၂၀၂၀ ပြည့်နှစ်တွင် ကုန်ထုတ်လုပ်ရေး ဗဟိုချက်ဖြစ်ရန် အစိုးရ၏ ရည်မှန်းချက်နှင့်အညီ ဗီယက်နမ် ကုမ္ပဏီများသည် နယ်ပယ်သစ်များတွင် လုပ်ငန်းခွဲများ ထူထောင်လာကြသည်။
အိမ်ခြံမြေ လုပ်ငန်းစုကြီးဖြစ်သော Vingroup သည် လျှပ်စစ်ဆိုင်ကယ်များနှင့် စမတ်ဖုန်းများကို စတင် ထုတ်လုပ်နေပြီဖြစ်ပြီး ကားလုပ်ငန်းသို့ ဇွန်လတွင် စတင်ဝင်ရောက်ရန် စီစဉ်ထားသည်။
Vingroup ၏ လုပ်ငန်းခွဲဖြစ်သော VinFast သည် လျှပ်စစ်ဆိုင်ကယ်များကို နိုဝင်ဘာလက စတင်ထုတ်လုပ်ခဲ့သည်။ အီတလီမှ Vespa မိုဖြင့် ပုံစံထုတ်ထားသည့် Klara သည် ပုံစံကျလှပြီး ထုတ်လုပ်မှုကောင်းသည့် တခါအားသွင်းထားလျှင် ကီလိုမီတာ ၈၀ မောင်းနိုင်သော ဆိုင်ကယ်ဖြစ်သည်။
တခြားသော ဗီယက်နမ်ထုတ်ကုန်များကဲ့သို့ပင် Klara သည်လည်း ပြည်ပမှ စက်ပစ္စည်း အစိတ်အပိုင်းများနှင့် နည်းပညာများကို အကြီးအကျယ်မှီခိုနေရသည်။ BMW, Robert Bosch နှင့် Siemens ကဲ့သို့သော ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် Vingroup အနေဖြင့် မော်တော်ယာဉ်ဈေးကွက်သို့ ဝင်ရောက်မည်ဟု ကြေညာပြီး တနှစ်ကျော်အတွင်း Klara ကို ဈေးကွက်အတွင်းသို့ ပို့ဆောင်စေနိုင်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံအနေဖြင့် စက်မှုအင်အားကြီးနိုင်ငံ အဆင့်သို့ မတက်လှမ်းနိုင်မီ လုပ်ဆောင်ရမည့် ရှည်လျားလှသည့် ခရီးကို ထင်ဟပ်နေသည်။
ဥရောပမှ စီးပွားရေးလုပ်ငန်း ၂၀ သည် Vingroup ကို ဆိုင်ကယ်များ ထုတ်လုပ်ရန် ကူညီနေပြီး ဂျာမန်အင်ဂျင်နီယာ ၂၀၀ ခန့်သည် မြောက်ပိုင်းမြို့ကြီးဖြစ်သော ဟိုင်ဖောင်ရှိ Vingroup ၏ စက်ရုံတွင် လုပ်ကိုင်နေကြသည်။ ထိုကုမ္ပဏီက ဇွန်လတွင် စတင်ထုတ်လုပ်မည့် ဗီယက်နမ်လုပ် ပထမဆုံးကားအတွက် မည်ကဲ့သို့သော ပြင်ပအကူအညီများ ပါဝင်မည်ကို Klara က တစေ့တစောင်း ပြသနေသည်။
ထိုကုမ္ပဏီက ထုတ်လုပ်သော ကားတချို့သည် ဂျာမနီမှ Opel က ထုတ်လုပ်သည့် ကားငယ်များကို အခြေခံပြီး အနောက်နိုင်ငံများက ထုတ်လုပ်သည့် ကိုယ်ထည်အောက်ခံကို အသုံးပြုသည်ဟု ပြည်တွင်းမီဒီယာများ၏ အဆိုအရသိရသည်။ Ferrari နှင့် တခြား ဥရောပ တန်ဖိုးမြင့်ကားများအတွက် လုပ်ဆောင်ပေးနေသော အီတလီ ဒီဇိုင်း စတူဒီယို တခုသည် VinFast အတွက် ကားဒီဇိုင်းများ ထုတ်လုပ်ရာတွင် တာဝန်ခံဖြစ်သည်။
သို့သော် ဗီယက်နမ်နိုင်ငံတွင် ကားထုတ်လုပ်ရေး အထောက်အကူပြု ထုတ်လုပ်ရေး လုပ်ငန်းမရှိသောကြောင့် စက်ပစ္စည်း အစိတ်အပိုင်း အများစုကို ပြည်ပမှ တင်သွင်းရသည်။
