မြန်မာ့ ဆန်လုံးရှည်ကို ဥရောပ သမဂ္ဂ (EU)က အခွန် ပြန်လည် ကောက်ယူခြင်းနှင့် မူဆယ်-တရုတ် နယ်စပ်မှ ဆန်အဝယ် နည်းနေခြင်း တို့ကြောင့် ဈေးကွက် ပျောက်၍ ဆန်ကြမ်း (ရှယ်စ)များ ဈေးလျှော့ ရောင်းနေရကြောင်း ပြည်တွင်း ဆန်ကုန် သည် များထံမှ သိရသည်။
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက“အခု လက်ရှိက ၂၅ မှတ်တန် ဆန်တွေတော့ အဝယ်လိုက် နေ တယ်။ တအိတ် ၁၉၁၀၀ ကျပ် လောက် ရှိတယ်။ တရုတ်ဘက်က ရောင်းတော့ ရောင်းရတယ်။ EU ဈေးကွက် အခွန် ပြန်ကောက်တော့ အဲဒီလည်း မထွက်ဘူး။ ဒီတော့ ဈေးကွက် ယှဉ်ပြိုင်မှု မရှိဘဲ တရုတ်သမားက ဈေးချ ဝယ်တာပေါ့။ အခု လောလောဆယ် ဈေးကွက် ပျောက်သွားတယ်။ တအိတ်ကို ကျပ် ၁၀၀၀ လောက် လျှော့ရောင်းနေရတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ဆန်ကွဲ ပါဝင်ခြင်း မရှိ၍ အရည်အသွေး ကောင်းသော ဆန်ကြမ်းများကို တရုတ်နှင့် EU ဈေးကွက်မှ ဝယ်ယူမှု ရှိပြီး ယခု ရက်ပိုင်း အတွင်း တရုတ် နှစ်သစ်ကူး နီးလာသောကြောင့်လည်း နယ်စပ်မှ တရုတ်သို့ ဆန်တင်ပို့မှုမှာ အနည်းငယ် လျော့ကျ လာကြောင်း ဦးသန်းဦး က ပြောသည်။
ထို့ကြောင့် လက်ရှိတွင် ပြည်တွင်း ဆန်ဈေးကွက်၌ ဆန်ကြမ်း (ရှယ်စ) တအိတ်လျှင် ယခင် ၂၃၀၀၀ ကျပ်မှ ယခု ၂၂၀၀၀ ကျပ်အထိ လျှော့ဝယ်လာခြင်းများ ရှိနေသည်ဟု ၎င်းက ဆိုသည်။
ဦးသန်းဦးက“ပြိုင်ဘက် မရှိတော့ ဈေးချဝယ်တယ်။ ရှေ့လျှောက် နွေးစပါးလည်း ပေါ်တော့မှာ ဆိုတော့ မူဆယ် လမ်းကြောင်း သွားမယ့် သူတွေ ဝယ်ရင် စပါးဈေး နိမ့်ကျနိုင်တယ်။ တချို့ဆို ၂၅ မှတ် ပြန်ကြိတ်တယ်။ ရှယ်စ မကြိတ် တော့ဘူး။ ဈေးကွက် မရှိ လို့လေ။ တရုတ်နဲ့ ဥရောပ သွားတာတဲ့ ရှယ်စ ဈေးကျသွားတယ်”ဟု သုံးသပ် ပြောဆိုသည်။
လက်ရှိတွင် တရုတ်သို့ ပျမ်းမျှ တရက်လျှင် တရုတ် နိုင်ငံသို့ မူဆယ် ဆန် ကုန်စည်ဒိုင်မှ ဆန်အိတ်ရေ ၃ သောင်းခန့် သာ သွားကြောင်း ကုန်သည်များထံမှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က“တရုတ်နယ်စပ်မှာလည်း အရောင်းအဝယ် အေးနေတဲ့ ရပ် နေတဲ့ အနေအထား ရှိတော့ တခြားနိုင်ငံတွေကို ထိုးဖောက်ပြီးတော့ ရောင်းနိုင်ဖို့ ကျနော်တို့ နိုင်ငံတကာ အကူအညီတွေ အများကြီး လိုအပ်တယ်။ ကျနော်တို့မှာ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် ရှိတယ်။ ဒီနိုင်ငံ တွေက အများဆုံး ဆန်ဝယ်တဲ့ နိုင်ငံတွေ ဖြစ်တယ်။ အခုလည်း ဝယ်နေတယ်။ ဒီနိုင်ငံတွေကို G to G ညိုနှိုင်းပြီးတော့ ရောင်းချဖို့ အနေအထား ရှိတယ်။ အဲဒီလိုပဲ ကျနော်တို့ က တရုတ်နိုင်ငံနဲ့ အာဖရိက နိုင်ငံတွေနဲ့ ဆွေးနွေးရမယ်”ဟု ပြော သည်။
ဈေးကွက်သစ် ရှာဖွေမှု အနေနှင့်လည်း အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေရှ့်အပြင် အာဖရိက နိုင်ငံများထဲမှ ထပ်မံ ဝယ်ယူနိုင်သည့် အလားအလာ ရှိသည့် ဝယ်လက်များကို ရှာဖွေ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ယင်းအပြင် ယခုနှစ် ဆန်တင်ပို့ရာတွင် Action Plan တခု ထွက်လာအောင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ညိုနှိုင်းပြီး ဆွေးနွေး ဆောင်ရွက်ရန် ရှိကြောင်းလည်း စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။
အဆိုပါ Action Plan တွင် ဆန်စပါး ထုတ်လုပ်မှု အရည်အသွေး သတ်မှတ်ချက်များနှင့် ဈေးကွက်သစ် ချိတ်ဆက်ရန် အတွက် သတင်း အချက်အလက် သုတေသန လုပ်ဆောင်မှုများ ပါဝင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပ နိုင်ငံများသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော်နှင့် ပမာဏ အများဆုံးတင်ပို့ နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ထားသောကြောင့် တန်ချိန် ၂ သန်း ပြည့်မီရန်ပင် ကြိုးစား လုပ်ဆောင်ရမည့် အခြေအနေ ဖြစ်နေကြောင်းလည်း အထက်ပါ ဝန်ကြီးဌာနက ဆိုထားသည်။