကို တချိန်လုံး ထိတွေ့ခွင့် ပြုမထားပါ ဘူး။ ကျနော်တို့မှာ အချိန် အကန့်အသတ်ထားပါတယ်” ဟု ကိုမြတ်စည်သူအောင်က ပြောသည်။

Lizzo and Mammo မှာ ရတဲ့ ကိတ်မုန့်တွေ/ အောင်ကျော်ထက်

နားရွက်ရှည်မြေခွေးများနှင့် လိပ်များကို သီတင်းပတ်ကုန်ရက်များတွင်သာ ကြည့်ခွင့် ပေးထားသည်။ အခြားတွားသွား သတ္တဝါများမှာလည်း ဧည့်သည်များနှင့် ထိတွေ့ဆက်ဆံမှုကို အချိန်အကန့်အသတ်ဖြင့် ထားရှိသည်။

Lizzo and Mammo မှ အစားအသောက်များ၏ ဈေးနှုန်းက ၂၀၀၀ မှ ၅၀၀၀ ကျပ်အတွင်း ရှိပြီး ကော်ဖီ၏ အရသာက ကောင်းမွန်ပါသည်။ ဆိုင်အပြင်ဘက်တွင် လှပသော ငှက်အများအပြားနှင့် ဖွတ်များ ထည့်သွင်းထားသည့် လှောင်အိမ် ရှိပါသည်။

ရန်ကုန် ကန်တော်ကြီးမှာ ရှိတဲ့ Lizzo and Mammo ကော်ဖီဆိုင်/ အောင်ကျော်ထက်

တိရိစ္ဆာန်ချစ်သူ တယောက်အနေဖြင့် ကိုမြတ်စည်သူအောင်က မြို့တော်တွင် နေထိုင်သူများကို တိရိစ္ဆာန်များနှင့် အနီးကပ် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့စေချင်သည်။ အဆိုပါ တိရိစ္ဆာန်များသည် အန္တရယ်မရှိကြောင်း ပြည်သူများကို သိစေချင်သည်။

Lizzo and Mammo ကို နေ့စဉ် မနက် ၁၁ နာရီမှ ည ၁၀နာရီ အထိ ဖွင့်လှစ်ထားပြီး ဗုဒ္ဓဟူးနေ့တိုင်း ဆိုင်ပိတ်ပါသည်။

( Lwin Mar Htun ၏ A Lunch Date with Exotic Pets  ကို ဘာသာပြန်ဆိုသည်။)

Loading