Vingroup ၏ စမတ်ဖုန်း ထုတ်လုပ်သော လုပ်ငန်းတွင်လည်း ပြည်ပမှ ထုတ်လုပ်သူများက အကြီးအကျယ် ကူညီခဲ့ရသည်။
ဗီယက်နမ်လုပ် Bphone 3 များ ထုတ်လုပ်သည့် Bkav သည် ယှဉ်ပြိုင်နိုင်သော ဈေးနှုန်းများဖြင့် ၎င်း၏ ဈေးကွက်ကို တိုးချဲ့ရန် ကြိုးစားနေသည်။
ထိုလုပ်ငန်းစုသည် Vsmart မိုဒယ်များ ထုတ်လုပ်ရန် စပိန်မှ BQ နှင့် ပူးပေါင်းထားပြီး ၎င်း၏ စမတ်ဖုန်းစက်ရုံသည် ဟိုင်ဖောင်တွင် စတင် လည်ပတ်နေပြီဖြစ်သည်။
Vingroup ကမူ ၎င်း၏ စမတ်ဖုန်းလုပ်ငန်းအတွက် Qualcomm နှင့် Google ထံမှ အကူအညီ တောင်းထားသည်။
ဗီယက်နမ်၏ ပထမဆုံး ပြည်တွင်းထုတ် စမတ်ဖုန်းဖြစ်သည့် Bphone ကို ၂၀၁၅ ခုနှစ်တွင် ဆော့ဖ်ဝဲလုပ်ငန်း Bkav က ၂၀၁၅ ခုနှစ်တွင် စတင်ထုတ်လုပ်ပြီး အဓိကအားဖြင့် ပြည်ပမှ တင်သွင်းသော အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည်။ ဥပမာ ဆိုရပါက ၎င်း၏ liquid crystal မျက်နှာပြင်မှာ Sharp မှဖြစ်ပြီး ချစ်ပ်များမှာ Qualcomm မှဖြစ်သည်။
အောက်တိုဘာလတွင် Bkav သည် တတိယမျိုးဆက် Bphone ကို ဈေးကွက်တင်ခဲ့သည်။
Mazda Motor နှင့် Kia Motors တို့အတွက် ကန်ထရိုက်ဖြင့် ထုတ်လုပ်ပေးနေသည့် Thaco ဟုလည်း သိကြသော Truong Hai Automobile ကားလုပ်ငန်းသည် ဗီယက်နမ်လုပ် လယ်ယာသုံး စက်ယန္တရားများကို ၂၀၁၈ ခုနှစ်တွင် စတင် ထုတ်လုပ်သည်။ တောင်ကိုရီးယားနိုင်ငံမှ LS Mtron နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်နေသော ထိုကုမ္ပဏီသည်လည်း ပြည်ပမှတင်သွင်းသော အစိတ်အပိုင်များကို အများစု အသုံးပြုနေရသည်ဟု သတင်းများကဆိုသည်။
ဗီယက်နမ်အစိုးရသည် ပြည်တွင်းထုတ်လုပ်သူ အဝန်းအဝိုင်း တခုကို တည်ဆောက်ရန် ကြိုးစားနေပြီး ပြည်တွင်း ထုတ်ကုန်များ ရောင်းချခြင်းသည် ပြည်တွင်းလုပ်ငန်းများကို နည်းပညာ အဆင့်တက်စေကာ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်နေသည်။
ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရန် အစိုးရ၏ အားထုတ်မှုတွင် ပူးပေါင်းဆောင်ရွက်နေသော Vingroup နှင့် တခြား ကုမ္ပဏီများကို အခွန်နှင့် တခြားမက်လုံးများ ပေးထားသည်ဟု ယူဆရသည်။
သို့သော် ထိုနည်းလမ်း၏ ရေရှည်တည်တံ့မှုကို သုတေသီများက မေးခွန်းထုန်နေကြသည်။
“ဗီယက်နမ်နိုင်ငံ အနေနဲ့ လုပ်ဆောင်ရမှာက ကြီးမားတဲ့ ကုမ္ပဏီကြီးတွေကို မက်လုံးတွေမပေးဘဲ အသေးစားအလတ်စား ကုမ္ပဏီ ရေရှည် တိုးတက်ရေးအတွက် နည်းပညာလွှဲပြောင်းရယူမှုကို အရှိန်မြှင့်တင်ဖို့ဖြစ်တယ်” ဟု ဟနွိုင်း အခြေစိုက် ဂျပန်အတိုင်ပင်ခံ တဦးက ပြောသည်။
