မြန်မာနိုင်ငံတောင်ပိုင်း၌ ခရီးသွားလုပ်ငန်း ဖွံဖြိုးလာချိန်တွင် တနင်္သာရီတိုင်း မြိတ်ဒေသခံများက ခရီးသွားလုပ်ငန်း၏ ကွက်လပ်များကို ဖြည့်ဆည်းခြင်းအားဖြင့် အကျိုးအမြတ် ရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေလာကြသည်။ ဒေသတွင်းခရီးသွား ကုမ္ပဏီ ၄၀ ခန့်ထဲမှ တခုအပါအဝင်ဖြစ်သည့် Mergui Dolphins ၏ မန်နေးဂျင်း ဒါရိုက်တာ ကိုသိန်းဇော်မင်း က စပိဒ်ဘုတ် ဆောက်လုပ်သည့် အလုပ်ရုံတခုကို ဖွင့်လှစ်ထားပြီး ခရီးသွားလုပ်ငန်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပြင်နေသည်ကို တွေ့ရသည်။
သဘာဝအတိုင်းရှိနေသည့် ကျွန်းပေါင်း ၈၀၀ ကျော်ရှိရာ မြိတ်ကျွန်းစုသို့ ပြည်တွင်းနှင့် ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု တိုးလာသည်နှင့် အမျှ ၂၀၁၅ ခုနှစ်မှ စ၍ မြိတ်ကျွန်းစုဒေသတွင် ခရီးသွားလုပ်ငန်း အေဂျင်စီ အရေအတွက်ကလည်း တိုးလာခဲ့သည်။
အတွေ့အကြုံရှိသည့် အင်ဂျင်နီယာများနှင့် လှေတည်ဆောက်သူများ၏ အကူအညီဖြင့် သူ့ကိုယ်ပိုင်ဒီဇိုင်းထုတ် ဖန်တီးထားသည့် သူ၏ စပိဒ်ဘုတ်သစ်များက လက်ရှိအချိန်တွင် ခရီးသည်များကို ကျွန်းများသို့ ပို့ဆောင်ပေးရန် လုပ်ငန်းရှင်များ အသုံး ပြုနေကြသည့် တပတ်ရစ်လှေများ၏ နေရာတွင် တဖြည်းဖြည်းချင်း အစားထိုးနိုင်လိမ့်မည်ဟု အသက် ၃၈ နှစ်အရွယ် ကိုသိန်းဇော်မင်းက ယုံကြည်ထားသည်။
သူက ၂၀၁၆ ခုနှစ်မှစ၍ လှေဟောင်းများကို ပြင်ဆင်ခြင်းအပြင် လှေငယ်လေးများ ကိုယ်တိုင်တည်ဆောက်ခဲ့သည်။ သူ၏ ပထမဆုံး ကြိုးစားမှုမှာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးခရီးအတွက် သစ်သား လူစီးလှေတခု တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် မိတ်ဆွေများ၏ တိုက်တွန်းအားပေးမှုများရခဲ့ပြီးနောက် ခရီးသွားလုပ်ငန်း လောကအတွင်းသို့ သူ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။
သူ၏ ၁၈ ပေရှည်သော ဖိုင်ဘာလှေများ (ပေ ၂၀ အရှည် ငါးဖမ်းလှေများအပါအဝင်) က ပြည်တွင်းဖြစ် သစ်သား ငါးဖမ်း လှေများထက် ဈေးပိုသည်။ သို့သော်လည်း သစ်အမျိုးအစားကို လိုက်၍ ၃ နှစ်မှ ၄ နှစ် သာ ခံသည့် သစ်သားလှေများနှင့် နှိုင်းယှဉ်လျှင် ဖိုင်ဘာလှေများက နှစ် ၃၀ နီးပါး ကြာရှည်ခံနိုင်သည်ဟု ကိုသိန်းဇော်မင်းက ရှင်းပြသည်။
ပြီးခဲ့သည့် နှစ်က သူ၏ ပထမဆုံးသော၂၇ ပေရှည်သည့် စပိဒ်ဘုတ် တစင်းကို စတင်တည်ဆောက်ခဲ့ပြီး ထိုလှေပြီးစီးပါက အသစ်ထပ်တည်ဆောက်ရန်လည်း ကိုသိန်းဇော်မင်းက စီစဉ်ထားသည်။