ထို့အပြင် “ဗီယက်နမ်တွင် လုပ်သည်” ဟူသောတံဆိပ်သည် စားသုံးသူများကို ဖမ်းစားနိုင်ခြင်း မရှိသေးကြောင်း အာရှပစိဖိတ် သုတေသန ဌာနမှ ကောင်းသီခန်း ငူယက်က ပြောပြီး ထုတ်လုပ်သူများအနေဖြင့် ဈေးကွက်တွင် အခိုင်အမာ ရပ်တည်နိုင်ရေး အတွက် ဒီဇိုင်းကောင်းသော ကုန်အမှတ်တံဆိပ် သေနင်္ဂဗျူဟာ လိုသည်ဟုလည်း ဆိုသည်။
ဗီယက်နမ်တွင် ထုတ်လုပ်ရေးစက်ရုံကြီး ၂ ရုံရှိသော ဆမ်ဆောင်း အီလက်ထရွန်းနစ်သည် စမတ်ဖုန်းဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည်။ သုံးစွဲသူများက အစားအစာနှင့် နေစဉ်သုံးကုန်များနှင့် ပတ်သက်လျှင် ဂျပန်၊ ထိုင်းနှင့် တောင်ကိုရီးယား ထုတ်ကုန်များကို ရွေးချယ်ကြသည်။
ထွန်းသစ်စဈေးကွက်များမှ ကုန်ထုတ်လုပ်သူများသည် ၎င်းတို့၏ တိုးတက်မှုနှင့်ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုအတွက် ပြည်ပ အင်အားကြီး လုပ်ငန်းများမှ အကူအညီကို အားကိုးနေရသည်။
ယေဘုယျ ဆိုရလျှင် စက်မှုလုပ်ငန်းများသည် လုံလောက်သော ကျွမ်းကျင်မှုရရှိပြီး မှီခိုအားထားလောက်သော ပြည်တွင်း ပံ့ပိုး ကုန်ထုတ်သူများ ကွန်ရက်တည်ဆောက်ပြီးမှသာလျှင် ပြည်တွင်းထုတ်လုပ်ရေးသို့ ကူးပြောင်းလေ့ရှိကြသည်။
၂၀၂၀ တွင် ပြီးပြည့်စုံသော ပြည်တွင်းထုတ်လုပ်မှု ထူထောင်ရန် ဗီယက်နမ်က တွန်းအားပေးခြင်းသည် ရည်မှန်းချက် လွန်စွာ မြင့်မားနေခြင်းဖြစ်သည်ဟု တချို့သော သုတေသီများက ပြောသည်။ သို့သော် ထိုစီမံကိန်းကို လုပ်ကိုင်နေသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။
အာဏာရ ကွန်မြူနစ်ပါတီက ၁၉၉၆ ခုနှစ်တွင် ကျင်းပသည့် အမျိုးသားကွန်ဂရက်တွင် ၂၀၂၀ ရည်မှန်းချက်ကို စတင် ချမှတ်ခဲ့သည်။ ထို အစီအစဉ်ကို စွန့်လွှတ်ရမည်ဟု မှန်းဆမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိသော်လည်း ဆယ်စုနှစ် ၂ ခု ကြာသောအခါ ပါတီက နိုင်ငံကို ခေတ်မီစက်မှုနိုင်ငံဖြစ်စေမည့် ထိုရည်မှန်းချက်ကို ထပ်မံအတည်ပြုသည်။
Vingroup သည် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းသို့ ဝင်ရောက်မည့် အစီအစဉ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာသည်။ ထိုနေ့သည့် ဟိုချီမင်းက ၁၉၄၅ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာသည်ကို အထိမ်းအမှတ် ပြုသည့် အမျိုးသားနေ့ ဖြစ်နေသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။
ကိုးကား ။ ။ Nikkei Asian Review မှ From bikes to phones, ‘Made in Vietnam’ grows with foreign help