ကိုယ်ပိုင်လှေ အသစ်များထုတ်လုပ်ခြင်းက အဟောင်းများကို ပြန်လည် ပြင်ဆင်ခြင်းထက် ကုန်ကျ စရိတ်အရ ပိုမိုသက်သာသည်။ “ကျနော်တို့က ထိုင်းနိုင်ငံက တပတ်ရစ်လှေတွေကို ပုံသေဈေးနှုန်းတွေနဲ့ ဝယ်ရတယ်။ ကျနော်တို့မှာ ရွေးချယ်ခွင့်မရှိဘူး။ ဒီဈေးဆို ဒီဈေးပဲ။ ပြီးတော့ အကောက်ခွန်ရုံးကို ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရတယ်။ အဟောင်းဆိုတော့ ပြင်ရတာ များတယ်။ အချိန်ယူ ရတယ်။ ဒီမှာလုပ်ရင် ပိုအဆင်ပြေမယ်။ ဒေသလိုအပ်ချက်ပြည့်မယ်။ ကိုယ်တိုင်လုပ်ဖို့ ကျနော် ဆုံးဖြတ်ခဲ့တယ်။ အဲဒါမှလဲ ကျနော်တို့ လှေသစ်တွေကို ပိုသက်သာတဲ့ ဈေးနှုန်းနဲ့ အသုံးပြုနိုင်မယ်” ဟု သူက ဧရာဝတီသို့ ရှင်းပြသည်။
ရန်ကုန်မှ မိတ်ဆွေများနှင့် အင်ဂျင်နီယာများ နှင့် ဒေသခံ လှေတည်ဆောက်မှု ကျွမ်းကျင်သူများက ကိုသိန်းဇော်မင်း၏ အိပ်မက် အကောင်အထည်ပေါ်လာရန် ကူညီခဲ့ကြသည်။
လှေများပြုလုပ်ရန် နိုင်ငံခြားမှ တင်သွင်းသည့် ဖိုင်ဘာမျှင်များ အသုံးပြုသည်။ ဖိုင်ဘာလှေ ပြုလုပ်ရခြင်းမှာ သစ်သား ရှားပါးလာခြင်းကြောင့် တစိတ်တပိုင်းပါဝင်သည်ဟု သူက ပြောသည်။
“ပစ္စည်းအားလုံးနဲ့ အင်ဂျင်စက်တွေကို ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံက ဝယ်ယူပါတယ်။ ကျနော်တို့က ပစ္စည်းကောင်းတွေသုံးတဲ့ အတွက် ကျနော်တို့ရဲ့ အပြီးသတ် ထုတ်ကုန်တွေကလည်း အရည်အသွေးမြင့်ပါတယ်” ဟု ထားဝယ်မြို့မှ လှေတည်ဆောက်ရာတွင် ကျွမ်းကျင်သည့် ဦးစိုးက ပြောသည်။ သူက ထိုင်းနိုင်ငံမှ ငါးဖမ်းလုပ်ငန်းတွင် ရွှေ့ပြောင်းအလုပ်သမားတဦးအဖြစ် ဆယ်စု နှစ် ၂ ခုနီးပါး လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ယခုအခါ speedboat (အမြန်ရေယာဉ်) တည်ဆောက်သည့် အဖွဲ့ကို ဦးဆောင်နေသည်။
လှေများနှင့် လှေဒီဇိုင်းရေးဆွဲခြင်း အပေါ် ကိုသိန်းဇော်မင်း၏ စိတ်ဝင်စားမှုက သူ့ကို လက်ရှိစီးပွားရေးလုပ်ငန်းအား တည်ထောင်ဖြစ်သွားစေခဲ့သည်။ သို့သော်လည်း အရင်းအနှီးနည်းပါးခြင်းက သူ၏ အားထုတ်မှုများ၏ အတိုင်းအတာကို အကန့် အသတ်ဖြစ်စေခဲ့သည်။
“ကျနော်တို့မှာ အရင်းအနှီးက အကန့်အသတ်ရှိတယ်။ တကယ်လို့ ဖြစ်နိုင်ရင် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အတွက် ချေးငွေ အစိုးရဆီက ရနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု သူက ထပ်ပြောသည်။
ကိုသိန်းဇော်မင်း၏ ၂၇ ပေရှည်သော ပထမဆုံး စပိဒ်ဘုတ်ကို ကျပ် သိန်း ၃၅၀ ဖြင့် ရောင်းချမည်ဟု သိရသည်။ လိုင်စင် အပါအဝင် ဖြစ်သည်။ အကယ်၍ ဝယ်သူမရှိလျှင် သူ့ကုမ္ပဏီအတွက် အသုံးပြုသွားမည်၊ ထပ်၍လည်း ပြုလုပ်သွားဦးမည်ဟု ၎င်းကဆိုသည်။
( Nyein Nyein ၏ Boat Builder Floats New Business to Tap Island Tourism Boom ကို ဘာသာပြန်သည်။)